ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.05
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့တနင်္လာနေ့က အကြီးအကျယ် မီးလောင်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် Cox’s Bazar က ဘာလုခါလီ ဒုက္ခသည်စခန်းကနေ လူထောင်ချီနေရပ်ပြောင်းရွှေ့ထားရပြီး အပျက်အစီးတွေကြားမှာ သေဆုံးသူတွေရှိ၊ မရှိ တာဝန်ရှိသူတွေ ဒီကနေ့ဆက်ပြီး ရှာဖွေနေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘာလုခါလီဒုက္ခသည်စခန်းမှာ ဒီကနေ့နေ့လယ်ပိုင်းက စလို့ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်နေပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မီးလောင်ကျွမ်းမှု ပြင်းထန်လွန်းတဲ့အတွက် မီးဘေးလွတ်ရာကို ပြေးခဲ့ရတဲ့ မူဆလင်ဒုက္ခသည်မိသားစုတွေ အခုအချိန်အထိ လူစုကွဲနေကြသလို စခန်းတွင်းက ဒုက္ခ သည်တွေ ခိုလှုံရာ အိုးအိမ် စာသင်ကျောင်းနဲ့ ဆေးဝါးရိက္ခာထားတဲ့ အဆောက်အဦးတွေအပါအဝင် ပစ္စည်းပျက်စီးဆုံးရှုံးမှုကလည်း အတော်လေးကို ဆိုးဆိုးရွားရွားအခြေအနေမှာ ရှိနေတယ်လို့ ကိုယ်တိုင်မီးဘေးသင့်ခဲ့ရသူ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ဗွီအိုအေကိုပြောပြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။