" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 27, 2019

အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်းသည့် မြန်မာဘာသာ ပြန် ဝေါဟာရ(၂)ရပ်

အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်းသည့် မြန်မာဘာသာ ပြန် ဝေါဟာရ(၂)ရပ်

ဒေါက်တာမြင့်ဇံ

စာပေဗိမာန်ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲကို ဧပြီ ၂၉၊ ၃ဝ နှင့် မေ ၁ ရက်တို့မှာ ကျင်းပဖို့စီစဉ်ထားတယ် လို့ သိရပါတယ်။

ဘာသာပြန်စာတမ်းဖတ်ပွဲ မပြုလုပ်မီတစ်လခန့်အတွင်းမှာပဲ အပြည်ပြည်ဆိုင်ရာဥပဒေ (International Law) နှင့်စပ်လျဉ်း၊ ဆက်စပ်ဟန်ရှိပြီး အင်္ဂလိပ်ဘာသာစကားမှ မြန်မာဘာသာစကားသို့ ပြန်ဆိုထားတဲ့ (သို့မ ဟုတ်)  ဆီလျော်အောင်အသုံးပြုထားတယ်လို့ ယူဆဖွယ်ရှိပြီး လောလောလတ်လတ် သတင်းများ အ တွင်းမှာ ပေါ်ပေါက်နေတဲ့ စကားရပ်နှစ်ရပ်အကြောင်းကို တင်ပြလိုပါတယ်။

၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းမှ 'နိုင်ငံရဲ့ ပိုင်ဆိုင်မှု' အသုံးအနှုန်းနှင့် အပြည်ပြည်ဆိုင်ရာလူ့အ ခွင့် အရေးဥပဒေရှိ Self-determination အယူအဆ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အ ထိမ်း အမှတ်မှာ ပြောကြားသည့်မိန့်ခွန်းထဲက စာပိုဒ်တစ်ပိုဒ်က-


ဒီလိုပြည်သူနဲ့အတူ လျှောက်သွားချင်တဲ့အခါမှာ အခုခေတ်ပေါ့နော်။ အဲဒါ နိုင်ငံရဲ့ ပိုင်ဆိုင်မှုပေါ့။ ပြောချင် တာက နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကိုယ့်ရဲ့ကိစ္စတွေ၊ ကိုယ့်ရဲ့ပြဿနာတွေ၊ ကိုယ့်ရဲ့တိုးတက်မှုတွေအတွက်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူပိုင်ခွင့် ရှိရမယ်။ လုပ်ပိုင်ခွင့်ရှိရမယ်။ ပိုင်ဆိုင်မှုပေါ့။ ဒါပေမယ့် ပိုင်ဆိုင်မှုဆို တာ ကလည်း တစ်ချိန်တည်းမှာပဲ တာဝန်ယူမှုလို့လည်း ပြောလို့ရပါတယ်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ကြေးမုံသတင်းစာ ၃၁ မတ် ၂ဝ၁၇ စာမျက်နှာ (၇)။ စာလုံးမည်းဖြင့် ဖော်ပြထားမှုမှာ စာရေးသူ၏ဖော်ပြချက် ဖြစ်ပါတယ်။)

အထက်ပါစာပိုဒ်ကို ၁ ဧပြီ ၂ဝ၁၇ The Global New Light of Myanmar သတင်းစာ စာမျက်နှာ(၈)မှာ အင်္ဂလိပ်ဘာသာပြန်ထားတာက

In commencing on this journey together, I would like to introduce a well-known term "ownership by the country". Every country must take ownership and be accountable for its own affairs, solving problems and issues, and development i.e right to take actions and assume ownership. Ownership, at the same time demotes [sic denotes; သတိ demotes မဟုတ် denotes ဖြစ်ရပါမယ်။ ပုံနှိပ်အမှား]

('State Counsellor Daw Aung San Suu Kyi's Speech on the Occasion of the One Year Anniversary of the Government', 1 April 2017, page 8)

The Global New Light of Myanmar အင်္ဂလိပ်ဘာသာပြန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံမိန့်ခွန်း 'နိုင်ငံတ ကာမှာသုံးနေတဲ့ ဝေါဟာရတစ်ခုပေါ့' ကို 'well-known term' လို့ ဘာသာပြန်ထားပါတယ်။ အပြည်ပြည် ဆိုင်ရာဥပဒေ လေ့လာသူတစ်ဦးအနေနှင့် သုံးသပ်၊ မှတ်ချက်ချခွင့်ရလျှင် 'well-known term' ထက် 'a term used internationally' လို့ ဘာသာပြန်လျှင် ပိုမိုဆီလျော်၊ သင့်တော်ပေလိမ့်မယ် ထင်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းပါ 'နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကိုယ့်ရဲ့ကိစ္စတွေ၊ ကိုယ့်ရဲ့ပြဿနာတွေ၊ ကိုယ့်ရဲ့တိုးတက်မှုတွေအတွက် တာဝန်ယူပိုင်ခွင့်ရှိရမယ်။ လုပ်ပိုင်ခွင့်ရှိရမယ်' ဆိုတဲ့စကားစု သို့မဟုတ် အ သုံး အနှုန်းနှင့်စပ်လျဉ်းပြီး စဉ်းစားမိတာက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ International Human Rights Law ရဲ့ သော့ချက်အယူ အဆတစ်ရပ်ဖြစ်တဲ့ 'the right of self-determination' ပါပဲ။ ယခုဆောင်း ပါးရေးနေချိန်အထိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံက အတည်ပြု၊ ပါဝင်ခြင်းမရှိသေးတဲ့၊ သက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုလသမဂ္ဂသို့ တရားဝင်အပ်နှံခြင်း မပြုသေးတဲ့ International Covenant on Civil and Political Rights, ICCPR ('ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်' ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဘာသာပြန်ထားပါတယ်)နှင့် International Covenant on Economic, Social and Cultural Rights (စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်) စာချုပ်နှစ်ခုစလုံးမှာ ပါဝင်တဲ့တစ်ခုတည်းသော ဘုံပုဒ်မ (common Article) က

All peoples have the right of self-determination. By virtue of that right they freely determine their political status and freely pursue their economic, social and cultural development.လို့ ကြေညာပြ ဋ္ဌာန်းထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ (၁)နိုင်ငံတကာမှာ သုံးနေတယ်ဆိုတဲ့ ပြောကြား ချက်နှင့် (၂)'ကိုယ့်ရဲ့တိုးတက်မှုတွေအတွက် ကိုယ့်ဘာသာကိုယ်တာဝန်ယူနိုင်ခွင့်ရှိရမယ်' ဆိုတဲ့ အသုံး အနှုန်းက ကမ္ဘာတစ်ဝန်းရှိ၊ ဒေသအသီးသီးရှိ လူထုအားလုံး peoples (ဗဟုအသုံးအနှုန်း)နှင့် ဆက်စပ် စဉ်း စားမိတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေမှာရော နိုင်ငံတကာ နိုင်ငံရေးအဝန်းအဝိုင်း (political milieu) မှာပါ အရေးကြီးတဲ့ အယူအဆတစ်ရပ်လည်းဖြစ်၊ 'လက်သုံးစကား' (oft-repeated phrase)လည်းဖြစ်တဲ့ the right of self-determination ကို ရည်ညွှန်းသုံး စွဲတယ်လို့ အသေအချာဆိုလိုခြင်းမဟုတ်ပါ။ သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပါ အထက် မှာကောက်နုတ်ဖော်ပြထားတဲ့ စာသားတွေကို ဖတ်ရှုပြီးတဲ့အခါမှာ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်နှစ်ရပ်စလုံးပါ တစ်ခုတည်းသော ဘုံပုဒ်မ 'All peoples have the right of self-determination' ဆိုတဲ့စာပိုဒ်ကိုတော့ ဆက်စပ်တွေးတောမိပါတယ်။ အင်္ဂလိပ်ဘာသာစကားနှင့်ရေး ထား တာက Peoples ပါ။ Peoples ဟာ အများသို့မဟုတ် ဗဟုသဘောဆောင်ပါတယ်။ ဒီတော့ peoples ကို s မပါ ဘဲရေးတဲ့ 'people' ကို ဘာသာပြန်သလို 'ပြည်သူ' သို့မဟုတ် 'လူထု' လို့ ဘာသာပြန်ဆိုခဲ့လျှင် Peoples ဆိုတဲ့ စကားလုံးကို ထိရောက် ပီပြင်စွာ ဖော်ပြတဲ့ ဘာသာပြန်ဆိုမှုတော့ မဟုတ်ဘူးထင်ပါတယ်။

