" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 27, 2019

လူမျိုးတုံး သတ်ဖြတ်မှု GENOCIDE ကို လေ့လာခြင်း

The Voice


မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက ပြောကြဆိုကြစွပ်စွဲကြတဲ့အခါ သုံးနှုန်း တဲ့စကားလုံးတစ်ခု မကြာခဏ ကြားနေရမည် ထင်ပါသည်။ အစိုးရက လည်း ဒီစကားလုံးကို မသုံးဖို့၊ မဟုတ်ဘူး ဆိုတာကို ပြင်း ပြင်းထန်ထန် ကန့်ကွက်နေသည့် Genocide (ဂျီနိုဆိုက်)ဆိုတဲ့ စကား လုံးပါ။ ဘာဖြစ်လို့ နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် နိုင်ငံတ ကာ မီဒီယာများနဲ့ လူ့ အခွင့်အရေး တက်ကြွသည့်အဖွဲ့များ၏ ကိုယ့် ဘာသာ ခံယူ ထားသူ များက ဒီစကားလုံးကို အထူးပြုသုံးချင်ကြတာလဲ။ ဘယ်လို အဓိပ္ပာယ် သက်ရောက် လို့လဲ။ ဘာ ကြောင့် ဒီစကားလုံးကို မသုံးသင့်တာလဲ။ နိုင်ငံတကာအရေး လေ့လာသူများအနေနှင့် မဖြစ် မနေ သိသင့် သည့်စကားလုံးဖြစ်သော်လည်း သာမန်ပြည်သူများ အနေနဲ့ အတိမ်အနက်ကို နားလည်ချင်မှ နားလည်လိမ့် မည်။ သို့သော် အများက ဤကို ကျွဲဖတ်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်ဘက်က ကျွဲလား ဤလား ဘာကိုပြော နေတာ လဲ သိသင့်သည်ဟု မြင်ပါသည်။ အနည်းငယ် တူးဆွကြည့်မိပါသည်။

အဓိပ္ပာယ်နှင့် မူလဘူတ

ဂျီနိုဆိုက်ဆိုတာ မူလစကားလုံး လက်တင်ဘာသာစကား geno က လူသားမျိုးနွယ်၊ cide သတ်ဖြတ်ခြင်းဟု ဆို လိုပြီး လူမျိုးတုံး သတ်ဖြတ်ခြင်းဟု အများက အသုံးပြုကြပါသည်။ ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမနီတွေ ရဲ့လုပ် ရပ်တွေကို တုံ့ပြန် အရေးယူနိုင်ရန်အတွက် ဦးဆောင်လှုံ့ဆော်ခဲ့သည့် ပိုလန်လူမျိုး ရှေ့နေရာဖဲလမ် ကင်ကစတင် အသုံးပြုခဲ့ရာကနေ ဖြစ်ပေါ်လာသည်။ နောက်ပိုင်းတွင် ရာဖဲလမ်ကင်က နိုင်ငံတကာ ရာဇဝတ်မှုအဖြစ်သတ်မှတ် နိုင်ရန်အထိ လှုပ်ရှား ဆောင်ရွက်ခဲ့ရာမှ အစပြုကာ ၁၉၄၈ ခုနှစ်တွင် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူ စာချုပ်အဖြစ် ကုလသမဂ္ဂမှ အတည်ပြုနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ အနေနှင့် လည်း ၁၉၄၈ ဒီဇင်ဘာတွင် သဘော တူ လက်မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်သည်။ ၂၀၁၆ ဒီဇင်ဘာအထိ နိုင် ငံပေါင်း ၁၄၇ နိုင်ငံမှ သဘောတူ လက်မှတ် ထိုးထားပြီးဖြစ်သည်။ ၎င်းသဘောတူစာချုပ် အပိုဒ် ၂ တွင် ဂျီနို ဆိုက်ကို အောက်ပါအတိုင်း ဖွင့်ဆို ရှင်းပြထား ပါသည်။

ဂျီနိုဆိုက်ဆိုသည်မှာ နိုင်ငံသားတစ်မျိုး၊ လူမျိုးတစ်မျိုး၊ ဘာသာဝင် အုပ်စုတစ်စု၏ တစ်စိတ်တစ်ပိုင်း သို့မ ဟုတ် တစ်ခုလုံး ပျက်စီးစေရန်အလို့ငှာ ကျူးလွန်သော အောက်ပါလုပ်ရပ် တစ်ခုခုကို ဆိုလိုသည်။

a. အုပ်စုအဖွဲ့ဝင်လူများကို သတ်ဖြတ်ခြင်း၊

b. အုပ်စုအဖွဲ့ဝင် လူများကို ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ် ကျရောက်စေခြင်း၊

c. အုပ်စုလိုက် အသက် ရှင်တည်ရှိမှုကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ပျက်စီးစေခြင်းကို ဆိုးရွားစွာ သက်ရောက် ဖြစ်ပေါ်စေခြင်း၊

d. အုပ်စုအတွင်း မွေးဖွားမှုကို တားဆီးရန် ရည်ရွယ်သော အတားအဆီးများ ချမှတ်ဆောင်ရွက်ခြင်း၊

e. အုပ်စုတစ်စုမှ ကလေးများကို အခြားအုပ်စုသို့ အတင်းအဓမ္မ လွှဲပြောင်းခြင်း။

အထက်ပါဖွင့်ဆိုချက်ကို ကြည့်မည်ဆိုလျှင် ကျယ်ပြန့်ပြီး တိတိကျကျ ပြောဆို၍မရသောအချက်များ ဖြစ်နေတာ ကို တွေ့နိုင်ပါမည်။ အထက်ပါဖွင့်ဆိုချက်ကိုပင် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ဆိုင်ရာ ရောမ Statue တွင်လည်း ထပ်မံ အသုံးပြုခဲ့ပါသည်။ အဆိုပါ ဖွင့်ဆိုချက်များသည် သီးခြား အထူးတလည် မဖွင့်ဆို လျှင်တောင် မှ နိုင်ငံတစ်နိုင်ငံအနေနှင့် လိုက်နာရန် တာဝန်ရှိသည်များသာ ဖြစ်သည်ဟု ပြောဆိုကြသည် များလည်း ရှိသည်။ ထို့အပြင် လူသိများသော လူမျိုးတုံး သတ်ဖြတ်မှုဆိုသည့် စကားရပ်သည် အထက်ပါ ဖွင့်ဆိုချက်များထက်ပင် ပိုမို ကျယ်ပြန့်သည့်သဘော ရှိပါသည်။ အဖွဲ့အစည်းအလိုက် အသီးသီး ထပ်မံ အနုစိတ် ဖွင့်ဆိုထားသည်များ ရှိပါ သည်။ ဤဖွင့်ဆိုချက်တွင်တော့ အနည်းငယ် ကျဉ်းမြောင်းသည့်သဘော ရှိပါသည်။

အလားတူ အခြား အသုံးများသော စကားလုံးတစ်လုံးမှာ Ethnic Cleaning ဖြစ်သည်။ လူမျိုးတုံး ရှင်းလင်း ခြင်း ဟု ပြောလျှင်ရမည်။ ဂျီနိုဆိုက်နှင့် အလဲအလှယ် သုံးလေ့ရှိကြသည်။ ဒီစကားလုံးအတွက်တော့ သီးခြား တရား ဝင် သတ်မှတ် သဘောတူထားသည် မရှိသော်ငြား အတော်ပင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြ ပါသည်။

အဆင့်ရှစ်ဆင့်

ဂျီနိုဆိုက်ကို အဆင့်ရှစ်ဆင့်ဖြင့်လည်း တိုင်းတာကြည့်ကြသည်များ ရှိပါသည်။ အဆင့်အလိုက် ကြိုတင်တား ဆီး နိုင်သည်များကို အကြံပြုကြသည်။ သို့သော် အဆင့်များသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ချင်မှဖြစ်မည်။ တစ်ပြိုင် နက် တွေ့ရသည်များလည်း ရှိသည်။ အချို့က ရှေ့ပြေးလက္ခဏာများ ဖြစ်ကြသည်။ အချို့က ထပ်ကာထပ်ကာ ဖြစ်နေနိုင်သည်။

(၁) အဆင့်ခွဲခြားခြင်း - လူတွေကို လူမျိုးအလိုက်ဖြစ်စေ၊ ဘာသာအလိုက်ဖြစ်စေ ခွဲခြားခြင်းဖြစ်သည်။ အဓိက အားဖြင့် ငါတို့နဲ့ သူတို့ (us and them) ဆိုသည့် မတူညီသည့် စည်းသားလိုက်ခြင်း ဖြစ်သည်။ ရဝမ်ဒါတွင် ဟူတူ နှင့် တွတ်ဆီများအကြား ခွဲခြားကြခြင်းမျိုး။ အစွန်းတစ်ဖက်သို့ ရောက်လာသောအခါ အကြမ်းဖက်မှုများ ဖြစ်လာ တတ်သည်။ မတူကွဲပြားမှု၊ သည်းခံတတ်မှုများကို တွန်းအားပေးနိုင်သော အများနှင့်ဆိုင်သည့် အဖွဲ့အစည်းများ စနစ်တကျ ထူထောင်ကာ ဆောင်ရွက်သင့်သည်။

(၂) တံဆိပ်ကပ်ခြင်း - အဆင့် ခွဲခြားထားသူများကို တံဆိပ်ကပ်လိုက်သည်။ လူဖြူတွေ၊ လူမည်းတွေ၊ ဂျူးတွေ စသည်ဖြင့်။ အဆင့်ခွဲခြင်း၊ တံဆိပ် ကပ်ခြင်းလောက်ဖြင့်တော့ ဂျီနိုဆိုက် ဆိုသည့်အဆင့်ကို ရောက်မလာပါ။ အ ခြားသူများကို တစ်ဆင့်နိမ့် လူများအဖြစ် ဆက်ဆံသောအခါ အမုန်းတရားများ သွတ်သွင်းလာသောအခါမှသာ ဖြစ်လာသည်။ အခြားလူများကို နှိမ်ခေါ်သော စကားလုံးများကို ဥပဒေဖြင့် ပိတ်ပင်နိုင်သည်။ သို့သော် ယဉ်ကျေး မှုအရ မပြောင်းလဲနိုင်လျှင်တော့ မအောင်မြင်နိုင်။ ဟူတူဆိုသော စကားလုံးက နှိပ်သည်ဟု ယူဆကာ အစိုးရက တရားဝင် ပိတ်ထားသော အခြား ထိုအဓိပ္ပာယ်အတိုင်း အခြား အစားထိုး စကားရပ်တစ်ခု ပြောင်းလဲသုံးကြသည် သာ ရှိသည်။ ခွဲခြားခြင်းက ပျောက်မသွားနိုင်ပါ။

(၃) လူအဖြစ်မှ တစ်ဆင့်နှိမ့်ဆက်ဆံခြင်း - အုပ်စုတစ်စုမှ အခြား အုပ်စုတစ်စုကို လူလူချင်းဆိုသည့် တန်းတူ မ သတ်မှတ်ဘဲ ကိုယ့်ထက် တစ်ဆင့်နိမ့်သူများ၊ သို့မဟုတ် တိရစ္ဆာန်သာသာလူများအဖြစ် ရှုမြင်ကာ ဆက်ဆံခြင်း ဖြစ်သည်။ အဆိုပါ အပြုအမူများကို အမုန်းစကားများ၊ အမုန်းဝါဒ ဖြန့်ခြင်းများက ပံ့ပိုးပေးသည်။ ထို့ကြောင့် အ မုန်းစကားများကို ကြပ်မတ်စွာ ကိုင်တွယ် အရေးယူခြင်းသည် အလွန်ပင် အရေးကြီးသည်ဒီမိုကရေစီ၏လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရောထွေးခွင့် မပြုသင့်ပေ။

(၄) အဖွဲ့အစည်းဖြင့် ဆောင်ရွက်ခြင်း - လူမျိုးတုံး သတ်ဖြတ်မှုများသည် အဖွဲ့အစည်းဖြင့် စနစ်တကျဆောင်ရွက် ခြင်းများ ဖြစ်လေ့ရှိသည်။ အဖွဲ့အစည်းဆိုရာတွင် နိုင်ငံတော်က ကျူးလွန်သည် သာမက အခြား လက်နက် ကိုင် အဖွဲ့များ၊ သမားရိုးကျ မဟုတ်သော အဖွဲ့များကလည်း ကျူးလွန်နိုင်သည်။ အဆိုပါ ဖြစ်လာခဲ့လျှင် ကုလသမဂ္ဂမှ ထိန်းသိမ်းရေးတပ်များ စေလွှတ်ခြင်း၊ စုံစမ်းရေးကော်မရှင်များ ဖွဲ့စည်းကာ ဆောင်ရွက်ခြင်း များ ပြုလုပ်သင့် သည်ဟု နိုင်ငံတကာက ယူဆကြသည်။ လတ်တလော လုံခြုံရေးကောင်စီမှ ရခိုင်ပြည် နယ် အရေး အချက်အ လက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းသည် ဤသဘောဖြစ်မည်။

(၅) ဆန့်ကျင်ဘက် အုပ်စုများ ဖြစ်ပေါ်လာခြင်း - အုပ်စုအသီးသီး အတွင်းမှ အစွန်းရောက်သူများ ပိုပြီး အုပ်စု ကွဲ ပြားအောင် ဖန်တီးကြသည်။ သတင်းမှားများကို အသုံးပြုကာ အမုန်းကို ပွားစေကြသည်။ ကိုယ့်အုပ် စုအတွင်းမှ အလယ်အလတ်သမားများကို ရန်ရှာခြင်း၊ သတ်ဖြတ်ခြင်းဖြင့် အသံတိတ်အောင် လုပ်ပစ်ကြသည်။ (ဥပမာ မောင် တောတွင် မွတ်ဆလင်များက သတင်းပေးဟု ယူဆသည့် မွတ်ဆလင်များကို သတ်ဖြတ် ခြင်းမျိုး) အလယ်အ လတ်သမားများကသာ ပြဿနာကို ပြေလည်စေမည့်သူများ ဖြစ်သည်။ ထိုအတွက် လုံ ခြုံ ရေး ခိုင်မာစေခြင်း၊ အ စွန်းရောက်များကို အချိန်မီ တားဆီးခြင်းများကို ပြုလုပ်ရန်လိုသည်။

(၆) ပြင်ဆင်ခြင်း - လူမျိုး၊ ဘာသာအရ ဘယ်သူတွေဟာ ပစ်မှတ်လဲဆိုတာ သတ်မှတ်ပြီး သိသာစေတဲ့ အမှတ် အသားများ ဝတ်ဆင်စေခြင်း မျိုးဖြစ်သည်။ နာဇီများက ဂျူးများကို အဝါရောင် တံဆိပ်များ ဝတ်ဆင် စေခြင်း မျိုး ဖြစ်သည်။ တချို့ အခြေအနေတွင်တော့ လူများကိုသီးသန့် တစ်နေရာတည်းတွင် သီးခြားစုပြုံ ထား ခြင်းမျိုး ဖြစ် သည်။ ဒီအဆင့် ရောက်လာလျှင်တော့ လူမျိုးတုံး သတ်ဖြတ်မှု အရေးပေါ် အခြေအနေဟု ပြော၍ရမည်။ ဒီအနေ အထားဆိုလျှင်တော့ လုံခြုံရေးကောင်စီမှ ပါဝင်ပတ်သက်ကာ နိုင်ငံတကာ စစ်ရေးအရေးယူမှုများပါဝင်လာတော့ မည်ဖြစ်သည်။ ကိုဆိုဗိုသို့ နေတိုးတပ်များ ဝင်ရောက်ခြင်းမျိုး ဖြစ်သည်။

(၇) ရှင်းလင်း သုတ်သင်ခြင်း - ဂျီနိုဆိုက်ဟု အတိအကျ ခေါ်ဆို၍ရမည့်အဆင့်အဖြစ် အစုလိုက် အပြုံလိုက် သတ် ဖြတ်ခြင်းမျိုး ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံ အုပ်စုတစ်စုနှင့်တစ်စု အပြန်အလှန် သတ်ဖြတ်ကာ ပိုပြီး ဆိုးလာ ခြင်း မျိုးလည်း ရှိသည်။ ထိုအခြေအနေတွင် စစ်ရေးအရ အရေးပေါ် ဝင်ရောက်နိုင်မှသာ တားဆီးနိုင်မည့် အနေ အထားဖြစ်သည်။ အချို့အခြေအနေတွင် အန္တရာယ်ကင်းသော နယ်မြေ (Safe Zone) များ တည် ထောင်ပေးခြင်း မျိုး ပါဝင်မည်။ ယခု ရခိုင်ပြည်နယ်အရေးတွင် မွတ်ဆလင် အသိုက်အဝန်းမှ တောင်းဆို သော Safe Zone ဆို သည်မှာ ဤစဉ်းစားချက်မှ လာသည်လား စောကြောသင့်သည်။

(၈) ငြင်းပယ်ခြင်း - ဤအဆင့်သည် လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပေါ်လာပြီးတိုင်း၊ အကြမ်းဖက်မှုဖြစ်ပြီး တိုင်း လိုက်ပါလာလေ့ ရှိသည်။ ဘယ်သူက လုပ်ခဲ့တယ်၊ ဘာတွေ လုပ်ခဲ့တယ် ဆိုတာကို တာဝန်ခံမည့်သူ မရှိဘဲ ငြင်း ပယ်လေ့ ရှိကြသည်ချည်းသာ ဖြစ်သည်။ ငြင်းပယ်၍ရအောင်လည်း ပြုလုပ်ကတည်းက လက်စ လက်န မကျန် အောင် ရှင်းလေ့ရှိကြသည်ဟု လေ့လာမှုများက ပြဆိုနေပါသည်။ သမိုင်းတွင်လည်း လူအ နည်းငယ်ကိုသာတရား ရုံးဆီ ခေါ်ဆောင်လာနိုင်ပြီး အပြစ်ပေး အရေးယူနိုင်ခဲ့သည်။

သမိုင်းထဲက ဂျီနိုဆိုက်များ

ခေတ်သစ်လူ့သမိုင်းမှာ အရုပ်အဆိုးဆုံး ပြစ်မှုများကို လူသားများ ကျူးလွန်ခဲ့ကြသည်။ အချို့ကိုတော့ ရုံး တင် စစ်ဆေးကာ တရားမျှတမှုကို ရှာဖွေနိုင်ခဲ့သော်လည်း အချို့ကတော့ လွတ်မြောက်နေခဲ့ကြသည်။ သမိုင်းအဖြစ်အ ပျက်များထဲမှ လူသိအများဆုံးဖြစ်ရပ်အချို့ကို ကောက်နုတ်ပြလိုပါသည်။

ဟိုလိုကပ် ဖြစ်ရပ်ဆိုး - နာဇီဂျာမနီများ ဂျူးလူမျိုးများအပေါ် ကျူးလွန်ခဲ့သော လူသားဖြစ်မှုကိုဆန့်ကျင်သည့်ပြစ် မှု (Crime Against Humanity) အတွင်း လူအသက် သန်းပေါင်းမျာစွာ သေကျေခဲ့ရသည်။ ထိုဖြစ် ရပ် များအ တွက် နုရင်ဘတ်ခုံရုံးကို ဖွဲ့စည်းစစ်ဆေးခဲ့ပြီး အပြစ်ပေး အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း အဓိက တရားခံ များကို မပြစ်မပေးနိုင်ခဲ့ဟု ဝေဖန်ခံခဲ့ရသည်။

ဘော့စနီးယားဖြစ်ရပ် - ကိုဆိုဗိုအရေးအခင်းဟု လူသိများသည့် ဖြစ်ရပ်အတွင်း ဆားဘီးယား ခေါင်းဆောင် များမှ လူအများအပြားကို သတ်ဖြတ်ခဲ့သည်ဟုဆိုကာ နိုင်ငံတကာတပ်များ ဝင်ရောက်ခြင်းကို ခံခဲ့ရသည့် အပြင် ရုံးတင် စစ်ဆေးခံကြရသည်။ အချို့က ခေါင်းခါငြင်းဆန်သော်လည်း အချို့ကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြသည်။ ဒီလိုပေါက်ကွဲ အကြမ်းဖက်မှုမျိုး ဘာကြောင့်ဖြစ်လာရသလဲဆိုသည့် မူလဘူတအ ကြောင်းရင်းများကို လေ့လာ သင့်လှသည်။

ရဝမ်ဒါ - ဟူတူနှင့် တွတ်ဆီ လူမျိုးစုနှစ်စုကြား အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်ကြရင်း လူ့အသက် ပေါင်း များစွာ (ခန့်မှန်း လူငါးသိန်းမှ တစ်သန်းခန့်) ကို ဒေါသများ အမုန်းတရားများအောက်တွင် စတေးခဲ့ကြ သည်။

ကမ္ဘောဒီးယား ခမာနီအုပ်စိုးမှု - ၁၉၇၀ ခုနှစ်များအတွင်း ပိုးပေါ့ဟု လူသိများသည့် အာဏာရှင်လက်ထက်၊ ခမာနီ အုပ်စိုးမှုအတွင်း လူ့အသက် ပေါင်းများစွာ (ခန့်မှန်း လူသုံးသန်းအထိ) ကို သေကျေစေခဲ့သည်။

ဆင်ခြင်ဖွယ်ရာများ

လူတစ်ယောက်အသက် သတ်သည်ပင် ရာဇဝတ်မှု မြောက်ပါသည်။ လူ့အသက်ပေါင်း များစွာကို မည်သည့် အ ကြောင်းရင်းခံပေါ်မှ သတ်သည်ဖြစ်စေ ရာဇဝတ်မှုထက်ဆိုးသော ရာဇဝတ်မှုသာ ဖြစ်ပါသည်။ ဂျီနိုဆိုက် ဖြစ်လာ ပါက နိုင်ငံတကာ ခုံရုံးအရ အရေးယူခြင်း၊ နိုင်ငံတကာ ထိန်းသိမ်းရေးတပ်များ ဝင်ရောက်ခြင်းအထိတွန်းအားပေး နိုင်ပါသည်။ ထိုအတွက် မဖြစ်အောင် ဆင်ခြင်ရမည်၊ ကာကွယ်ရမည်မှာ နိုင်ငံတိုင်း၏ တာဝန်ပင် ဖြစ်ပါသည်။ သို့သော် အခြေအနေ တစ်ရပ်တွင် နိုင်ငံအတွင်းရှိ လူအားလုံးကို ကာကွယ်ရမည့် နိုင်ငံတော် ကိုယ်တိုင် လူများ၏ ရန်သူဖြစ်သွားတတ်သည်များလည်း ရှိပါသည်အခြားတစ်ဖက်တွင်လည်းမြင်မြင်ရာလက်ညှိုးထိုးကာဂျီနိုဆိုက်ဟု အော်နေသည့်သူများ၏ စေတနာ အရင်းခံကို စေ့ငုကြည့်ဖို့ လိုပါသည်။ ဤမျှ နောက်ဆက်တွဲ ဆိုးကျိုးကြီးမား သော စကားလုံးကို နိုင်ငံရေး ထိုးနက်ရုံမျှအတွက် လွယ်လွယ်သုံး နေခြင်းသည် ယနေ့ နိုင်ငံတကာအသိုက်အဝန်း အတွက် ယုံကြည်မှုပျက်စရာသာ ဖြစ်သည်။ ဤစကား လုံးကို သုံးလိုက်ခြင်းဖြင့် မည်မျှလေးနက်သွားသည်ကို မြန်မာပြည်သူများအနေနှင့်လည်း သဘောပေါက် နားလည်သင့်ပါသည်။ မြန်မာပြည်အတွက် ပိုပြီး အသေးစိတ် ကျသော လေ့လာမှုများလုပ်ရန် လိုအပ်နေ သည်ဟုလည်း မြင်မိပါသည်။ အချို့အချက်များ (ဥပမာ အဆင့် ၁၊ ၂၊ ၃ တို့သည်) ဂျီနိုဆိုက် ဖွင့်ဆိုချက်ထဲ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငြိမ်းချမ်းသာယာသောအနာဂတ်လူ့ဘောင် တည်ဆောက်နိုင်ရန်အတွက် မဖြစ်မနေ တိုက်ဖျက်ကာကွယ်ရမည့် အချက်များသာ ဖြစ်ပါသည်။

လင်းငယ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */