The Use of Force အကြောင်း တစေ့တစောင်း
နိဒါန်း
၁၉၄၅ အလွန် ကမ္ဘာ့နိုင်ငံရေးလောကမှာ အချုပ်အခြာအာဏာ ကစားပွဲ (Sovereignty  Game) ဆိုတဲ့ သဘောတရားက ခေတ်စားလာခဲ့ပါတယ်။ နိုင်ငံတခုရဲ့ ရပ်တည်နိုင်မှု  (survival) ဟာ စစ်အင်အားဆို တာပေါ်မှာ မူတည်နေခဲ့တာကြောင့် ကမ္ဘာတလွှားမှာ  စစ်ပွဲတွေ၊ ကျူးကျော်သိမ်းပိုက်မှုတွေ၊ ကိုလိုနီနယ်ချဲ့ စနစ်  ကျင့်သုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ ရပ်တည်မှုဟာ  ကျူးကျော်စစ်တွေအပေါ် ခုခံစစ်စွမ်းပကား (defensive military capabilities)  တခုတည်းပေါ်မှာ မူတည်ခြင်း မရှိပဲ အချုပ်အခြာ အာဏာ (sovereignty) ကို  နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးမှုပေါ်မှာ မူတည်ရမယ်ဆိုတဲ့ သဘောတရားတွေ  ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားတွေအရ နိုင်ငံတခုကို အခြားနိုင်ငံတခုက  စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) အား ထိန်းချုပ်မှုတွေကို  Article 2 (4), Articles (39-51) of UN Charterနဲ့ Article 53 of the  Vienna Convention on the Law of Treaties 1969 တို့မှာ ဖော်ပြထားခဲ့ပါတယ်။
ဒီလို စစ်ရေးအင်အားအသုံးပြုမှုအား ထိန်းချုပ်ခြင်း (prohibition of the  Use of Force) ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ကမ္ဘာ့နိုင်ငံအသီးသီးက  လက်ခံကျင့်သုံးနေတဲ့ acceptable norm တခု ဖြစ်နေပေမယ့်လဲ  အကြောင်းကြောင်းအရရ စစ်အင်အားအသုံးပြုရတဲ့ အခြေအနေတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။  ဒါနဲ့ပတ် သက်ပြီး နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအစုအဖွဲ့တွေကနေ  နိုင်ငံတခုကို စစ်ရေးအင်အား အသုံးပြုမှုကို ဘယ်လိုအချိန်အခါ၊  ဘယ်လိုအခြေအနေတွေမှာ ပြုလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊  လေ့လာသုံးသပ်မှုတွေ ရှိလာပါတယ်။ အခုဒီဆောင်းပါးမှာ စစ်ရေးအင်အားအသုံးပြုမှု  (The Use of Force) နဲ့ ပတ်သက်တဲ့ Just War Doctrine နဲ့  လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention)  တွေကို ရေးသားတင်ပြပါမယ်။
Just War Doctrine
၂၀ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု စစ်ရေးအင်အားအသုံးပြုမှုတွေမှာ Just War  Doctrine ကို အသုံးပြုပြီး ဒီစစ် ပွဲတွေရဲ့ တရားမျှတမှုကို  လေ့လာဆန်းစစ်ကြပါတယ်။ Just War Doctrine သဘောတရားရဲ့ အခြေခံက laws of armed  conflict ရဲ့ functions နှစ်ခုဖြစ်တဲ့ jus ad bellum (lit. the law  towards war) နဲ့ jus in bello (lit. the law in war) တို့ပဲ ဖြစ်ပါတယ်။  jus ad bellum က နိုင်ငံတကာဆက်ဆံရေးမှာ စစ်ရေးအင်အား အသုံးပြုမှုကို  တတ်နိုင်သမျှ ရှောင်ရှားရန်၊ အသုံးပြုမှုအား ကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး၊  jus in bello ကတော့ မလွဲမရှောင်သာ စစ်ရေးအင်အား အသုံးပြုရတဲ့အခါ  စစ်ပွဲတွင်းမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ လျော့နည်းရန် ရည်ရွယ်ပါတယ်။
Just War Doctrine အရ စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို jus ad  bellum နဲ့ jus in bello ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ တိုင်းတာပါတယ်။ Jus ad  bellum criteria အရ နိုင်ငံတခုဟာ အခြားနိုင်ငံ တခုအပေါ်  စစ်ရေးအင်အားအသုံးပြုမှုဟာ တရားမျှတကြောင်း ဖော်ပြနိုင်ဖို့  တရားဝင်အာဏာ ပိုင် အဖွဲ့အ စည်း (legitimate authority), တရားမျှတသော  အကြောင်းရင်း (just cause), မှန်ကန်သော ရည်ရွယ်ချက် (right intention),  အောင်မြင်မှုအလားအလာ (chance of success), အချိုးအစား (proportionality),  နောက်ဆုံးနည်းလမ်း (last resort) ဆိုတဲ့ အချက် အများစုနဲ့ ပြည့်စုံရမှာ  ဖြစ်ပါတယ်။
စစ်ရေးအင်အားအသုံးပြုဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်  လိုအပ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့  ခွင့်ပြုချက်ရှိမှသာ နိုင်ငံတကာရေးရာမှာ စစ်ရေးအင်အား အသုံးပြုလို့ ရပါတယ်။  UN Charter Article 39 နဲ့ Article 42 အရ နိုင်ငံတနိုင်ငံဟာ  နိုင်ငံတကာငြိမ်း ချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်လာကြောင်း  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ရင်၊  ကုလသ မဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ နိုင်ငံတကာလုံခြုံရေးကို  ထိန်းသိမ်းဖို့အတွက် လိုအပ်မယ့် air, sea, land forces တွေကို အသုံးပြုရတဲ့  လုပ်ငန်းဆောင်တာတွေ ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် နိုင်ငံတကာ  လုံခြုံရေး ကို ထင်ထင်ရှားရှား ထိခိုက်မှု မရှိလို့ပဲဖြစ်စေ၊ ကုလသမဂ္ဂ  လုံခြုံရေးကောင်စီရဲ့ အားနည်း ချက်တွေကြောင့်ဖြစ်စေ၊ လုံခြုံရေးကောင်စီက  စစ်ရေးအင်အား အသုံးပြုမှု ခွင့်ပြုချက် မပေးနိုင်တဲ့ အခြေ အနေတွေ  ပေါ်ထွက်လာပါတယ်။
အဲဒီအခြေအနေတွေမှာ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့  နိုင်ငံတော်အစိုးရတွေအနေနဲ့ စစ်ရေး အင်အားကို အသုံးပြုရတဲ့ အခြေအနေတွေလဲ  ရှိလာပြန်ပါတယ်။ အထူးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို  ကာကွယ်ပေးရမယ့် အစိုးရကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို  ရန်ရှာ လာတဲ့ အခြေအနေတွေနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားပြိုလဲသွားပြီး၊  ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှု အပေါ် အခြေခံတဲ့ အုပ်စုတွေ အချင်းချင်း  သတ်ဖြတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့ အခြေအနေတွေမှာ ဖြစ်ပါတယ်။ ဒါနဲ့  ပတ်သက်ပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စစ်ရေးအင်အားသုံး  ၀င်ရောက်ဖြေ ရှင်းနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ  ဖြစ်ပွားလာရာကနေ The Right to Protect (R2P) သဘောတရားတွေပါ  ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။
Jus ad bellum criteria အရ ဒုတိယအချက်ကတော့ တရားမျှတသော အကြောင်းရင်း  (just cause) ဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှုကို ဖြစ်ပွားစေခဲ့တဲ့  တရားသော အကြောင်းရင်းတွေ ရှိဖို့ လိုအပ် ပါတယ်။ အထင်ရှားဆုံး  အကြောင်းရင်းကတော့ မိမိကိုယ်ကို ကာကွယ်ခြင်း (self-defence) ပဲ ဖြစ်ပါတယ်။  နိုင်ငံတနိုင်ငံကို အခြားနိုင်ငံတခုက စစ်ရေးအရ တိုက်ခိုက်လာခဲ့ရင်  စစ်အင်အားအသုံးပြုပြီး ပြန်လည်တိုက် ခိုက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး  စစ်ရေးလေ့လာသူများအကြား အငြင်းပွားစရာ အချက်တခုကလဲ ထပ်မံပေါ်ထွက်လာပါတယ်။  နိုင်ငံတနိုင်ငံအနေနဲ့ မိမိနိုင်ငံကို တိုက်ခိုက်လာနိုင်ဖွယ်ရှိတဲ့  နိုင်ငံတနိုင်ငံကို စစ်ရေးအင်အားသုံး တိုက်ခိုက်မှု (preemptive  self-defence) ဟာ တရားမျှတသော အကြောင်းရင်း ဖြစ်ခြင်း၊ မဖြစ်ခြင်း  ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ အာဖဂန်နစ်စတန် နိုင်ငံကို တိုက်ခိုက်မှု ဟာ  ဒီသဘောတ ရားပေါ်မှာ အခြေခံထားပါတယ်။
နောက်ထပ် အချက်တခုကတော့ မှန်ကန်သောရည်ရွယ်ချက် (right intention) ပဲ  ဖြစ်ပါတယ်။ စစ်အင်အား အသုံးပြုမှုဟာ အာဏာလွန်ဆွဲဖို့အတွက် မဟုတ်ရပါဘူး။  စစ်ပွဲဖြစ်ပွားရာ နယ်မြေမှာ ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace)  နဲ့ လူသားလုံခြုံရေး (human security) ကို တည်ဆောက်နိုင်ရေးအတွက်  ဖြစ်ရပါမယ်။ ဒီအချက်နဲ့ စစ်အင်အား အသုံးပြုမှုရဲ့ တရားမျှတမှုကို  တိုင်းတာသုံးသပ်ကြပါတယ်။
နောက်ထပ်ထင်ရှားတဲ့ အချက်ကတော့ အောင်မြင်နိုင်သော အလားအလာ (chance of  success) ဖြစ် ပါတယ်။ ၂၁ ရာစုမှာ သူရဲကောင်းဝါဒ (heroism) ကို အခြေခံတဲ့  suicide missions တွေကို ပြည်တွင်း စစ်တွေနဲ့  အကြမ်းဖက်တိုက်ခိုက်မှုတွေမှာပဲ အသုံးပြုလေ့ရှိကြပါတယ်။ စနစ်တကျ  လေ့ကျင့်ပေးထားတဲ့ ပရော်ဖယ်ရှင်နယ် စစ်တပ်တွေနဲ့ စစ်ရေးနားလည်သူတွေက  အောင်မြင်နိုင်သော အလားအလာ မရှိတဲ့ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း  မရှိကြပါဘူး။ တန်ဖိုးရှိပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် (valuable  and clear goals) တွေ မရှိပဲ စစ်အင်အားအသုံးပြုမှုဟာ တရားသော  စစ်မဟုတ်ပါဘူး။ စစ်ပွဲဆိုတာ တိုက် ခိုက်ရေးသမားတွေနဲ့  စစ်ပွဲဖြစ်ပွားရာနယ်မြေဒေသက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို  တိုက် ရိုက် ခြိမ်းချောက်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်နိုင်သော  အလားအလာကို တွက်ချက်သုံး သပ် မှုတွေနဲ့ ရည်မှန်းချက် သတ်မှတ်မှုတွေကို  စစ်ပွဲမစခင်ကတည်းက ပြုလုပ်ဖို့ လိုအပ်ပါတယ်။
နောက်ထပ်အချက်ကတော့ အချိုးအစား (proportionality) ဖြစ်ပါတယ်။  စစ်အင်အားအသုံးပြုမှုဟာ ခြိမ်းချောက်မှု၊ မတရားမှုတွေ ခံစားရမှုတွေအတွက်  မှန်ကန်သော အချိုးအစားနဲ့ အသုံးပြုမှုဖြစ်ဖို့ လိုအပ် ပါတယ်။  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံကို  စစ်အင်အားအသုံးပြု တိုက်ခိုက်ြ ခင်း မပြုလုပ်ခင်မှာ စစ်ပွဲ၏ ရလဒ်များ  (outcomes of war) ကို ချိန်ဆတွက်ချက်လေ့ရှိပါတယ်။ စစ်ပွဲ ရဲ့ရလဒ်တွေဟာ  စစ်ပွဲမတိုင်မီ အခြေအနေထက် ပိုပြီး ဆိုးကျိုးကို ဦးတည်စေရင်  စစ်ရေးအင်အားကို အ သုံးပြုခြင်း ပြုလုပ်လေ့မရှိပါဘူး။
နောက်ထပ်အချက်တခုကတော့ နောက်ဆုံးနည်းလမ်း (last resort) ဖြစ်ပါတယ်။  စစ်ပွဲကို ရှောင်ရှားနိုင်မယ့် အခြားနည်းလမ်းတွေဖြစ်တဲ့စီးပွားရေးပိတ်ဆို့အရေးယူမှု၊သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းမှု၊ constructive  engagement ပြုလုပ်မှုစတဲ့ နည်းလမ်းတွေနဲ့ လုံးဝအောင်မြင်မှု  မရှိနိုင်မှသာ စစ်ရေးအင်အား အသုံးပြုမှုကို ပြုလုပ်ကြပါတယ်။
jus in bello function (lit. the law in war) ကတော့ စစ်ဥပဒေတွေဖြစ်တဲ့  Geneva law နဲ့ Hague law တွေကို အခြေတည်ထားပါတယ်။ Geneva law က  စစ်ရေးပဋိပက္ခရဲ့ သားကောင်တွေကို ကာကွယ်ရေး အပိုင်းတွေနဲ့ ဆက်စပ်ပြီး၊ Hague  law ကတော့ စစ်ပွဲများ အသုံးပြုတဲ့ နည်းလမ်းတွေ၊ ဗျူဟာအခင်း အကျင်းတွေ၊  စစ်လက်နက် အသုံးပြုမှုတွေနဲ့ ဆက်စပ်ပါတယ်။ စစ်ရေးပညာရှင်များက jus in bello  နဲ့ ပတ်သက်ပြီး စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာဖို့  criteria နှစ်ခုကို အသုံးပြုပါတယ်။ ပထမတခုကတော့ အချိုးအစား  (proportionality) ဖြစ်ပြီး၊ ဒုတိယတခုကတော့ ခွဲခြားသတ်မှတ်မှု  (discrimination) ဖြစ်ပါတယ်။
အချိုးအစား ဆိုရာမှာ စစ်ဆင်ရေးနည်းလမ်း အသုံးပြုမှု အချိုးအစားဟာ  နိုင်ငံရေး၊ စစ်ရေးရည်မှန်း ချက်တွေနဲ့ အချိုးအစားညီမျှမှု ရှိခြင်းကို  ဆိုလိုတာဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှု မပြုလုပ်ခင်က ချမှတ်ထားတဲ့  စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ သွေဖည်ပြီး၊ collateral damage  ဖြစ်ပေါ်စေတဲ့ စစ် ဆင်ရေးနည်းလမ်းတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။  ခွဲခြားသတ်မှတ်မှု ဆိုတာကတော့ အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့်  အရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ရှိမရှိ ဆိုတာနဲ့  သက်ဆိုင် ပါ တယ်။ ဘယ်လိုစစ်ပွဲမှာပဲဖြစ်ဖြစ် အရပ်သားများနဲ့  စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ခွဲခြားသတ် မှတ်ချက် ရှိဖို့  လိုအပ်ပါတယ်။ ဒါဟာ အကြမ်းဖက်မှု (Terrorism) နဲ့ တရားသောစစ်ပွဲတွေကို  ခွဲခြားထားတဲ့ စည်းဘောင်တခုလဲ ဖြစ်ပါတယ်။
အခုဆက်လက်ပြီး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့  ပတ်သက်တဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian  Intervention) အကြောင်းကို ရေးသားတင်ပြပါမယ်။
Humanitarian Intervention 
နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအများစုကနေ တခြားနိုင်ငံတခုရဲ့  ပြည်တွင်းရေးကို လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်းဆိုတဲ့  မူလအခြေခံသဘောတရားမှာ non-military means တွေဖြစ်တဲ့ အရေးပေါ်ငွေကြေး၊  စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း၊ ကျွမ်းကျင်မှု တို့ဖြင့် ထောက်ပံ့ကူညီခြင်းနဲ့  သံတမန်ရေးရာ နည်းလမ်းများ၊ ပိတ်ဆို့အရေးယူမှု နည်းလမ်းများဖြင့်  လူ့အခွင့်အရေး မြှင့်တင်ခြင်း စတာတွေနဲ့ စစ်ရေး အရ ၀င်ရောက်စွက်ဖက်ခြင်း  (military intervention) တို့ပါ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့်  စစ်အေးတိုက် ပွဲအလွန် ကာလတွေမှာ non-military means တွေကို humanitarian aid  အနေနဲ့ပဲ သတ်သတ်မှတ်မှတ် ခေါ်ဆိုအသုံးပြုလာကြပြီး၊ humanitarian  intervention ဆိုတာကို military intervention တမျိုးအနေနဲ့ပဲ သတ်မှတ်  အသုံးပြုလာကြတာကြောင့် humanitarian intervention နဲ့ စစ်ရေးအင်အား  အသုံးပြုမှု (The Use of Force) တို့ဟာ ဒွန်တွဲလာပါတော့တယ်။
စစ်ရေးလေ့လာသူတွေက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုတာကို intervention  ဆိုင်ရာ အဆိုးမြင်ဝါ ဒီတွေနဲ့ အကောင်းမြင်ဝါဒီတွေ အပြိုင်အဆိုင်ကစားကွင်း  အနေနဲ့ သုံးသပ်ဖော်ပြကြပါတယ်။ Intervention optimism  (၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အကောင်းမြင်ဝါဒ) ဆိုတာက failed states တွေကို  နိုင်ငံတကာက ၀င်ရောက်ကူညီပြီး နိုင်ငံတော်သစ်ထူထောင်ပေးနိုင်မယ် လို့  ယူဆထင်မြင်ချက်ဖြစ်ပါတယ်။ Intervention pessimism (၀င်ရောက်စွက်ဖက်ခြင်း  ဆိုင်ရာ အဆိုးမြင်ဝါဒ) ဆိုတာကတော့ humanitarian crisis တွေကို နိုင်ငံတကာက  consent မပေးရင် ၀င်ရောက်စွက်ဖက် ထိန်းသိမ်းခွင့် မရှိဘူးဆိုတဲ့ အယူ အဆပါ။
ဒီလို အယူအဆကွဲပြားမှုတွေ ကြောင့် စစ်အေးတိုက်ပွဲလွန်ကာလမှာ  humanitarian intervention နဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ failures တွေ  အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ  အဆိုးမြင် ၀ါဒကြောင့် ရ၀မ်ဒါမှာ ရက်ပေါင်း၁၀၀ ကျော်အတွင်း  လူရှစ်သိန်းသေကြေပျက်စီးမှုကို နိုင်ငံတကာက ထိုင်ကြည့်နေခဲ့ကြရပါတယ်။  ဖြစ်ပွားချိန်မှာ UN Peacekeeping force ဖြစ်တဲ့ အင်အားနှစ်ထောင့်ငါးရာရှိ  United Nations Assistance Mission for Rwanda (UNAMIR) က အစိုးရနဲ့  အတိုက်အခံတွေအကြားက အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ဆိုတဲ့ တာဝန်နဲ့  ရ၀မ်ဒါနိုင်ငံတွင်းမှာ ရောက်ရှိနေချိန်ဖြစ်ပါတယ်။
ပြင်သစ်၊ အီတလီနဲ့ ဘယ်လ်ဂျီယံတပ်တွေကလဲ ပဋိပက္ခမှာ ပိတ်မိနေတဲ့  ဥရောပတိုက်သားတွေကို ကယ် တင် ဖို့ နိုင်ငံတွင်းကို ၀င်သွားခဲ့ကြပါတယ်။  အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ ရည်မှန်းချက် တာဝန် မရှိတဲ့ အတွက်  ဒီတပ်တွေအနေနဲ့ ရ၀မ်ဒါပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခြင်း  မပြုနိုင်ခဲ့ကြ ပါဘူး။ လူရှစ်သိန်းကျော်သေပြီးနောက်ပိုင်းမှသာ  ပြင်သစ်တပ်တွေက ရ၀မ်ဒါအနောက်ပိုင်းမှာ 
Humanitarian Protection Zone  သတ်မှတ်ဖို့ စစ်အင်အားသုံး ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါက  intervention pessimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တခု ဖြစ်ပါတယ်။
intervention optimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တွေလဲ ရှိပါသေးတယ်။  ၁၉၉၃ ခုမှာ ဆိုမာလီး ယားပဋိပက္ခကို ၀င်ရောက်ထိန်းသိမ်းဖို့ ပြုလုပ်ခဲ့တဲ့  UNOSOM II မှာ ဖြစ်ပါတယ်။ ဘာသာရေးအယူအဆ ပဋ္ဋိပက္ခတွေ၊ လူမျိုးစုပဋ္ဋိပက္ခတွေနဲ့  ပြည့်နှက်နေပြီး၊ လက်နက်ကိုင်အင်အားစု အများအပြားရှိနေတဲ့  ဆိုမား လီးယားနိုင်ငံမှာ နယ်မြေဒေသ အုပ်ချုပ်ရေးယန္တရားတွေဟာ စစ်ဘုရင်တွေ  (warlords) လက်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ပြည်တွင်းစစ်နဲ့  famine ဒဏ်တွေကြောင့် ဆိုမာလီးယား ပြည်သူလူထုဟာ ကြီးစွာသော ဒုက္ခတွေ၊  လူမှုဆင်းရဲတွေကို ခံစားနေကြရပါတယ်။ ဒါပေမယ့် စစ်ဘု ရင်တွေက humanitarian  aid ကို ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ ပြုလုပ်တာကြောင့် ယူအင်က ပါကစ္စ တန်  တပ်သား ငါးရာ အင်အားရှိတဲ့ Unite Nations Operations in Somalia (UNOSOM I)  ကို peacekeeping တာဝန်နဲ့ စေလွှတ်ခဲ့ပါတယ်။
သို့ပေမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့အတွက်  အမေရိကန်ဦးဆောင်တဲ့ United Task Force (UNITAF) က အင်အားသုံးသောင်း  ခုနစ်ထောင်ကျော်နဲ့ ၀င်ရောက်ပြီး demilitarized zones around aid  operations ဆိုတဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည် ဖော်ခဲ့ရပါတယ်။ ၁၉၉၃  ရောက်တော့ လုံခြုံရေးကောင်စီ resolution အရ UNITAF က  ရည်မှန်းချက်တာဝန်တွေကို (UNOSOM II) ကို လွှဲပြောင်းပေးခဲ့ရပါတယ်။  သို့ပေမယ့် UNOSOM II ကတော့ ပိုမိုကြီးလေးတဲ့ ရည်မှန်းချက်တာဝန်နဲ့  ဆိုမားလီးယားမြေပေါ်ကို ၀င်ရောက်သွားခဲ့ပါတယ်။ ကွဲပြားခြားနားနေသော ဆိုမာလီ  လက်နက်ကိုင် အင်အားစုများကို အင်အားသုံး လက်နက်ချခိုင်း၍ ဆိုမာလီးယား  နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ကူညီအားဖြည့်ရန် ဖြစ်ပါတယ်။ သို့ပေမယ့်  ဆိုမားလီးယားစစ်မြေပေါ်က ယူအင်တပ်တွေနဲ့ အခြေအနေက လအနည်းငယ် အတွင်းမှာတင်  အင်အားပြုန်းတီးမှုတွေ ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၉၉၅ ခုနှစ်မှာ  ရည်မှန်းချက်တာဝန် မပြည့်မှီပဲ ဆုတ်ခွာခဲ့ရပါတယ်။ ကနဦး UNITAF က  ဖြည့်ဆည်းထားတဲ့ demilitarized zones သတ်မှတ်ထားမှုတွေကိုပါ  ပျက်ယွင်းစေခဲ့ပါတယ်။ ဒါက intervention optimism ကြောင့် ဖြစ်ရတဲ့ failure  တခုပါ။
နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူလူထုအကြားမှာပဲ  ပဋိပက္ခတွေ ရှိနေခဲ့ရင် intervention လုပ်တာနဲ့ ထိရောက်ပေမယ့်၊ နယ်မြေဒေသ၊  လူမျိုးစုအပေါ်မှာ အခြေခံတဲ့ လက်နက်ကိုင်အင်အားစုတွေ ရှိနေရင်တော့  international intervention လုပ်ရုံနဲ့ မထိရောက်နိုင်ပါဘူး။  လူမျိုးစုတွေအကြားမှာ Reconciliation process ကို ဆယ်စုနှစ်ပေါင်းများစွာ၊  အခန့်မသင့်ရင် ရာစုနှစ်ပေါင်းများစွာ ပြုလုပ်နိုင်မှသာ  ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို  ဆိုမားလီးယားနိုင်ငံက သက်သေထူ ထားပါတယ်။ ဒါကြောင့်လဲ  လူမျိုးစုပဋ္ဋိပက္ခများရှိမှု၊ လက်နက်ကိုင်အင်အားစု အများအပြားရှိမှု စတဲ့  သွင်ပြင် လက္ခ ဏာတွေရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ယူအင်ရဲ့  ဆုံးဖြတ်ချက်တွေမှာ shadow of Somalia က ရိုက်ခတ်မှု ရှိနေတတ်ပါတယ်။  Humanitarian crisis တွေ ဖြစ်ပေါ်နေချိန်တွေမှာတောင်  စစ်ရေးအင်အား အသုံးပြုမှု မပါဝင်တဲ့ အခြားနည်းလမ်းတွေကိုပဲ  အသုံးပြုလေ့ရှိပါတယ်။
လုံခြုံရေးကောင်စီရဲ့ Resolution ဆိုတာ ဒီလို ၀င်ရောက်စွက်ဖက်မှုဆိုင်ရာ  အကောင်းမြင်ဝါဒ၊ အဆိုးမြင် ၀ါဒ အားပြိုင်မှုတွေ၊ shadow of Somalia  အကျိုးဆက်တွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ ဗွီအိုအာဏာ အသုံးပြုပြီး  ပါဝါဂိမ်းကစားမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့  သက်ဆိုင်တဲ့ ပထ၀ီနိုင်ငံရေး အခြေအနေ၊ အကြောင်းတရားတွေနဲ့ ဆက်စပ်နေတာကြောင့်  အားနည်းမှုတွေ အများအပြား ရှိလာပါ တယ်။ ဒါကြောင့်လဲ ဒီလိုအားနည်းချက်တွေကို  ကျော်လွှားနိုင်ဖို့ The Right to Protect (R2P) ဆိုတဲ့ သဘောတရား က  ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။
R2P ကို ပေါ်ထွက်လာစေခဲ့တဲ့ အဓိက တွန်းအားကတော့ ကိုဆိုဗို အရေးကြောင့်  ဖြစ်ပါတယ်။ ကိုဆိုဗို အရေးမှာ လုံခြုံရေးကောင်စီရဲ့  အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ဗွီတိုအာဏာကစားပွဲ ပြုလုပ်ကြ တဲ့အ တွက် ယူအင်က  ခွင့်ပြုထားခြင်း မရှိတဲ့ unilateral intervention တွေကို regional  organizations တွေနဲ့ တနိုင်ငံချင်းစီက ပြုလုပ်ခဲ့ကြရပါတယ်။ ဒါကြောင့်  ဒီလိုအဖြစ်မျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ပေါ်ထွက် လာခဲ့တဲ့ International  Commission on Intervention and State Sovereignty (ICISS) က The  Responsibility to Protect (R2P) ဆိုတဲ့ စာတမ်းကို ထုတ်ပြန်ပြီး၊  လူသားချင်းစာနာမှုအရ ၀င်ရောက်စွက် ဖက်မှုတွေပြုလုပ်ရန် လိုအပ်တဲ့  သင့်လျော်သော အချိန်ကာလတခုမှာ လုံခြုံရေးကောင်စီအနေနဲ့ လုပ်သင့် တဲ့  အရေးယူဆောင်ရွက်မှုကို ပြုလုပ်ဖို့ နှောင့်နှေးခဲ့ရင် General Assembly in  Emergency Special Sessions မှာ စဉ်းစားဖို့နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက  သင့်လျော်တဲ့ လုပ်ငန်းဆောင်တာတွေ ကနဦးဆောင်ရွက်ပြီးမှ  ယူအင်လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်ရယူဖို့ ဆိုတဲ့ alternative actions  တွေကို ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။
R2P ရဲ့ သဘောတရားက The Use of Force နဲ့ ပတ်သက်တဲ့ အခြေခံ  စည်းမျဉ်းတွေကို သတ်မှတ်ပေး ထားပါတယ်။ Just cause အနေနဲ့ လူအများအပြား  သေကြေပျက်စီးမှုနှင့် လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ထည့်သွင်းထားပါတယ်။  Humanitarian intervention ရဲ့ precautionary principles အနေနဲ့လဲ  မှန်ကန်သော ရည်ရွယ်ချက်၊ နောက်ဆုံးနည်းလမ်း၊ အချိုးအစားညီမျှသော  နည်းလမ်းနဲ့ သင့်တင့်လျောက် ပတ်သော အလားအလာတို့ကို ထည့်သွင်းထားပြီး၊  operational principles အနေနဲ့ ရှင်းလင်းပြတ် သားသော ရည်မှန်းချက်တာဝန်၊  rules of engagement နဲ့ common military approach တို့ကို  ထည့် သွင်းဖော်ပြထားပါတယ်။
နိဂုံး
နိဂုံးချုပ်ဖော်ပြရရင် ပဋိပက္ခတွေကို ငြိမ်းချမ်းသော နည်းလမ်းများ  (peaceful means) နဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အတွေးအခေါ်၊ အယူအဆတွေကို  ကမ္ဘာ့လူ့အဖွဲ့အစည်းတခုလုံးက လက်ခံခြင်း မရှိသမျှ ကာလပတ်လုံး  စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) ဆိုတာကတော့ ရှိနေဦးမှာပဲ  ဖြစ်ပါတယ်။ စစ်ပွဲတိုင်းဟာ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပေမယ့်  ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) ကို တည်ဆောက် ရတဲ့ စစ်ပွဲတွေကလဲ  မလွဲသာ မရှောင်သာ ကမ္ဘာပေါ်မှာ ရှိနေဦးမှာ အသေအချာပါပဲ။  စစ်အင်အား အပြိုင် အဆိုင်တိုးချဲ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး တွက်ချက်တဲ့  strategic calculus တွေ မှားယွင်းပြီး၊ pre-emptive self-defence  မဟာဗျူဟာနဲ့ စစ်ရေးအင်အား အသုံးပြုမှုတွေကလဲ ဖြစ်လာနိုင်ချေ ရှိနေဦးမှာပါ။
 ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း  မပြုတဲ့ နိုင်ငံတော်အစိုးရတွေ ရှိနေသမျှ ကာလတလျှောက်လုံးမှာလဲ စစ်ရေးအင်အား  အသုံးပြုမှု အလားအလာတွေ ရှိနေဦးမှာပါပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်  ဒီစစ်ရေးအင်အား အသုံးပြုမှု (The Use of Force) ဟာ Just War Doctrine နဲ့  Humanitarian Intervention သဘောတရားတွေနဲ့ ကိုက်ညီနေသမျှ ကာလပတ်လုံး  ကမ္ဘာ့လူ့အဖွဲ့ အစည်းအတွက် အကျိုးကျေးဇူးပြုစေမှာ ဖြစ်ပြီး၊ ဒီသဘောတရားတွေကို  ကျော်လွန်သွားတဲ့ အခြေအနေ ကာလ တခုမှာတော့ တတိယကမ္ဘာစစ်ကို ဦးတည် သွားစေမှာ  ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၁၊ ၃၊ ၂၀၁၁)
(စာရေးသူသည် ယူကေနိုင်ငံမှ စစ်မဟာဗျူဟာလေ့လာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့  ရရှိထားပြီး၊ စစ်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ  သုတေသီ တဦး ဖြစ်ပါသည်)
ရည်ညွှန်းကိုးကား။
Dower, N(2009)”The Ethics of War and Peace”, Polity Press, Cambridge, UK
Coppieters, B & Fotion, N(2002)”Moral Constraints On War: Principles and Cases”, Lexington Books, Maryland, US.
Elshtain, J.B.(2003)”Just War Against Terror”, Basic Books, New York, US.
Evans, M. (2005)”Just War Theory: A Reappraisal”, Edinburgh University Press, Edinburgh, UK.
Guthrie, C & Quinlan, M(2007)”Just War”, Bloomsbury Publishing, London, UK.
ICISS. The Responsibility to Protect. Supplementary Volume to the  Report of the ICISS. Ottawa: International Devlopment Research Centre,  2001.
Johnson, J.T(1981)”Just War Tradition and the Restraint of War”, Princeton University Press, Princeton, US.
Tanca, Antonio. Foreign Armed Intervention in Internal Conflict. Dordrecht: Martinus Nijhoff Publishers, 1993
United Nations. “United Nations Charter.” United Nations. 25 November 2008 <
www.un.org>.
Weiss, Thomas G. Humanitarian Intervention. Cambridge: Polity Press, 2007.