ဒီတော့အထက်အင်္ဂလိပ်စာပိုဒ်ကို ဘာသာပြန်ကြည့်ရလျှင်-

ကမ္ဘာ့ဒေသတစ်ဝန်းရှိ ပြည်သူလူထုအများသည် မိမိတို့၏ 'ကြမ္မာ'ကို မိမိတို့ဘာသာ လွတ်လပ်စွာ လုပ် ဆောင် ဖန်တီးနိုင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးနှင့် စပ်ဆက်အခြေခံ၍ မိမိတို့၏နိုင်ငံရေးအဆင့် အခြေအ နေ တို့ကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်၊ ယင်းကမ္ဘာအရပ်ရပ်ဒေသရှိ ပြည်သူလူထု အပေါင်း တို့သည် မိမိတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လွတ်လပ် စွာရွေးချယ်ဆုံးဖြတ် ပိုင်ခွင့်ရှိသည်။

လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘာအရပ်ရပ်ရှိ ပြည်သူလူထုများအားလုံးမှာရှိတယ်လို့ အပြည်ပြည် ဆိုင် ရာ လူ့အခွင့်အရေး စာချုပ်နှစ်ရပ်ရဲ့ သော့ချက်ပုဒ်မပါ self-determination အယူအဆကို ကိုးကားရည် ညွှန်းခဲ့သလား၊ မရည်ညွှန်းခဲ့သလားဆိုတာကိုတော့ ဆောင်းပါးရှင် အသေအချာမသိပါ။ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် သုံးစွဲခဲ့တဲ့ 'နိုင်ငံတော်၏ ပိုင်ဆိုင်မှု'ဆိုတဲ့ စကားရပ်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေပါ self-determination အယူအဆကို ဆက်စပ်တင်ပြခြင်းသာဖြစ်ပါတယ်။

၂။ 'လူမျိုးစု လူမျိုးပြုတ်ပြုန်းသတ်ဖြတ်မှု'နှင့် Genocide

ဘီဘီစီသတင်းထောက် Fergal Keane က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူတွေ့မေးမြန်းခဲ့ရာမှာ Fergal Keane အပြည်ပြည်ဆိုင်ရာဥပဒေစကားအဖြစ် တစ်စိတ်တစ်ဒေသအားဖြင့်တော့ သတ်မှတ်နိုင်တဲ့ ethnic cleansing ဆိုတဲ့ စာပုဒ် သို့မဟုတ် စကားရပ်ကို မြန်မာဘာသာပြန်ဆိုတဲ့ အသုံးအနှုန်း တစ်ရပ်နှင့် ပတ်သက်ပြီး အနည်းငယ်တင်ပြလိုပါတယ်။

၂ဝ၁၇ ခုနှစ် ဧပြီ ၇ ရက်မှာ နိုင်ငံပိုင်သတင်းစာများ ဖြစ်ကြတဲ့ ကြေးမုံ နှင့် မြန်မာ့အလင်းသတင်းစာများမှာ Fergal Keane စတင်ပြောကြားခဲ့တဲ့ ethnic cleansing ကို 'လူမျိုးစု မျိုးသုဉ်းသတ်ဖြတ်မှု' သို့မဟုတ် 'လူမျိုး သုဉ်း သုတ်သင်ရှင်းလင်းမှု' လို့ ဘာသာပြန်ထားတာကို တွေ့ရပါတယ်။ (ကြေးမုံသတင်းစာ ၇ ဧပြီ ၂ဝ၁၇ စာမျက်နှာ ၅)

အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေမှာ ethnic cleansing နှင့် genocide ဆိုတဲ့ အသုံးအနှုန်းနှစ်ရပ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေအရ သဘောသဘာဝကွဲပြားတဲ့အသုံးအနှုန်း များ ဖြစ်ပါတယ်။ ဆောင်းပါးရေးနေချိန်မှာ စာတမ်းအကိုးအကား ရှာလို့မရတဲ့အတွက် တိကျတဲ့အကိုးအကားကို မရည်ညွှန်းနိုင်ပေမယ့် 'genocide'ဆိုတဲ့ အသုံးအနှုန်းကိုလည်း 'လူမျိုးပြုတ်ပြုန်းအောင် သတ်ဖြတ်မှု'နှင့် 'လူမျိုးစု မျိုးသုဉ်းသတ်ဖြတ်မှု'လို့ မြန်မာဘာသာ ပြန်ဆိုမှုများလည်း ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄၇ နိုင်ငံက လက်မှတ်ရေးထိုးအတည်ပြုထားတဲ့ ၁၉၄၈ United Nations Convention on the Prevention and Punishment of the Crime of Genocide အရ genocide ဟာ လူမျိုး (race)များ၊ လူမျိုးစု(ethnic or ethnical) များ၊ နိုင်ငံသူ နိုင်ငံသားများ (national) များနှင့် ဘာသာရေး/ သာသ နာ ဆိုင်ရာ (religious) အစုအဖွဲ့များ(groups)တို့ကို အပြည့်အဝအားဖြင့်ဖြစ်စေ၊ တစ်စိတ်တစ်ဒေ သ အား ဖြင့်ဖြစ်စေ (in whole or in part) ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် (with intention) သတ်ဖြတ်မှုများ (killing members of the group)၊ ယင်းအစုအဖွဲ့တို့ကို ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်နှင့်အန္တရာယ်တို့ဖြစ်အောင် လုပ်ဆောင်မှု (causing serious bodily or mental harm to members of the group)၊ ယင်းအစု အဖွဲ့များကို အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော် လည်း ကောင်း ပျက်စီးစေရန် တွက်ဆကြံစည်၍ ရည်ရွယ်ချက်ဖြင့် ယင်းအဖွဲ့အစည်းများ ဘဝမရပ်တည်နိုင် လောက် သည့် အခြေအနေများကို ဖြစ်ပေါ်စေမှု (deliberately in inflicting on the group conditions of life calculated to bring about its physical destruction in whole or in part) ယင်းအစုအဖွဲ့များအတွင်း ကလေးမွေးဖွားမှု၊ သားဖွားမှုများ မပေါ်ပေါက်စေရန် ရည်ရွယ်၍လုပ်ကိုင်ဆောင်ရွက်မှု (imposing measures intended to prevent births within the group)၊ အစုအဖွဲ့အတွင်းမှ ကလေးသူငယ်များကို အခြားအစု အ ဖွဲ့တစ်ခုသို့ အင်အားအသုံးပြု၍ အတင်း အကျပ်လုပ်ဆောင်မှုတို့ကို Genocide လို့ အဓိပ္ပာယ် သတ်မှတ်လို့ ၁၉၄၈ ခုနှစ်၊ Genocide ကွန်ဗင်းရှင်း ပုဒ်မ-၂ မှာ ပြဋ္ဌာန်းထားပါတယ်။ (ကုလသမဂ္ဂ ဝက်ဘ်ဆိုက် website https://treaties:un.org/pages/View/Details SRC=tnD&mtorsg no.iov1 မှသက်ဆိုင်ရာ အချက်အ လက်များကို ရယူပါတယ်။ ၁၉၅၆ ခုနှစ် မတ် ၁၄ ရက်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ယင်း ကွန်ဗင်းရှင်း ကို အတည်ပြုလက်ခံထားပါတယ်။)

ဒီတော့ genocide ကို 'လူမျိုး ပြုတ်ပြုန်းအောင် သတ်ဖြတ်မှု'လို့ ဘာသာပြန်ဆိုလျှင် ၁၉၄၈ ခုနှစ် Genocide ကွန်ဗင်းရှင်းပုဒ်မ-၂ ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အတိအကျ မကိုက်ညီပေဘူး။ အတိအကျသာ မက ယေဘု ယျအားဖြင့်ပင်လျှင် မပြည့်စုံဘူးလို့ ဆိုနိုင်ပါတယ်။

ဒီလိုရေးရခြင်းအကြောင်းက-

(၁) Genocide ကွန်ဗင်းရှင်းပါ 'အစုအဖွဲ့' (လူမျိုး၊ လူမျိုးစု၊ နိုင်ငံသူ၊ နိုင်ငံသား၊ ဘာသာရေးအစု အဖွဲ့များ ကိုသာ ဦးတည်ပြီး ယင်းအစုအဖွဲ့များတစ်ရပ်လုံး (သို့မဟုတ်) တစ်စုလုံးကို အပြည့်အဝသော် လည်း ကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း တမင်တကာ ရည်ရွယ်၍ လုပ်ဆောင်မှုများ သည်သာ ကွန်ဗင်းရှင်း (Convention အပြည်ပြည်ဆိုင်ရာစာချုပ်)မှာ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ genocide 'မည်' ပေတယ်။

(၂) ဒီအပြင်မှာလည်း အထက်ဖော်ပြပါအဖွဲ့များ (လူမျိုး၊ လူမျိုးစု၊ နိုင်ငံသား၊ ဘာသာရေးအဖွဲ့များ) မှအပ အခြားအဖွဲ့များ ဥပမာနိုင်ငံရေးအစုအဖွဲ့များ (political groups)နှင့် ယဉ်ကျေးမှုဆိုင်ရာ အစုအဖွဲ့များ (cultural groups)တို့ကို ပျက်ပြုန်းအောင် လုပ်ဆောင်ခဲ့မှုများဟာ Genocide ကွန်ဗင်းရှင်းပါ အခြားအဓိ ပ္ပာယ်သတ်မှတ်ချက်တို့နှင့် ဘယ်လိုပဲကိုက်ညီနေစေကာမူ နိုင်ငံရေးအစုအဖွဲ့များ၊ ယဉ်ကျေးမှုဆိုင်ရာ အစုအဖွဲ့များကို အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ဒေသပင်လျှင် ပြုတ်ပြုန်းအောင် သတ်ဖြတ်မှုများ ရှိခဲ့လျှင်ပင် ကွန်ဗင်းရှင်းပါ genocide အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီတဲ့အတွက် အပြည်ပြည်ဆိုင် ရာဥပဒေအရတော့ genocide လို့ မသတ်မှတ်နိုင်ပါဘူး။

(၃) 'အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု'(mass killings) တိုင်းဟာလည်း ကွန်ဗင်းရှင်းပါ genocide အဓိပ္ပာယ်သတ်မှတ်မှုပါ အချက်အလက် အားလုံးနှင့် အကျုံးမဝင်လျှင် genocide မဟုတ်ပါ။ ကွန်ဗင်းရှင်းပါ သတ်မှတ်ချက်အားလုံးနှင့်ညီတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည်သာ genocide မည်ပါတယ်။

(၄) အခြားတစ်ဖက်မှာလည်း သတ်ဖြတ်မှုများ လုံးဝမပါဝင်ဘဲ ဖော်ပြပါအစုအဖွဲ့များကိုသာ ဖျက်ဆီး၊ ပျက် သုဉ်းစေရန် ရည်ရွယ်ချက်ဖြင့် (က)ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြင်းစွာသောအနာတရ ဖြစ်စေမှုများ၊ (ခ)အစုအဖွဲ့များကို ပျက်စီးစေရန် လုပ်ဆောင်မှုများ၊ (ဂ)အစုအဖွဲ့အတွင်း ကလေးမွေးဖွားမှုများ မပေါ်ပေါက် စေရန်ဆောင်ရွက်မှုများ၊ (ဃ)အစုအဖွဲ့တစ်ခုမှ ကလေးသူငယ်တို့ကို အခြားအစုအဖွဲ့တစ်ခုသို့ အင်အားသုံး ၍၊ အတင်းအကျပ်ရွှေ့ပြောင်းစေခဲ့လျှင် သတ်ဖြတ်မှုများ မပြုလုပ်ခဲ့စေကာမူ ကွန်ဗင်းရှင်းပါ အခြားသတ် မှတ်ချက်များနှင့် ညီညွတ်လျှင် (ဒီအချက်ကိုတော့ အမြဲထည့်သွင်း၊ သတိမူဖို့လိုပါတယ်) ကွန်ဗင်းရှင်း အဓိ ပ္ပာယ်အရ genocide မည်ပါတယ်။

ဒီတော့ genocide ဆိုတဲ့ စကားရပ်ကို အပြည်ပြည် ဆိုင်ရာဥပဒေကြောင်းအရ အဓိပ္ပာယ်ဖွင့်ဆိုရလျှင် 'လူမျိုး ပြုတ်ပြုန်းအောင် သတ်ဖြတ်မှု' ဟာ မပြည့်စုံ မမှန်ကန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ (၁)genocide ရဲ့ ဦး တည် တဲ့အစုအဖွဲ့များဟာ လူမျိုး(racial)၊ လူမျိုးစု (ethnical, ethnic)တွင်သာမကလို့ပါပဲ။ ဒီတော့ လူမျိုး ပြုတ်ပြုန်းဆိုတဲ့ စကားစုဟာ လျော့နည်းပြီးဘာသာပြန်မှု (under inclusive translation) ဖြစ်နေပါတယ်။ ထို့နည်းအတူပဲ 'သတ်ဖြတ်မှု' ဆိုတဲ့ ဘာသာပြန်အပိုဒ်ဟာလည်း လျော့နည်းတဲ့ ဘာသာပြန် မှု ဖြစ်နေ ပါ တယ်။ 'သတ်ဖြတ်မှု' တစ်စုံတစ်ရာမျှမရှိဘဲ (ကွန်ဗင်းရှင်းပါ အခြားသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် genocide ဖြစ်နိုင်လို့ပါ။)

Genocide ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတိုင်းဟာ genocide မဟုတ်ပါ။ တစ်ခါ လူမျိုးပြုတ်ပြုန်းစေရန် သတ်ဖြတ်မှုများသာမက လုပ်ဆောင်မှုများကို ပြုလုပ်ခဲ့လျှင်လည်း genocide ဖြစ်နိုင်ပါတယ်။ 'လူမျိုး' ဆိုတဲ့ စကားရပ်ဟာ (race, ethnicity)တို့နှင့်သာ အဓိကကျကျအကျုံးဝင်လို့ ဒီစကား စုဟာလည်း တိကျတဲ့ဘာသာပြန်မှု မဟုတ်ပါ။ ဒီလိုဆိုလျှင် '၁၉၄၈ ခုနှစ် ဂျီနိုဆိုက် (Genocide) ကွန်ဗင်း ရှင်းအရ သတ်မှတ်ထားသော အစုအဖွဲ့များကို တစ်စိတ်တစ်ဒေသအားဖြင့် ဖြစ်စေ၊ လုံးလုံးလျား လျားဖြစ်
စေ ပျက်သုဉ်းသွားရန် လုပ်ဆောင်မှုများ' လို သော့ချက်အယူအဆတချို့ကိုသာ ထည့်သွင်းပြီး အဓိပ္ပာယ် ဖွင့်ဆိုလျှင်တော့ အတော့ကိုရှည်လျားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု ဖြစ်နေပေလိမ့်မယ်။

မြန်မာဘာသာ၊ မြန်မာစကားမှာ နိုင်ငံခြားစကားလုံးများဖြစ်ကြတဲ့ အင်္ဂလိပ်၊ ပါဠိ၊ ဟင်ဒီမှစသည်တို့ကို ဘာသာမပြန်ဘဲ အသံဖလှယ်ကာ အသုံးပြုခဲ့တဲ့ 'မွေးစား စကားရပ်အတော်အသင့် ရှိပါတယ်။ ဥပမာ-မော်တော် ကား၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ ဆော့ဖ်ဝဲ....ဒုက္ခ၊ သုခ၊ ယတြာ၊ သင်္ကြန်..... အီကြာကွေး....လံဘား' (ထက်ခေါင် 'အနုပညာ ဂုဏ်ဝင့်ပါလော' ကြေးမုံ ၁၁ ဧပြီ ၂ဝ၁၇ စာမျက်နှာ ၆)

ဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေတို့မှာလည်း တချို့သော အင်္ဂလိပ်စကားလုံး၊ လက်တင် (Latin) ဘာသာ စကားမှလာသော အင်္ဂလိပ်စကားတချို့ကိုလည်း တိကျမှုမရှိတဲ့၊ အနည်းဆုံးတော့ အဓိပ္ပာယ်မပြည့် စုံတဲ့ အင်္ဂလိပ်စကား သို့မဟုတ် အခြားနိုင်ငံခြားစကားမူရင်းကို အသံဖလှယ်ပြီး ကနဦးမွေးစားစကား (inchoate adopted phrase)အဖြစ် အသုံးပြုသင့်တဲ့ အနည်းငယ်သော ဥပဒေစကားလုံး သို့မဟုတ် အသုံးအနှုန်းများ ရှိပါတယ်။ အဲဒီအထဲမှာ 'ဂျီနိုဆိုက်ဒ်' genocideကို ထည့်သင့်ပေမလားပဲ။

၃။ 'လူမျိုးစုမျိုးသုဉ်းသတ်ဖြတ်မှု' နှင့် ethnic cleansing

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဘီဘီစီသတင်းထောက် Fergal Keane အသုံးပြုခဲ့တဲ့ ethnic cleansing ကို ဘာသာပြန်ရာမှာ genocide ဆိုတဲ့ စကားလုံးကို ဘာသာပြန်တာနှင့် ထပ်တူထပ်မျှနီးပါးဖြစ်တဲ့ စကားရပ်ကိုအသုံးပြုခဲ့လို့ 'လူမျိုးသုဉ်း/လူမျိုးစုသုဉ်း/ မျိုးသုဉ်းသတ်ဖြတ်မှု' ဆိုတဲ့ ဘာသာပြန်ဆိုမှုဟာ genocide ဆိုတဲ့ စကားရပ်ကို အသုံးပြုခဲ့တာနှင့် စပ်လျဉ်းပြီး အထက်မှာရေးခဲ့ပြီးပါပြီ။ Genocide ကို ထိုကဲ့သို့ဘာသာပြန်ဆိုမှုဟာတိကျ၊ တိပတဲ့ဘာသာပြန်ဆိုမှု မဟုတ်ကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။

Genocide နှင့် ethnic cleansing ရဲ့အဓိပ္ပာယ် သဘောသဘာဝဟာလည်း မတူပါဘူး။ ဒီအတွက်ကြောင့် ကွဲပြားတဲ့ ဥပဒေအသုံးအနှုန်းများအနေနှင့် တည်ရှိနေတာ၊ ကွဲပြားသောအဓိပ္ပာယ်နှင့် ကွဲပြားစွာ အသုံးပြုနေတာဖြစ်တယ်။

Ethnic cleansing ရဲ့ အင်္ဂလိပ်ဘာသာစကားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုက-

'Ethnic cleansing' has been defined as the attempt to get rid of (through deportation, displacement or even mass klling) members of an unwanted ethnic group in order to establish an ethnically homogenous geographic area.

အကြမ်းဖျင်းဘာသာပြန်ရမယ်ဆိုလျှင်

Ethnic cleansing အဓိပ္ပာယ်ဖွင့်ရာမှာ [ဒေသတစ်ခုအတွင်းရှိ] မလိုလားအပ်တဲ့ လူမျိုးစုတို့ကို မိမိတို့နေ ထိုင်ရာ ဒေသများမှ အခြားတစ်နေရာသို့ အတင်းအကျပ် ပို့ဆောင်ခြင်း၊ အခြားလူမျိုးစုများနှင့် အစားထိုး ပစ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများပင်လျှင် ပါဝင်တဲ့ပြုမူ ဆောင်ရွက်ခြင်းတို့ဖြစ်တယ်။ ဒီဆောင်ရွက် မှုများမှာ ပထဝီဒေသတစ်နေရာမှာ တစ်မျိုးတည်းသော ('မျိုးတူ')လူမျိုးစုများသာ နေထိုင် ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှု တို့ဖြစ်တယ်။

ဒါ့ကြောင့် ethnic cleansing ရဲ့အဓိပ္ပာယ်ဖွင့်ဆို ချက်မှာ 'လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှု' ဆိုတဲ့ ဘာသာ ပြန်စကားရပ်ဟာ ကျဉ်းမြောင်းတဲ့ ဘာသာပြန် မှုဖြစ်နေပါတယ်။ လူမျိုးသုဉ်းသုတ်သင်မှ ethnic cleansing မဟုတ်ပါဘူး။ 'သုတ်သင်' ဆိုတဲ့စကားရပ်နှင့် 'သတ်ဖြတ်'ဆိုတဲ့စကားရပ်ဟာ အနက်အဓိပ္ပာယ် အတော် နွယ်ပေမယ့် တစ်သဘောတည်း မဟုတ်ပါ။ သို့သော်လည်း ပဲ 'သုတ်သင်'ဆိုတဲ့ စကားစုရဲ့ အဓိကမဟုတ် လျှင်ပင် တစ်စုံတစ်ခုတည်းသော အတိုင်းအတာအထိတော့ 'သတ်ဖြတ်' ဆိုတဲ့သဘောနဲ့ လုပ်ရပ်များလည်း ပါဝင်နေပါတယ်။ 'မသုတ်သင်' ဘဲနှင့် တစ်ဒေသမှ တခြားတစ်ဒေသသို့ အတင်းအကျပ်ရွှေ့ပြောင်းပြီး လူမျိုး တစ်စုကို တခြားလူမျိုးတစ်စုနှင့် အစားထိုး 'ပစ်' တဲ့ လုပ်ရပ်များကို လုပ်ဆောင်ခြင်းဟာလည်း ethnic cleansing လို့ သတ်မှတ်နိုင်ပါတယ်။ ဒီတော့ ethnic cleansing ကို အဓိပ္ပာယ်မယိုယွင်းစေဘဲ ဘယ်လိုဘာ သာပြန်မလဲ။ 'မလို လားတဲ့လူမျိုးစု (ethnic group) တစ်စုကို ဒေသတစ်ရပ်အတွင်းမှ 'သန့်စင်၊ ရှင်းပစ်ခြင်း' ဆိုတာ အနည်းငယ်ရှည်ပေမယ့် 'လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှု'ဆိုတဲ့ သဘောလွဲသွားနိုင်တဲ့ ဘာ သာပြန်မှုထက်တော့ ပိုသင့်တော်ဖွယ်ရာရှိပါတယ်။

ဒီတော့ (၁)genocide ကို အပြည်ပြည်ဆိုင်ရာဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်မှ သိပ်မသွေဖည်စေဘဲ ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ အကြမ်းဖျင်းအားဖြင့် လူမျိုးအစုအဖွဲ့၊ လူမျိုးစု အစုအဖွဲ့၊ နိုင်ငံသား အစုအဖွဲ့၊ ဘာသာ သာသနာ အစုအဖွဲ့တို့ကို အပြည့်အ ဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပျက်သုဉ်းသွားစေရန် ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်မှုများဆိုတဲ့ ပြန်ဆိုမှုမှာ အနည်းငယ်ရှည်နေပေမယ့် 'လူမျိုး ပြုတ်သုဉ်းအောင် သတ် ဖြတ်မှုများ'ထက် အပြည်ပြည် ဆိုင်ရာဥပဒေရဲ့ ဆိုလိုရင်းနှင့် ပိုမို 'နီးကပ်'တဲ့ ဘာသာပြန်ဆို မှုလို့ထင် ပါ တယ်။

ဒါကိုသိပ်ရှည်နေတယ် ထင်သေးလျှင်တော့ 'ဂျီနိုဆိုက်ဒ်' genocide ဆိုပြီး အသံဖလှယ်တာဟာလည်း သင့် တော်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ အင်္ဂလိပ်စကားမှသော်လည်းကောင်း၊ အခြားဘာသာ စကားရပ် များမှသော်လည်းကောင်း၊ အသံဖလှယ်တဲ့ သာဓကများအပြင် တချို့သောမီဒီယာတို့က 'လူကြိုက် များ'ဆို တဲ့ မြန်မာစကားရပ်အစား 'ပေါ်ပြူလာ'ဆိုတဲ့ အင်္ဂလိပ် စကားမှ အသံဖလှယ်ပြီး အသုံးပြုခဲ့တာတို့ကို ၂ဝဝ၅ ခုနှစ်လောက်ကတည်းက တွေ့ခဲ့ဖူးပါတယ်။

ထိုစဉ်တုန်းက ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဥပဒေဌာနမှာ ဥပဒေဘာသာရပ်ခွဲတစ်ခုဖြစ်တဲ့ 'ဥပဒေချင်း ပဋိပက္ခဖြစ်မှု' (Conflict of Laws) ဘာသာရပ်မှာ Renvoi ဆိုတဲ့ ဥပဒေအသုံးအနှုန်းတစ်ခုကို မြန်မာ ဘာ သာ စကားဖြင့်ပင် အသုံးဖလှယ်မရေးတော့ဘဲ Renvoi လို့သာ အသုံးပြုကာ စာမေးပွဲမေးခွန်းများမှာ ပင် လျှင် Renvoi ဆိုတဲ့ရောမအက္ခရာ (Roman letter) နှင့်သာ သင်ပြ၊ အသုံးပြုခဲ့ကြောင်း ပြန်ပြောင်းတင်ပြ လိုပါတယ်။

ဒီတော့ သတင်းများ၊ ဆောင်းပါးများမှာ အစကနဦးအားဖြင့် 'လူမျိုးအစုအဖွဲ့၊ လူမျိုးစု အစုအဖွဲ့၊ နိုင်ငံသား အစုအဖွဲ့၊ ဘာသာသာသနာအစုအဖွဲ့တို့ကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ ပျက်သုဉ်း သွားစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများ (ဂျီနိုဆိုက်ဒ် genocide)' လို့ ဖော်ပြပြီး နောက်ပိုင်းမှာတော့ ဂျီနိုဆိုက်ဒ်လို့ ဖော်ပြလျှင် လက်ခံနားလည်ဖွယ်ရာရှိမယ်လို့ ထင်ပါတယ်။

Ethnic cleansing ကနဦးအနေနှင့် အသုံးပြုရာမှာ 'ဒေသတစ်ခုအတွင်း မလိုလားအပ်သော လူမျိုးစုတစ်စု သို့မဟုတ် လူမျိုးစုများကို သန့်စင်ခြင်း' လို့သုံးပြီး နောက်ပိုင်းရည်ညွှန်းချက်များမှာ 'ethnic cleansing' လို့ရေးခဲ့လျှင် ယင်းသို့အသုံးပြုမှုဟာလည်း ယေဘုယျအားဖြင့် မှန်ကန်မှုရှိပြီး နားလည်နိုင်ဖွယ်၊ လက်ခံ လာနိုင်ဖွယ်ရှိမယ်ထင်ပါတယ်။ ။

ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲကို ကြိုဆိုလျက်




No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */