" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 6, 2021

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီကို မစောင့်ဘဲ ‘ယခုပဲ အရေးယူဆောင်ရွက်သွားရန်’ နိုင်ငံတကာမှ ကျွမ်းကျင်သူ များ တိုက်တွန်

Mizimma

မြန်မာနိုင်ငံတ၀န်းရှိ ပြည်သူများက နေ့စဉ်နေ့တိုင်း ပြသထားခဲ့သည့် ဦးဆောင်မှုနှင့် စိတ်ပိုင်းဖြတ်လုပ်ဆောင်နေမှုတို့ကြောင့် အဆင့်လယ်ဗယ်တိုင်းရှိ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားစေရေးအတွက် စိတ်ပါဝင်စားမှု ရှိသင့်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် အွန်လိုင်းစကားဝိုင်းဆွေး‌နွေးပွဲ (webinar) တစ်ခုတွင် ပြောသွားခဲ့သည်။

“ကျွန်တော်ကတော့ မျှော်လင့်ချက် ထားပါတယ်၊ ဘာလို့လဲဆိုတော့ မြန်မာပြည်သူပြည်သားတွေကြောင့်ပါ၊ ဒီလိုမျိုး ရဲရင့်မှု၊ ဇွဲနပဲကြီးမှု၊ တီထွင်ဖန်တီးနိုင်မှုမျိုးကို ကျွန်တော် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး၊ အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ အာရုံစူးစိုက်ပြီး သတ္တိရှိရှိနဲ့ ခုလိုမျိုး စည်းလုံးညီညွတ်မှုမျိုးကို ကျွန်တော် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး၊ ဒါတွေအားလုံးက မျှော်လင့်ချက်ကို ဖြစ်စေပါတယ်” ဟု ၎င်းက ပြောသည်။

‘မြန်မာ အာဏာသိမ်းမှုအပေါ် နိုင်ငံတကာ အရေးယူဆောင်ရွက်မှု’ ဆိုသည့် ခေါင်းစဉ်ဖြင့် ပါဝင်ဆွေး‌နွေးသူ ခြောက်ဦးပါသည့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို မတ်လ ၃၁ ရက်က Burma Rohingya Organization UK က စီစဉ်ဆောင်ရွက်ခဲ့သည်။

အေးတိအေးစက်နိုင်သော နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ လုပ်ဆောင်မှု အရှိန်အဟုန်အပေါ် မြန်မာပြည်သူလူထုက အလွန်ပင် အားမလိုအားမရ ဖြစ်နေကြကြောင်းကို ဆွေးနွေးပြောဆိုသူအားလုံးက တညီတညွတ်တည်း လက်ခံသဘောတူခဲ့ကြသည်။

“ဒါက အရမ်းကို ရှင်းပါတယ်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ဒီ စစ်တပ်ဗိုလ်ချုပ်ကြီးတွေကို အပြီးအပြတ် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းအား ရှိပါတယ်၊ ဒါကို သူတို့ လုပ်နိုင်သလား ဆိုတာက မေးရမယ့် မေးခွန်းတစ်ခုမဟုတ်ပါဘူး၊ ဒါကို ဘာကြောင့် သူတို့ မလုပ်တာလဲ ဆိုတာကပဲ မေးခွန်းတစ်ခုဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ကုလ ဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာက ပြောသည်။

ကုလလုံခြုံရေးကောင်စီ (UNSC) အစည်းအဝေး ပြီးဆုံးပြီးနောက် နှစ်နာရီအကြာတွင် ကျင်းပသည့် အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မြန်မာအရေး ကိုင်တွယ်ဖြေရှင်းရာတွင် ကုလလုံခြုံရေးကောင်စီဘက်မှ ဦးဆောင်မှုနေရာ ရယူမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းအား ရပ်ဆိုင်းရလိမ့်မည် ဖြစ်သည်ဟု အွန်လိုင်းဆွေး‌နွေးပွဲ၌ ပါဝင်ဆွေးနွေးသူများအကြား သဘောထားချင်းတိုက်ဆိုင်ခဲ့ကြသည်။ “ကျွန်မတို့ဟာ ထိုးထွင်းတီထွင်ကြံဆပြီး လုပ်ဆောင်ရပါလိမ့်မယ်၊ ကုလလုံခြုံရေးကောင်စီ နဲ့ ကုလ လူ့အခွင့်အရေး ကောင်စီရဲ့ အပြင်ဘက်ကနေ ဖောက်ထွက်စဉ်းစားရပါလိမ့်မယ်” ဟု လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ Simon-Skjodt စင်တာမှ ဒါရိုက်တာ နာအိုမီ ကီကိုလာက ပြောသည်။

မြန်မာနိုင်ငံတွင် လုံခြုံရေး အခြေအနေသည် အလျင်အမြန်ပင် ယိုယွင်းဆိုးရွားလာနေသော်ငြား UNSC သည် အားကောင်းသည့် အရေးယူဆောင်ရွက်ချက် ချမှတ်ခဲ့ခြင်း မရှိပေ။ ယင်းသည် အန်ဒရူးစ် ပြောသည့်အတိုင်း ယူကေ၊ အမေရိကန်နှင့် ပြင်သစ်က တစ်ဘက်၊ တရုတ်နှင့် ရုရှားက အခြားတစ်ဘက်ဖြင့် ယင်းတို့အကြား အဓိကကျသည့် အများသဘောဆန္ဒဆိုင်ရာ မဆုတ်သာမတိုးသာ အခြေအနေဖြစ်နေမှုကြောင့်လည်း ဖြစ်သည်။ တရားဝင် ဆုံးဖြတ်ချက်တစ်ရပ်အတွက် သဘောတူညီချက် ရရှိနိုင်ခဲ့ခြင်းမရှိဘဲ ဧပြီ ၂ ရက်တွင် ကောင်စီသည် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းသည် တရားဝင်မဟုတ်သည့် ကောင်စီအစည်းအဝေး ရလဒ်တစ်ခု ဖြစ်ပြီး ယင်းကနေတဆင့် ကောင်စီအနေဖြင့် အရေးယူခြင်းထက်စာရင် အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဆိုသည့် မက်ဆေ့ခ်ျကိုသာ ပေးခဲ့သည်။

မြန်မာစစ်အာဏာသိမ်းအုပ်စု၏ ယနေ့လက်ရှိအချိန် ကြမ်းကြုတ်ရက်စက်သော ရာဇ၀တ်မှုများသည် ယခင်ပြီးခဲ့သည့် ဆယ်စုများအတွင်းက စစ်အစိုးရ၏ ပြစ်ဒဏ်ခတ်မခံရမှုအပေါ် ကိုင်တွယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပျက်ကွက်မှုတွင် အမြစ်တွယ်နေသည်ဆိုသည်ကို သဘောပေါက်နားလည်ခြင်းကနေတဆင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရေးအတွက် တွန်းအားတစ်ရပ် ပေါက်ဖွားသင့်ကြောင်း အွန်လိုင်း ဆွေး‌နွေးပွဲ ဆွေး‌နွေးသူများက သဘောတူခဲ့ကြသည်။ “ကျွန်တော်တို့ဆီမှာ ဒီလို လူသားတို့အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ထပ်ခါတလဲလဲ ဖြစ်နေခဲ့တယ်” ဟု ‌ဒေါက်တာ ဆာဆာက ပြောသည်။ တာဝန်မခံရဘဲ ဖြစ်နေခဲ့ခြင်းက အာဏာသိမ်းမှု မစတင်ခင် စစ်အစိုးရ၏ အများယုံကြည်လက်ခံမှုကို မထိမခိုက် ရှိနေစေခဲ့ကြောင်း Burmese Rohingya Organization UK ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

‘လူမျိုးတုန်းသတ်ဖြတ်မှုကဲ့သို့ ပြစ်မှုကြီးများ နောင်ဘယ်တော့မှ ဖြစ်မလာစေရေး’ အတွက် နိုင်ငံတကာ နိုင်ငံရေးနှင့် ဥပဒေရေးရာ တာဝန်ကို ထိန်းသိမ်းစွဲကိုင်သည့် R2P (အကာအကွယ်ပေးရန် တာဝန်ရှိမှု) အခြေခံသဘောတရားများက မြန်မာနိုင်ငံ အခြေအနေနှင့် ဆီလျော်မှု အရှိဆုံး ဖြစ်ကြောင်း ကီကိုလာက ပြောသည်။ အထူးတလည် စိုးရိမ်ပူပန်မှုမှာ R2P ၏ အခြေခံကဏ္ဍ ၁ နှင့် ၂ ကို ထိန်းသိမ်းရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပျက်ကွက်မှု ဖြစ်သည်။ ဤကဏ္ဍနှစ်ခုတွင် ပြောထားသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်း၏ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး ထိုသို့ လုပ်ဆောင်ရန် ရုန်းကန်နေရသော နိုင်ငံတစ်နိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီပေးရလိမ့်မည် ဆိုသည်ပင် ဖြစ်သည်။ စုပေါင်းလိုက်ပါက ယင်းတို့သည် R2P အခြေခံသဘောတရားများ၏ တားဆီးကာကွယ်ရေးဆိုင်ရာ ကဏ္ဍများဖြင့် ဖွဲ့စည်းသည်။

လူအများအပြားက R2P ကို စစ်ရေးကြားဝင်မှုနှင့် ဆက်စပ်ယှဉ်တွဲကြည့်ကြသည်။ သို့သော် ယင်းသည် အဆိုပါ စစ်ရေးကြားဝင်မှုထက် အတော်များများပိုပြီး အကြောင်းအချက် အများအပြားကို အဓိပ္ပါယ်ဆောင်နိုင်ကြောင်း ကီကိုလာက မှတ်ချက်ပြုသည်။ R2P ကို ပေါင်းရုံးထားသည့် အသုံးအနှုန်းတစ်ခုအဖြစ် ရည်ညွှန်းရင်းဖြင့် ချက်ချင်း တုံ့ပြန်မှုများ ရရှိရန် ယခုလက်ရှိ လုပ်ဆောင်နိုင်သည့် ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ဆွေး‌နွေးသူများဘက်မှ ခိုင်မာသည့် ဥပမာများပေးရန် moderator အဖြစ် ဆောင်ရွက်သည့် Myanmar Now မှ ဒေါ်သင်းလဲ့ဝင်းက ပန်ကြားခဲ့သည်။

UNGA,
ဆွေးနွေးသူများသည် အဓိကကျသည့် အချက်နှစ်ချက်နှင့်ပတ်သက်ပြီး သဘောတူညီခဲ့ကြသည်။ ပထမအချက်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှုက UNSC သို့မဟုတ် ယုတ်စွအဆုံး ကုလ စနစ်အထိသာ အကန့်အသတ်ရှိသည် ဆိုသည့် အိုင်ဒီယာကို ဖယ်ထုတ်လွင့်ပျယ်စေရန် လိုအပ်မှု ဖြစ်သည်။ ယင်းသည် ထိုမျှလောက်ပင် မဟုတ်ပေ။ လူတစ်ဦးတစ်‌ယောက်ချင်းစီတိုင်းက တစ်နည်းနည်းဖြင့် အရေးယူလုပ်ဆောင်နိုင်ပြီး လူတိုင်း ပါဝင်ကြောင်း ဒေါ်သင်းလဲ့ဝင်းက ပြောသည်။

ကီကိုလာဟာ အဆိုပါ အချက်နှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောဆိုခဲ့ရာတွင် ဤကျယ်ပြန့်သော အသုံးအနှုန်းများဖြင့် စုပေါင်းပါဝင်သော လုပ်ဆောင်ချက်ကို သဘောပေါက်နားလည်ခြင်းက R2P ကို သက်ဆိုင်ပါဝင်သူအမျိုးအစားအားလုံးအပေါ်တွင် သက်ရောက် ရောက်ရှိစေသည်ဟု ပြောသည်။

ဒုတိယအချက်မှာ အမျိုးအစားစုံရှိ သက်ဆိုင်ပါဝင်သူများအနေဖြင့် အချက်သုံးခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ယင်းသည် အထူးအကြံပေးအဖွဲ့-မြန်မာ (SAC-M) က မကြာသေးခင်က လိုရင်းတိုရှင်း ဖော်ပြထားခဲ့သည့် ဖြတ်သုံးဖြတ် ဆိုသည့် လက်နက်ဖြတ်တောက်၊ ငွေကြေး ဖြတ်တောက်၊ ဒဏ်ခတ်မခံရခြင်းကို ဖြတ်တောက် တို့ပင်ဖြစ်သည်။

ထို့ပြင် စစ်အစိုးရအနေဖြင့် တရားဝင်မှုကနေ ငြင်းပယ်ခံရသင့်ကြောင်း လော်ဘီအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights မှ အမှုဆောင်အရာရှိချုပ် မက်သ် စမစ်သ်က ပြောသည်။

“ဒါက ဥပဒေနဲ့ဆန့်ကျင်ပြီး တရားမ၀င်တဲ့ အစိုးရတစ်ရပ်ပါ၊ လူမဆန်တဲ့ အစိုးရပါ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ အစိုးရတစ်ရပ်ပါ၊ ပြီးတော့ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေဘက်က သူ့ကို အဲဒီလိုမျိုး ဆက်ဆံသင့်ပါတယ်”

ကုလ ဖွဲ့စည်းမှုစနစ်အတွင်း အရေးယူဆောင်ရွက်ခြင်း


နိုင်ငံတကာ အရေးယူဆောင်ရွက်မှုကို မတိုးသာမဆုတ်သာ အခြေအနေတွင် ရှိနေသည့် UNSC တွင်သာ ထိန်းချုပ်ကန့်သတ်ထားရန်နှင့် ယင်းကို ‘ကုလ အဖွဲ့အစည်းတစ်ခုလုံး’ ၏ ဆွေး‌နွေးမှုတစ်ခုအဖြစ်သို့ ရောက်လာစေခြင်း မရှိစေရန်မှာ အာဏာသိမ်းစစ်အစိုးရ၏ အကျိုးတရားထဲတွင် ရှိနေကြောင်း မှတ်ချက်ပြုရင်းဖြင့် ဆွေး‌နွေးသူများက အခြားသော နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြသည်။

UNSC အဖွဲ့ဝင်များကို ပွင့်ပွင့်လင်းလင်း မဲပေးခွင့် ပြုသင့်ကြောင်းနှင့် သို့မှသာ အခြားသူများ မည်သည့်နေရာတွင် ရပ်တည်သလဲ ဆိုသည်ကို တစ်ဦးချင်း သိမည်ဖြစ်ကြောင်း အန်ဒရူးစ်က အကြံပြုသည်။ထိုနည်းဖြင့် အကယ်၍ တစ်ချို့က UNSC လုပ်ငန်းစဉ် ပြင်ပတွင် အားကောင်းသည့် အရေးယူဆောင်ရွက်ချက် လုပ်ဆောင်ရန် ဆန္ဒရှိပါက ၎င်းတို့အနေဖြင့် အများသဘောဆန္ဒအတွက် စောင့်စရာမလိုဘဲ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အမှန်တကယ်တမ်းတွင်လည်း UNSC အဖွဲ့ဝင်များကို ဤလုပ်ဆောင်ချက်မျိုး လုပ်ဆောင်ရန် အန်ဒရူးစ်က တိုက်တွန်းခဲ့သည်။

နောက်တစ်ခုက အကယ်၍ UNSC အနေဖြင့် ခိုင်မာသည့် လုပ်ဆောင်ချက်အဆင့်များ မလုပ်နိုင်ပါလျင် ယင်းသည် မြန်မာပြည်သူလူထုအတွက် ယင်း၏ တာဝန်ဝတ္တရားကို လျစ်လျူရှုရာ ရောက်မည်ဖြစ်ကာ ယခုအရေးကိစ္စကို တရုတ်နှင့် ရုရှားတို့ ဗီတိုအာဏာ ကိုင်ထားခြင်း မရှိမည့် ကုလ အထွေထွေညီလာခံ (UNGA) သို့ ယူဆောင်သင့်ကြောင်း အန်ဒရူးစ်က ပြောသည်။

UNGA သို့ အစပျိုးရောက်ရှိစေရန် နည်းလမ်းတစ်ခုမှာ တရုတ် သို့မဟုတ် ရုရှားက ဗီတိုအာဏာကို အကယ်စစ်စစ် အသုံးပြုမှု မရောက်မချင်းအထိ UNSC အစည်းအဝေးများတွင် အမေရိကန်၊ ယူကေ နှင့် ပြင်သစ် (အမြဲတမ်းအဖွဲ့ဝင် သုံးနိုင်ငံ) က ဆက်လက် ဖိအားပေးနေခြင်းပင်ဖြစ်ကြောင်း ကီကိုလာက ပြောသည်။ “ဗီတိုအာဏာတစ်ခု သုံးတဲ့ အခြေအနေတစ်ခု ရောက်ရင် အဲဒီနောက် လုပ်ရမယ့် တာဝန်ဝတ္တရားက အထွေထွေညီလာခံကို ရွှေ့ဖို့ပဲ ဖြစ်ပါတယ်”

UNGA အရေးယူဆောင်ရွက်ချက်သည် ‘ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွတ်ခြင်း’ ဆိုသည့် ဆုံးဖြတ်ချက် ၃၇၇ ကနေတဆင့် ဖြစ်နေခြေ ရှိသည်။

ယင်း၏အဆိုအရ မတိုးသာမဆုတ်သာ အခြေအနေတစ်ခုကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် UNSC ဘက်က လုပ်ဆောင်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို အရေးပေါ် အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူခြင်းကနေတဆင့် UNGA က ချက်ချင်း ဆုံးဖြတ်စဉ်းစားလုပ်ဆောင်သွားသင့်ကြောင်း ပြောထားသည်။ ထို့နောက် UNGA အနေဖြင့် စုပေါင်း ဆောင်ရွက်ချက်များအတွက် ကုလ အဖွဲ့ဝင်များထံ သင့်လျော်သည့် ထောက်ခံချက်များ ထုတ်ပြန်နိုင်သည်။

ထို့ပြင် ကုလပဋိညာဉ်အပိုဒ် ၉၉၊ အခန်း ၁၅ အောက်တွင် ကုလ အထွေထွေအတွင်းရေးမှူးချုပ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံ‌ရေး ထိန်းသိမ်းမှုအပေါ် ခြိမ်းခြောက်နိုင်သည်ဟု ၎င်း ထင်မြင်သည့် ကိစ္စရပ်တစ်ခုခုကို လုံခြုံရေးကောင်စီ သိရှိအာရုံစူးစိုက်စေရန်အတွက် လုပ်ပိုင်ခွင့် ရှိသည်ဟု ဆိုထားသည်။

ဤ လုပ်ဆောင်ချက်နှစ်ခုစလုံးတွင် ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုများကနေစပြီး လက်နက် ကုန်သွယ်မှု ပိတ်ပင်မိန့်များ၊ ပြစ်ဒဏ်ခတ်မခံရခြင်းအပေါ် ကိုင်တွယ်တိုက်ဖျက်ဖြေရှင်းခြင်း၏ အရေးပါမှုကို အားပေးခြင်းအထိ ထုတ်ပြန်ဆောင်ရွက်သည့် အစီအမံများကို မြင်ရနိုင်သည်။

သီးခြားနိုင်ငံများက စုပေါင်းအရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်း


သီးခြားနိုင်ငံများ ယင်းတို့၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုစနစ်များနှင့်ပတ်သက်ပြီး အတူတကွလုပ်ဆောင်၊ ညှိနှိုင်းချိတ်ဆက်၊ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုအတွက် UNSC နှင့် GA ၏ အရေးယူဆောင်ရွက်ရန်ပျက်ကွက်မှုက ဆင်ခြေတစ်ခု မဖြစ်သင့်ပေ။

နိုင်ငံတစ်ချို့သည် စစ်အစိုးရထံ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရန် အမျိုးမျိုးသော အ‌ရေးယူဒဏ်ခတ်မှု စနစ်များကို ယင်းတို့ဘာသာ ထုတ်ပြန်လုပ်ဆောင်နေကြသည်။ အချို့သော နိုင်ငံများသည်လည်း လက်နက် ကုန်သွယ်မှု ပိတ်ပင်မိန့်များကို ချမှတ်ထားသည်။ ဤကဲ့သို့သော အရေးယူဒဏ်ခတ်မှုအမျိုးအစားများနှင့်ပတ်သက်သည့် အခြေခံ ပြဿနာသုံးရပ်ကို အန်ဒရူးစ်က ခွဲခြားထုတ်ဖော်ခဲ့သည်။ ပထမတစ်ခုမှာ ၀င်ငွေ ဖြတ်တောက်မှု ပြုလုပ်နေသည့် နိုင်ငံအရေအတွက်မှာ မလုံလောက်ခြင်းပင် ဖြစ်သည်။ ဒုတိယတစ်ခုမှာ လက်နက် ကုန်သွယ်မှု ပိတ်ပင်မိန့် ထုတ်ထားသည့် နိုင်ငံများမှာ လုံလောက်မှု မရှိသေးခြင်း ဖြစ်သည်။ တတိယအချက်မှာ ဤ အားထုတ်မှုများသည် အများအားဖြင့် အစီအစဉ် မကျ အချိတ်အဆက် ပြတ်နေခြင်း ဖြစ်သည်။

ဤအပိုင်းများနှင့်ပတ်သက်ပြီး အရေးယူလုပ်ဆောင်ရာတွင် ပါဝင်လိုသည့် စိတ်ဆန္ဒရှိ‌သော နိုင်ငံများအနေဖြင့် မြန်မာပြည်သူများအတွက် အရေးပေါ် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ရန် အန်ဒရူးစ်က တိုက်တွန်းခဲ့သည်။ ၎င်းတို့အနေဖြင့် စုစည်းညီညွတ်သော မဟာဗျူဟာတစ်ရပ်ကို အတူတကွ ဖော်ဆောင်နိုင်သည်။ အထူးသဖြင့် ရေနံနှင့် ဓာတ်ငွေ့၊ လက်နက် ကဏ္ဍများတွင် ယင်းကဲ့သို့သော ညှိနှိုင်းချိတ်ဆက်လုပ်ဆောင်သည့် အားထုတ်မှုများ၏ စုစည်းပေါင်းစုံသော သက်ရောက်မှုက သိသာသည့် မတူကွာခြားမှုတစ်ခုကို ဖြစ်စေနိုင်သည်ဟု ၎င်းက ပြောသည်။

သိသာထင်ရှားသည်မှာ လူသားချင်းစာနာမှု အကူအညီအတွက် ငွေကြေးထောက်ပံ့ရန်အတွက်နှင့် ထိုငွေကြေးများ အာဏာသိမ်းစစ်အစိုးရထံ ရောက်ရှိမသွားစေရေး သေချာအောင်လုပ်ဆောင်ရန်အတွက် စုစည်းပြီး ချိတ်ဆက်ညှိနှိုင်းမှုရှိသည့် အရေးယူလုပ်ဆောင်ချက်ကို အားချင်း လိုအပ်နေသည်။

အရှိန်အဟုန်မြှင့်ရမည့် အာဆီယံ

အာဆီယံအနေဖြင့် အကယ်၍ ဆန္ဒရှိခဲ့သည်ဆိုပါက အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုကို တားဆီးနိုင်သည့် လုပ်နိုင်စွမ်း ရှိကြောင်း ဒေါက်တာ ဆာဆာက ပြောသည်။ ယင်း၏ ကိုယ်ပိုင် ပဋိညာဉ်အတိုင်းသာ လုပ်ဆောင်ရုံပင်ဖြစ်ကြောင်း ပြောသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ကြားဝင်မစွက်ဖက်ရန် စုစည်းညီညွတ်သည့် သဘောထားရှိနေသည် ဆိုသော်လည်း ယင်းအနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို ငြိမ်းချမ်းရေး ဆွေး‌နွေးမှုများအတွက် ဆွေး‌နွေးညှိနှိုင်း‌ရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်သည်။

ဤကဲ့သို့ ဆွေးနွေးမှုများအတွက် မူဘောင်တစ်ရပ် ဖန်တီးရေး လုပ်ငန်းစဉ်တစ်ခုကို လွယ်ကူချောမွေ့စေရေးအတွက် အာဆီယံနိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီးရှားနှင့်စင်ကာပူတို့သည် အားကောင်းသည့် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လျက် ရှိသည်။ နယ်စပ်ဧရိယာများတွင် အရပ်သားများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ အသစ်တဖန် တိုက်ခိုက်မှုများကြောင့် လူထောင်နှင့်ချီတို့ကို နယ်စပ်ကို ဖြတ်ကာ နေရပ်စွန့်ခွာစေမှုများကို ဖြစ်စေခဲ့သလို ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကိုပါ တိုးမြင့်စေသည်ဖြစ်ရာ အာဆီယံနိုင်ငံများအနေဖြင့် ဤအပိုင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို မဖြစ်မနေအရှိန်မြှင့်တင်ရနိုင်သည်။

ကော်ပိုရေးရှင်းများ


လက်ရှိအချိန်အထိ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကဏ္ဍအပါအ၀င် တူးဖော်ရေးကုမ္ပဏီကြီးများ ရှိနေဆဲဖြစ်ပြီး ယင်းတို့သည့် အာဏာသိမ်းစစ်အစိုးရထံ ကြီးမားသည့် ငွေပေးချေမှုများကို ထိရောက်စွာ ဆက်လက်ပြုလုပ်နေသည်။ ဤကုမ္ပဏီများကို မြန်မာပြည်သူများ ပိုင်ဆိုင်သော ငွေများအား တရားမ၀င်သည့် အဖွဲ့အစည်းတစ်ခုထံပေးအပ်ရန် တရားဝင် ခွင့်ပြုမထားကြောင်း စမစ်သ်က ထောက်ပြသည်။ ဤအပိုင်းတွင် ပြင်သစ်၏ Total ၊ အမေရိကန်၏ Chevron ၊ ထိုင်း၏ PTTEP နှင့် တောင်ကိုရီးယား၏ Posco တို့သည် ဥပမာများအဖြစ် ဆက်ရှိနေကြသည်။ ဤကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းမှု မူလအတိုင်း ပြန်မဖြစ်မီမတိုင်ခင်အထိ အချိန်မဖြုန်းသင့်ဘဲ ငွေပေးချေမှု ပြုလုပ်မှုများကို ရပ်ဆိုင်းထားသင့်သည်။

ယင်းတို့တင်မကဘဲ ကုမ္ပဏီအားလုံးအနေဖြင့် ယင်းတို့ဘာသာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်သွားကြရမည်ဟု ဒေါက်တာ ဆာဆာက ပြောသည်။ “သူတို့ဟာ အသက်လား ဒါမှမဟုတ် ကျည်ဆန်တွေလား ဆိုတာ ရွေးရပါမယ်။ သူတို့ဟာ နိုင်ငံ ဒါမှမဟုတ် ကုလ လယ်ဗယ်အရေးယူပိတ်ဆို့မှုတွေ မပါဘဲ ဒါကို လုပ်နိုင်ပါတယ်၊ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် အခြေခံအပေါ်မှာ ဒါကိုလုပ်နိုင်ပါတယ်”

ကော်ပိုရေးရှင်းများ စစ်အုပ်စုအား တိုက်ရိုက်ထောက်ပံ့ခြင်း မရှိဘဲ ယင်းတို့၏ R2P ကို ဆောင်ရွက်စေရန်သာမက ယင်းတို့အနေဖြင့် စီးပွားရေး အချိတ်အဆက်များနှင့် အုပ်ချုပ်မှုအဖွဲ့အစည်းများကနေတဆင့် ယင်းတို့၏ အစိုးရများနှင့် R2P လုပ်ဆောင်ချက်ကို အားပေးသင့်ကြောင်း အဆိုပြုခြင်းအားဖြင့် နောက်ထပ်တဆင့် ကော်ပိုရိတ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ဝတ္တရား၏ အယူအဆသဘောထားကို ကီကိုလာက ပြောသွားခဲ့သည်။

နိုင်ငံတကာ အရပ်ဘက်လူ့အဖွဲ့အစည်း

အထူးသဖြင့် CDM လှုပ်ရှားမှုအပါအ၀င် မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများ၊ ထောက်ခံအားပေးသူများ၊ မြန်မာပြည်သူများနှင့်အတူ လက်တွဲလုပ်ဆောင်နေသော အခြားနိုင်ငံများမှ လူများ၏ အားထုတ်မှုများကြောင့် ဤလုပ်ဆောင်ချက်၏ အများအပြားသည် ဖြစ်လာမည်ဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံကနေတဆင့်နှင့် ယခုအ‌‌ရေးကိစ္စကို အာရုံစိုက်နေသည့် NGOs များကနေတဆင့် အရေးယူလုပ်ဆောင်နိုင်သည်။

မြန်မာနိုင်ငံ၏ လမ်းများပေါ်ရှိ ပြည်သူများနှင့်အတူ တစ်သားတည်းရှိကြောင်း ပြသရန် ကမ္ဘာတ၀န်းမှ နိုင်ငံများရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ လမ်းများပေါ်တွင် ဆက်ရှိစေရန် အရေးကြီးသည်။ ဆိုရှယ်မီဒီယာကနေတဆင့် မြန်မာနိုင်ငံတွင်းသို့ ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများက စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုကို ချက်ချင်း ပံ့ပိုးပေးသည်။ထို့ပြင် အရပ်သားများအပေါ် စစ်ပွဲဆင်နွှဲမှု တစ်စိတ်တစ်ဒေသအဖြစ် အာဏာသိမ်းစစ်အုပ်စုက လုပ်ဆောင်သော အင်တာနက်ပိတ်ဆို့ကန့်သတ်ပြီး ဒစ်ဂျစ်တယ် သီးခြားရှိစေခြင်းဖြင့် တိုက်ခိုက်မှုအောက်တွင် အဆက်အသွယ်ချိတ်ဆက်မှုဆိုင်ရာ ခံစားမှုကို ဖြစ်ပေါ်စေသည်။

နောက်ဆုံးအနေဖြင့် လုပ်ဆောင်ချက် ပုံစံအားလုံးကို သက်ဆိုင်ပတ်သက်သူ အမျိုးအစားစုံတွင် တစ်ပြိုင်နက်တည်း ချိတ်ဆက်ညှိနှိုင်းရန် လိုအပ်သည်။ သာဓကတစ်ခုအနေဖြင့် တရုတ်၊ အာဆီယံနှင့် အာဆီယံနိုင်ငံများဘက်မှ ယခုအကြမ်းဖက်မှုကို တားဆီးရန် ယင်းတို့၏ အတန်ကြီးမားသော လုပ်နိုင်စွမ်းကို ဖြန့်ကျက်အသုံးချလာစေနိုင်ရေး ဆွဲဆောင်မှုများကို ဖြစ်ပေါ်စေရန် လိုအပ်ကြောင်း စမစ်သ်က ပြောသည်။


ဤ ဆွဲဆောင်မှုများကို အသက်ဝင်ဖော်ဆောင်နိုင်စေရန်အတွက် NGOs များနှင့် ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများအနေဖြင့် နှစ်ဦးနှစ်ဖက်ပါဝင်သော နည်းလမ်းဖြစ်ဖြစ် သို့မဟုတ် စု‌ပေါင်းပါဝင်သော နည်းလမ်းဖြစ်ဖြစ်နှင့်အတူ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများကို စည်းရုံးလှုံ့ဆော်နိုင်သည်။သို့မဟုတ်လျှင် အကူအညီမရဘဲ ၎င်းတို့ဘာသာ အခြေအနေကို ဖြစ်သလို ရင်ဆိုင်ရပါက လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ပျံ့နှံမည်ကို ၎င်းတို့အနေဖြင့် ကြည့်ရှုရလိမ့်မည်ဟု စမစ်သ်က ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */