" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 19, 2023

ရိုဟင်ဂျာဒုက္ခသည်များ ရဲများ၏ မတရားပြုကျင့်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရ

မဇ္မျိမ
By AFP
19 January 2023

ရိုဟင်ဂျာဒုက္ခသည်များကို ကာကွယ်ပေးရေး လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်များကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အနှောင့်အယှက်ပေး တိုက်ခိုက်ခြင်းနှင့် မှားယွင်းစွာ ဖမ်းဆီးခြင်းများ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က အင်္ဂါနေ့တွင် ပြောသည်။

နိုင်ငံမဲ့ လူနည်းစု တစ်သန်းနီးပါး ရှိနေရာ ဒုက္ခသည်စခန်းများကို လက်နက်ကိုင်ရဲတပ်ရင်း APB က စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင် ရှိနေသူအများစုမှာ အိမ်နီးချင်း မြန်မာ နိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးခိုလှုံလာကြသူ အများစု ဖြစ်သည်။ မြန်မာစစ်တပ် ၏ ဖြိုခွင်းမှုကို လက်ရှိ၌ ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စုံစမ်းလျက်ရှိသည်။

၂၀၂၀ အတွင်း ဒုက္ခသည်စခန်းများ၏ လုံခြုံရေးကို APBn တပ်ရင်း ယူလိုက်သည့်နောက်ပိုင်း ဘေးကင်းလုံခြုံမှုက ယိုယွင်းလာကြောင်း ဒုက္ခသည်များနှင့် လူသားချင်းစာနာထောက်ထားရေး အလုပ် သမားများက နယူးယောက်အခြေစိုက် HRW သို့ ပြောကြပြီး မတရားပြုကျင့်မှုများသည် “ပုံမှန်လို ဖြစ်ပွားနေကြောင်း” ရိုဟင်ဂျာအချို့က အေအက်ဖ်ပီသို့ ပြောကြသည်။

“ကော့ဘဇားဒုက္ခသည်စခန်းတွေမှာ ကာကွယ်ပေးရမယ့် တာဝန်ရှိသူတွေရဲ့ လက်တွင်းမှာပဲ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ရဲတွေရဲ့ မတရားပြုကျင့်မှုကို ခံနေရတာ ဖြစ်တယ်”ဟု HRW Asia မှ သုတေ သီ ရှာနာ ဘတ်ချနာက ပြောသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းက ပြန့်ကျဲပြီး လူပြည့်သိပ်သည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည် ဒါဇင်များစွာနှင့် စကားပြောဆိုခဲ့ကာ APBn တာဝန်ရှိသူများ၏ အတော်လေး မတရားပြုကျင့်သည့် အမှု အနည်းဆုံး ၁၆ မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း HRW က ပြောသည်။

ရဲများက ဖမ်းမည်ဆီးမည် ခြိမ်းခြောက်ပြီး ဒုက္ခသည်များထံမှ လာဘ်ငွေအမြောက်အမြား ရယူကြောင်း HRW ၏ အစီရင်ခံစာတွင် ဖော်ပြပြီး မိသားစုများသည်လည်း မတရားဖမ်းဆီးထားသော ဆွေမျိုးသားချင်း လွတ်မြောက်ရေးအတွက် ရွှေလက်ဝတ်လက်စားများကို အတင်းရောင်းချရခြင်း သို့မဟုတ် ပိုက်ဆံချေးငှားရခြင်းများ ရှိနေသည်ဟု ဖြည့်စွက်ဆိုထားသည်။

ယခု ပြောဆိုချက်များကို စုံစမ်းစစ်ဆေးပြီး လက်သည်များကို တာဝန်ခံစေရန် အာဏာပိုင်များအား ဘတ်ချနာက တိုက်တွန်းသည်။

HRW ၏ အစီရင်ခံစာသည် “သံသယဖြစ်စရာပဲ”ဟု APBn တပ်မှူး ဆယက်ဒ် ဟာရူနာ ရာရှစ်က ပြောသည်။

“ရာဇဝတ်သားတွေဟာ အချက်အလက်အမှားတွေကို ပြောကြတာပါ၊ ဒါကို HRW က ထုတ်ပြန်တာပဲ၊ ဒါကြောင့် ရာဇဝတ်သားတွေကိုဖေးမနေသလို ဖြစ်နေတယ်”ဟု ၎င်းက အေအက်ဖ်ပီကို ပြောပြီး “အထူးတိုင်ကြားချက် ရရှိခဲ့ပါက” တပ်ရင်းအနေဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

လက်နက်ကိုင်အုပ်စုများ အခြေစိုက်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ကုန်ကူးမှုကွန်ရက်များ အသုံးပြုနေရာ ယင်း ဒုက္ခသည်စခန်းများ၌ အကြမ်းဖက်မှုများ ဖြစ်ပွားပေါ်ပေါက်ကြောင်းကို ရဲတပ်ဖွဲ့က ဝန် ခံထားသည်။

လူမျိုးစုခေါင်းဆောင်များအပါအဝင် ရိုဟင်ဂျာ အနည်းဆုံး ၂၀ သည် ပြီးခဲ့သည့်နှစ်ကလက်နက်ကိုင် အုပ်စုများ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရဲများ၏ မတရားပြုကျင့်မှုများက “အတောမသတ်နိုင်ကြောင်း” ရိုဟင်ဂျာဒုက္ခသည်အချို့က အေအက်ဖ်ပီသို့ ပြောသည်။

“ရဲအနည်းငယ်ကပဲ ကျွန်တော်ဟာ ညီဖြစ်သူရဲ့ ဆေးရုံက ဆေးစစ်ချက်နဲ့ စခန်းဆီ ပြန်လာပါတယ်၊ ဒီမှာ APBn တာဝန်ရှိသူတွေက ကျွန်တော်ကို စစ်ဆေးရေးဂိတ်မှာ တားတယ်၊ စစ်ကြောမေးမြန်းပြီး ကျွန်တော်ကို ပါးရိုက်တယ်”ဟု အသက် ၂၀ အရွယ် အလီ ဂျာကာက ပြောသည်။

သူထံမှ အမေရိကန်ဒေါ်လာ ၅၀ နှင့် ညီမျှသော ငွေကြေးကိုလည်း ၎င်းတို့က ယူသွားကြကြောင်း ဂျာကာက ဆိုသည်။

“နောက်တော့ ကျွန်တော့်ဖုန်းကိုလည်း သူတို့ ယူတယ်၊ ဒီအကြောင်း အခြားသူတွေကိုပြောရင် ကျွန်တော့်ကို အရေးယူမယ်လို့ သူတို့က ခြိမ်းခြောက်ကြတယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ရဲများ၏ ခြိမ်းခြောက်ငွေညှစ်ခြင်းသည် “ပုံမှန်ဖြစ်ပွားနေကြောင်း” အသက် ၄၅ နှစ်အရွယ် ဆီတာရာ ဘီဘီက ဆိုသည်။

“ကျွန်မသား မင်္ဂလာဆောင်တော့ ရဲတွေကို တာကာငွေ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀) ပေးခဲ့ရတယ်၊ မပေးဘူးဆိုရင် ကျွန်မသားကို ရဲတွေက မူးယစ်မှုနဲ့ အမှုဖွင့်မှာ ဖြစ်တယ်”ဟု ၎င်းက ပြော သည်။

ဒုက္ခသည်စခန်းအချင်းချင်း သွားလာခြင်း သို့မဟုတ် ညပိုင်း နောက်ကျပြီး စခန်းဆီ ပြန်ရောက်လာခြင်းများတွင် ဒုက္ခသည်များက ရဲကို ငွေပေးရကြောင်း အမည်မဖော်သည့် အနေအထားဖြင့် ရိုဟင်ဂျာလူမျိုးစုခေါင်းဆောင်တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

“ဒီ မတရားမှုတွေကို တစ်ယောက်ယောက်က ဆန့်ကျင်ရင် သူ အဖမ်းခံရတာပဲ”ဟု ၎င်းတို့က ပြောကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */