ပထဝီအနေအထား
ဆူဒန်နယ်သည် ပထဝီဝင်အရဆိုသော် အာဖရိကတိုက် မြောက်ပိုင်းအလယ်၌ ဆဟားရားနှင့် လစ်ဗျန်သဲကန္တာရ တို့၏ တောင်ဘက်တွင် တည်ရှိ၍ အာဖရိကတိုက်အနောက်ဘက် ကမ်းခြေမှ အီသီအိုးပီးယား တောင်တန်းများအထိ မိုင် ၄ဝဝဝ ခန့်ဖြတ်သန်းလျက်ရှိသည်။ အနံအားဖြင့် မိုင် ၁ဝဝဝ နီးပါး ခန့်အထိ ရှိသည်။ အကျယ်အဝန်းမှာ စတုရန်း မိုင် ၂ သန်း ခန့်ရှိ၍ လူဦးရေမှာ ၄ ကုဋေခန့်ရှိ၏။ ဤနယ်အတွင်း ပြင်သစ်ပိုင် အနောက်အာဖရိကနယ်ပယ်များ၊ ဗြိတိသျှပိုင် အနောက်အာဖရိကနယ်သစ်များနှင့် ယခင်က အင်္ဂလိုအီဂျစ်ရှင် ဆူဒန်ဟုခေါ်ခဲ့သော ဆူဒန်သမ္မတနိုင်ငံတို့ ပါဝင်၏။ ထို့ပြင် ဆင်နီဂေါမြစ်ဝှမ်း၊ နိုင်းဂျားမြစ် အလယ်ပိုင်း၊ နိုင်းမြစ်ဝှမ်းနှင့် ချက်အိုင်ကြီးတို့ တည်ရှိရာဒေသများသည် ဤနယ်အတွင်းကျ ရောက်လေသည်၊ ကျယ်ပြန့်သောကြောင့်လည်းသဲကန္တာရ ၊ စတက်လွင်ပြင်နှင့် လွင်ပြင်ကြီးများစသည်ဖြင့် ဒေသအမျိုးမျိုး ရှိလေသည်။