" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 29, 2020

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်

ဧရာဝတီ
By Bertil Lintner
29 January 2020
၂၀၁၉ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ / Reuters

တကမ္ဘာလုံး အတိုင်းအတာဖြင့် မီဒီယာတွင် ထပ်တလဲလဲပြောဆိုမှုများနှင့် ဒုက္ခသည်များကိုယ်စား စည်းရုံး လှုံ့ဆော်မှုများအရ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြား ဖြတ်အစီအမံများဆောင်ရွက်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း က အံ့အားသင့်စရာ ဖြစ် မလာခဲ့ပါ။

ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေးအဖွဲ့ဖြစ်သော ICJ က မြန်မာနိုင်ငံအား ရခိုင်မြောက်ပိုင်းနေ မွတ်စ လင် များကို သတ်ဖြတ်ခြင်းနှင့် ထိခိုက် နစ်နာစေခြင်းများ ရပ်တန့်ရန်နှင့် “လူမျိုးတုံးသတ် ဖြတ်မှုကို တားဆီး ရန် အခွင့်အာဏာရှိသည့် အတိုင်းအတာ အားလုံး” ကို အကောင်အထည်ဖော်ရန် အမိန့်ချခဲ့သည်။

သတင်းများတွင် “တားမြစ်ကန့်သတ်သည့် အမိန့်” တခုနှင့် ဆက်စပ်ဖော်ပြကြသည့် အဆိုပါ စီရင် ချက်တွင် မြန်မာအစိုးရသည် ၎င်း၏စစ်တပ်က “လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် သို့မဟုတ် လူ မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ကြိုးပမ်း အားထုတ်ခြင်း မပြုရန်” ထပ်မံသေချာစေရမည် ဖြစ် ကြောင်း ပြောထားသည်။

တချိန်တည်းမှာပင် ICJ တရားသူကြီးများက ဆုံးဖြတ်ရသည့် အကြောင်းရင်းကို ရှင်းလင်းဖော်ပြရာ တွင် က နဦးစီရင်ချက်သည် အမှု၏ အဓိက အကြောင်းအရာများကို ကိုင်တွယ်သုံးသပ်ရာ၌ ကြိုတင် ၍ ဘက်လိုက် ဆုံးဖြတ်ခြင်း ဖြစ်လိမ့်မည် မဟုတ်ဟု အလေးပေး ပြောကြားခဲ့ကြသည်။ အဓိပ္ပါယ်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ/မရှိကို ၎င်းတို့ မဆုံးဖြတ်ရသေး ဟူ၍ ဖြစ်သည်။

တရားရုံးက အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ICJ တွင် တရားစွဲဆိုပေးသည့် ဂမ် ဘီယာ နိုင်ငံ၏ တောင်းဆိုချက်ထက် ကျော်လွန်၍ မြန်မာနိုင်ငံကို ၄ လ အတွင်း တရားရုံး၏ ဆုံး ဖြတ်ချက်နှင့် အညီ လိုက်နာဆောင်ရွက် မှုနှင့် ပတ်သက်၍ အစီရင်ခံရန် နှင့် ထို့နောက်တွင် ၆လ ကြာမြင့်တိုင်း အစီရင်ခံ စာ ပေးပို့ရန် အမိန့်ချခဲ့သည်။

ကနဦး ဆုံးဖြတ်ချက်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်တာဝန်ရှိသူ များက တာဝန်ခံရန် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ပိုမိုတိုးပွားစေ မည်ဖြစ် သော်လည်း တိုင်း ပြည် ၏ ခေါင်းဆောင်များက သူတို့၏ ငြင်းပယ်သည့် အနေအထားကိုပိုမိုနက်ရှိုင်း စွာ ဆုပ်ကိုင်လာစေမည့် အကြောင်းတခုလည်း ဖြစ်လာဖွယ်ရှိပါသည်။

ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးသူများနှင့် အဖွဲ့များ၏ သမာသမတ်ကျမှုနှင့် ယုံကြည်စိတ်ချရမှုနှင့် ပတ် သက်၍ မြန်မာလူထု၏ ရှိနေပြီးသော သံသယအပေါ်ကိုလည်း သက်ရောက်ဖွယ်ရာ ရှိပါသည်။ ကုလ သမဂ္ဂ၏ သုံး သပ်မှု အမျိုးမျိူးနှင့် ရိုဟင်ဂျာများနှင့်ပတ်သက်သော ထုတ်ပြန် ကြေညာချက် များအ ပေါ် သံသယ ရှိနေခဲ့ကြ ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တုန့်ပြန်သည့် အ နေဖြင့် ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစောင်တွင် ဖိလစ်ပိုင်နိုင်ငံ ခြားရေး ဝန်ကြီးဟောင်း Rosario Manalo ဦး ဆောင်သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကို ရည်ညွှန်းခဲ့ သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည့် ICOE ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က “နယ်မြေ ရှင်းလင်းရေး” လုပ်ဆောင်မှုများအတွင်း တပ်မတော်က အရပ်သား အများအပြား ကို သတ်ဖြတ်ခဲ့ သော်လည်း လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်မရှိကြောင်း အသိအမှတ် ပြုဖော်ပြခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး “၎င်းတို့ ကို ယခုအခါတွင် မြန်မာနိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ စနစ်များအရ စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူအပြစ်ပေး မှု များ ပြုလုပ်နေကြောင်း” ဖော်ပြထားသည်။

 ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက် နိုင်ငံတကာတရားရုံးရှေ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြိုဆိုနေသူများ/Reuters

ထို့ကြောင့် ICOE ၏ အစီရင်ခံစာနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံနှင့်ပတ် သက် သော ကုလသမဂ္ဂ၏ လွတ်လပ်သည့် အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ (IIFFMM) ၏ တွေ့ရှိ ချက်များနှင့် လုံးဝ ဆန့်ကျင် ကွဲလွဲနေသည်။ ရိုဟင်ဂျာများ အပေါ်တွင် “လူမျိုးတုန်းသတ်ဖြတ် မှု ဆိုင်ရာ ခြိမ်း ခြောက်မှု တခု ဆက်လက်ရှိနေသည်” ဟု IIFFMM က ပြောဆိုထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တဦးတည်းနီးပါး အနေဖြင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ၂၂ ရက် နေ့ က ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံက ခန့်အပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တွေ့ ရှိချက်များကို ကြိုဆိုကြောင်းနှင့် ၎င်းတို့အပေါ် မြန်မာအစိုးရ၏ အပြုသဘောဆောင်သည့် တုန့်ပြန်မှုသည် “တာ ဝန်ခံမှုရှိစေရန် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ကြိုးပမ်းမှုတွင် သိသာထင်ရှားသည့် တိုးတက်မှုတခု ဖြစ် သည်” ဟုဂျပန် နိုင်ငံက ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

ထင်ရှားသည်မှာ ICJ သည် ၎င်း၏ ညွှန်ကြားချက်များနှင့် စီရင်ချက်များကို အကောင်အထည်ဖော်စေရေး လုပ်ပိုင် ခွင့်မရှိပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့်သာ ဆိုင်သည်။ လုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ ဦး မှ ၂ ဦး ဖြစ်သော ရုရှားနှင့် တရုတ်တို့က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် တိုက်ရိုက် ဒဏ်ခတ် အ ရေးယူမှုပြုရန် မည်သည့်လုပ်ဆောင်မှုကိုမဆို ဗီတိုအာဏာသုံး၍ ပယ်ချရန် လုံးဝ သေချာသ လောက်နီးပါး ဖြစ် သည်။

ထို့ကြောင့် ICJ ၏ ပဏာမဆုံးဖြတ်ချက်က အနှစ်မပါသော ဟန်သက်သက်သာ ဖြစ်ကြောင်း တွေ့လာရနိုင် ပါ သည်။ ထို ကာလအတွင်းမှာပင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ အပေါ် ယုံကြည်ကိုးစားနိုင်မှုနှင့် သူတို့ ၏ အကဲဖြတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အရေးပါသော ဂျာနယ်လစ်များနှင့် အစိုးရမဟုတ်သော အဖွဲ့ အ စည်းများ (NGOs) ကြားတွင် အပါအဝင် သံသယများက တိုးလာနေသည်။

အဆိုပါ သံသယများက IIFFMM ၏ သံသယရှိဖွယ်ရာ သင်္ချာ ကိန်းဂဏန်းများ နှင့်အတူ စတင်ခဲ့သည်။ ကုလ သ မဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က “ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ တသန်းနီးပါး” နှင့်အတူ ရခိုင်ပြည်နယ်တွင်နောက်ထပ် ရိုဟင်ဂျာ ၆၀၀၀၀၀ ရှိကြောင်း ရည်ညွှန်းထားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကြေညာချက်က “မြန်မာနိုင်ငံတွင်မွတ် ဆလင် အများစု ဖြစ်သည့် ရိုဟင်ဂျာ ၆၀၀၀၀၀ ရှိနေသေးပြီး ၎င်းတို့ကို တိုင်းပြည်မှ ဖယ်ရှားရန် အစိုးရ ၏ အား ထုတ်မှုများ၏ ပစ်မှတ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်” ဟု ဆိုသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ရိုဟင်ဂျာ ၁.၆ သန်း အမှန်တကယ်ရှိပါသလား။ ထို့ အပြင် ကုလသမဂ္ဂ အနေဖြင့် (မွတ်ဆလင်မဟုတ်သော) အခြား ရိုဟင်ဂျာများလည်း ရှိသည်ဟု သွယ်ဝိုက်၍ ဆိုလိုချင် သည့် အသွင်ရှိနေသော “မွတ်ဆလင်အများစု ဖြစ်သည့် ရိုဟင်ဂျာများ” ဆိုသည့် အသုံးအနှုန်းကို မည်သည့် အ တွက်ကြောင့် အသုံးပြုခဲ့ပါသနည်း။

၎င်းတို့သည် ကုလသမဂ္ဂ ကြေညာချက်များနှင့် ဆက်စပ်နေသော မေးခွန်းများ ဖြစ်ပါသည်။ အခြေအနေ၏ သိမ် မွေ့သော ကွဲပြားမှု ပျောက်ဆုံးနေခြင်းက မြန်မာနိုင်ငံရှိ ပြည်သူလူထု၏အမြင်နှင့် ICJ ၏နောက်ဆုံးဆုံးဖြတ်ချက် အပေါ် ပြည်သူများက မည်သို့တုံ့ပြန်လိမ့်မည် ဆိုသည့် အပေါ်တွင် သိသာထင်ရှားစွာ သက် ရောက် စေပါလိမ့် မည်။

၂၀၁၇ ခုနှစ် ဒုက္ခသည် အကျပ်အတည်းကာလအတွင်း ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်များထဲမှ ဘင်္ဂါလီ စကား ပြော ဟိန္ဒူများကို ရည်ညွှန်းသည့် “ဟိန္ဒူ ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းက နိုင်ငံတကာ မီဒီယာ များတွင် ပေါ် လာသောအခါ မြန်မာနိုင်ငံရှိ ဟိန္ဒူအဖွဲ့အစည်းများက ဒေါသတကြီးတုံ့ပြန်ခဲ့ကြသည်။

“ မြန်မာ ဟိန္ဒူသမိုင်းမှာ ဒီအသုံးအနှုန်း ဘယ်တုန်းကမှ မရှိခဲ့ဘူး” ဟု ဟိန္ဒူခေါင်းဆောင်တဦး ဖြစ်သည့် ဦးလှ ထွန်း က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ တွင် ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။ မြန် မာနိုင်ငံမှ ဟိန္ဒူအဖွဲ့အစည်းများက ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) က ဟိန္ဒူများကို သတ်ဖြတ်ခဲ့ခြင်းအတွက်လည်း ပြစ်တင်ရှုတ်ချခဲ့သည်။

သို့သော်လည်း “မွတ်စလင် အများစုဖြစ်သည့် ရိုဟင်ဂျာများ” ဟု ရည်ညွှန်းခြင်းအားဖြင့် ကုလသမဂ္ဂက ရိုဟင်ဂျာ များကို မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူများ ကဲ့သို့ ဘာသာရေးအသိုင်းအဝိုင်း တခုထက် လူမျိုးစုတခု အ ဖြစ် ပို၍ သဘော သက်ရောက်စေရန် ထိထိရောက်ရောက် ပြုလုပ်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြသည့် ဒေသခံ သတင်းထောက်များကလည်း ၎င်း တို့နှင့် တွေ့ဆုံရာတွင် ဟိန္ဒူဘာသာဝင်များက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာများဟု မယူဆကြောင်း အခိုင် အမာ ပြောဆို ခဲ့ကြသည်။

မွတ်စလင်အရေအတွက်နှင့် ပတ်သက်၍ အစ္စရေးပညာရှင်နှင့်သံတမန်ဟောင်း Moshe Yegar က သူ၏ ၁၉၇၂ ခုနှစ် က လေ့လာမှုဖြစ်သည့် The Muslims of Burma တွင် ယခုအခါ သူတို့ အများစု နေထိုင်ရာ ဖြစ်သည့် ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် ခန့်မှန်းခြေအားဖြင့် ၃၀၀၀၀၀ ရှိကြောင်း ဖော်ပြခဲ့သည်။

Southern California တက္ကသိုလ်မှ ဘာသာဗေဒ ပါမောက္ခ Andrew Simpson ကလည်း ၂၀၀၇ ခုနှစ်က သူ ၏ လေ့လာမှုဖြစ်သော Language and Identity in Asia တွင် “စစ်တကောင်း ဒေသိယ ဘင်္ဂလီဘာသာ စကား အ မျိုးအစားတခု” ကို “ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကြားတွင် ပြောဆိုကြပြီး ၎င်းတို့သည့် အရေ အတွက်အား ဖြင့် သိန်းနှင့်ချီ၍ ရှိသည် ” ဟု ရေးသားခဲ့သည်။

               အဖွဲ့မှ သတ်ဖြတ်သွားသော ဟိန္ဒူတို့၏ ရုပ်အလောင်းများကို ပြန်တူးဖော်ခဲ့စဉ်/Reuters
 
ယခု ပြဿနာများ မဖြစ်ပွားမီအချိန်တွင် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့များကလွဲ၍ မည်သူကမျှ မွတ်စလင် တ သန်းကျော် ရှိသည်ဟု ပြောဆိုခဲ့ခြင်း မရှိပါ။

အကယ်၍ ၁.၆ သန်း ဆိုသော ကုလသမဂ္ဂ၏ ခန့်မှန်းချက် မှန်ကန်ပါက မွတ်စလင်များသည် ပြဿနာများ မဖြစ် ပွားမီ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ် လူဦးရေ ၃.၂ သန်း၏ တဝက် ဖြစ်သည်ဆိုသည့် အဓိပ္ပါယ်ဖြစ် နေသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အတိုင်း ဆိုလျှင် ရိုဟင်ဂျာများသည် ကချင်၊ ချင်း၊ ကယား၊ ပလောင်၊ ပအို့ဝ်နှင့် ဝ ကဲ့ သို့သော အဓိက တိုင်းရင်းသား လူနည်းစုများထက် အရေအတွက် ပိုမိုများပြားနေပြီး ရှမ်းနှင့် ကရင်ပြီး လျှင် တ တိယနေရာတွင် ရှိသည်။

ထိုသို့ မဖြစ်နိုင်သည်မှာ သေချာပါသည်။ ကုလသမဂ္ဂကိုယ်စားလှယ်များ ကိုယ်တိုင်ကပင် ကိန်းဂဏန်း များ က ဖောင်းပွနေကြောင်း ပုဂ္ဂလိက အနေဖြင့် ဝန်ခံခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ကုလသမဂ္ဂက ထိုအချက် များကိုပင် အသုံးပြုဆဲဖြစ်ပြီး နိုင်ငံတကာမီဒီယာများကလည်း ကျယ်ကျယ်ပြန့်ပြန့် ကိုးကားနေ ကြသည်။

မြန်မာနိုင်ငံ၏ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများနှင့် ပတ်သက်၍ အခြေခံကျသော ဗဟုသုတနှင့် ထိုးထွင်း သိမြင်မှု မရှိခြင်းကို IIFFMM အဖွဲ့ဝင်တဦး ဖြစ်သည့် သီရိလင်္ကာရှေ့နေ Radhika Coomaraswamy က အ ကောင်းဆုံး သရုပ်ဖော် ပြသခဲ့ပြီး ဖြစ်သည်။

၂၀၁၈ ခုနှစ်ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာတမ်းတစောင်တွင် Radhika Coomaraswamy က “လွတ် လပ်ရေး ရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံကို ခေါ်ယူခဲ့ပြီး ထိုညီလာခံတွင် အစိုးရ သစ်ကပြည် ထောင်စုမြန်မာ နိုင်ငံကို တည်ထောင်ရန် ရိုဟင်ဂျာများ အပါအဝင်တိုင်းရင်း သားလူနည်း စု များနှင့် ညှိနှိုင်းဆွေး နွေးခဲ့သည်” ဟုဆိုခဲ့သည်။

အမှန်တကယ်တွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး မရရှိမီ တနှစ် နီးပါး လိုသေးသည့် ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံ ကျင်းပခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးရသည့် အချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းက လုပ်ကြံခံခဲ့ရပြီးဖြစ်သည်။ ထို့ပြင် ပင်လုံ ညီလာခံတွင်ရိုဟင်ဂျာများကိုယ်စား ပြု တက်ရောက်ခဲ့ကြောင်း ဖော်ပြသည့် သမိုင်းမှတ်တမ်း အထောက်အထားလည်း မရှိပါ။

၂၀၁၈ ခုနှစ် မေလ ၁၄ ရက်က အခြားစာတမ်းတခုတွင် သူက “ပြည်နယ်တိုင်း”သည် ၁၉၄၇ ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထွက်ခွင့်ရှိပြီး ထိုအခွင့်အရေးကို ၁၉၅၇ ခုနှစ်တွင် ကျင့်သုံးနိုင် သည်ဟု အခိုင်အမာ ပြောကြား ခဲ့သည်။ အမှန်တကယ်တွင် ရှမ်းနှင့် ကရင်နီ (ကယား) ပြည်နယ်များတွင် သာ ထိုအခွင့်အရေးရှိပြီး လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာတွင် အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ၁၉၅၇ တွင်မဟုတ်ဘဲ ၁၉၅၈ တွင် ဖြစ်သည်။

                ICOE ၏ အပြီးသတ် အစီရင်ခံစာကို သမ္မတဦးဝင်းမြင့်ထံ ပို့ဆောင်စဉ်/ ဧရာဝတီ

ထိုအမှားများကို မထူးခြားသည့် အရေးမပါသော အသေးစိတ်များအဖြစ် လျစ်လျူရှု နိုင်သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံတွင် ကွဲပြားစွာ ထင်မြင်ယူဆခံရနိုင်ပြီး နိုင်ငံ၏ နက်ရှိုင်းစွာ ကွဲလွဲနေပြီးဖြစ်သော လူ့အဖွဲ့အစည်း တွင် ကွဲပြားခြားနားမှုများ ပိုမို ဖြစ်သွားစေနိုင်ပါသည်။

ICJ မှ ပဏာမဆုံးဖြတ်ချက်၏ အဓိကအန္တရာယ်က ထိုနေရာတွင် ရှိနေသည်။

ICJ ၏ စီရင်ချက် ထွက်မလာမီတွင် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မှ ကြားနေလေ့လာဆန်းစစ် သူများ က ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်ဖျားသော မြို့နယ် ၃ ခုမှ ရိုဟင်ဂျာများ သာ မက ယေဘုယျအားဖြင့် မွတ်စလင်များကို ပစ်မှတ်ထား “လက်စားချေ” သော အကြမ်းဖက်မှု လှိုင်းသစ် တခုကို ကြိုး ဖြေလွှတ်ပေးလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အလွန်ပြင်းထန်သည့် ဗမာ-ဗုဒ္ဓဘာသာ အမျိုးသားရေးလှုပ်ရှားမှုများ အရှိန်မြင့်တက် လာခြင်းအရ ၎င်းက ဖြစ်နိုင်ချေရှိသော ဇာတ်ညွှန်းတခု ဖြစ်သည်။ သူတို့ အများစုက မွတ်ဆလင် များကို နိုင်ငံ၏ ဗုဒ္ဓဘာသာ စရိုက်လက္ခဏာအတွက် ခြိမ်းခြောက်မှုတခု အဖြစ် မြင်ကြသည်။

သို့သော်လည်း နောက်ပိုင်းတွင် မည်သို့ ဖြစ်လာသည် ဖြစ်စေ ICJ ၏ ဇန်နဝါရီလ ၂၃ ရက် စီရင်ချက်သည် လူမျိုး တုံး သတ်ဖြတ်မှု စွပ်စွဲချက်အတွက် နောက်ဆုံးစီရင်ချက် ချမှတ်သည့် အချိန်မရောက်မီ နှစ်ပေါင်း များစွာ ကြာ မြင့်နေဦးမည့် ခက်ခဲရှုပ်ထွေးသော ဥပဒေရေးရာလုပ်ငန်းစဉ်၏ အစပိုင်းမျှသာ ဖြစ်ပါသည်။

တခုသေချာသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ရပ်တည်မှု အနေအထားနှင့် ဂုဏ်သိက္ခာအပေါ် ကုလ သမဂ္ဂ၏ နောက်ဆုံး ထိုးနှက်ပြီးသည့်နောက် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အရေအတွက် များပြား စွာ ပြန်လည်ပို့ဆောင်ရေး ဖြစ်နိုင်ချေမှန်သမျှက ယခင်ကာလများထက် ပို၍ အလှမ်းဝေး သွားဖွယ်ရာ ရှိပါသည်။

(Asia Times ပါ Bertil Lintner ၏ ICJ ruling shows Rohingya crisis rights and wrongs ကို ဆီလျော် အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

Link : Here

No comments:

Post a Comment