" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 7, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက် အထိ)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု ရက်စွဲမှတ်တမ်း
(၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ)

(ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံဖြည့်စွက်ထားခြင်းဖြစ်သည်။)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေး နွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း ၌ လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေး အပေါ် ပုံဖော်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဖြစ်စဉ်များတွင် လည်း တရုတ် ၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများပြု လုပ်ခဲ့သော်လည်း ကုလသမဂ္ဂ စင်မြင့်အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော် ဆောင် ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုန့်ပြန်မှု၊ နိုင်ငံတကာ အ သိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်၏ မြန်မာ နိုင်ငံ ပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားမျာအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ် ဆက် မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက် အ လက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအ ကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။

၂၀၂၃၊ ဇန်နဝါရီ ၂၆

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသား ဝန်ထမ်းနှစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြ ထားသည်။ အဆိုပါဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားနှစ်ဦးမှာ စက်ရုံတာဝန်ခံနှင့် အထည်ချုပ် ပညာရှင်တို့ ဖြစ် ပြီး မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို မသိရသေးပေ။ တရုတ်နိုင်ငံသားများ ဖမ်းဆီးခံရခြင်းကို တရုတ်သံရုံးမှ လည်း အတည်ပြုထားသည်။ စစ်ကောင်စီထုတ်ပြန်ချက်တွင်မူ အဆိုပါစက်ရုံမှ မြန်မာနိုင်ငံသားတစ်ဦးနှင့် တ ရုတ် နိုင်ငံသူတယောက် ဖမ်းဆီးခံရကြောင်း ဖော်ပြထားပြီး NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ ဖမ်းဆီးသွားကြောင်း ရေးသားထားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ၎င်းအထည်ချုပ်စက်ရုံသည် ၂၀၁၇ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အထည်များ တင်ပို့နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားများ ဖမ်းဆီးခံရခြင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ တွင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုဖြစ်သည့် တကောင်းနီကယ်စက်ရုံကို သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဒေသအ‌ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုက ဖောက်ခွဲ မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်ပြီးနောက် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများကို မတိုက်ခိုက်ရန် တရုတ်နိုင်ငံက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဆွေးနွေးပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိကာလအတွင်း မကွေးတိုင်းအပါအဝင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းများအကောင် အထည်ဖော်မည့် ပြည်နယ်နှင့်တိုင်း ရှစ်ခုရှိ မြို့နယ် ၄၃ ခုတွင် တရုတ်စီမံကိန်းများအနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှု များမှာ ၂၀၂၁ ခုနှစ်ထက် နှစ်ဆနီးပါး များပြားခဲ့သည်။

၂၀၂၃၊ ဇန်နဝါရီ ၂၅

မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ အားလုံးပြန်လည်ဖွင့်လှစ်ပြီးနောက်တွင် နယ်စပ်သွားလာခွင့်လက် မှတ် (Border Pass) စာအုပ်အနီများကို နန်းတော်ဂိတ်တွင် လုပ်ပေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော် ပြထားသည်။ လက်ရှိတွင် မူဆယ်၊ နမ့်ခမ်း နှင့် ပန်ဆိုင်း အိမ်ထောင်စုစာရင်း ရှိသူများကို သာ စာအုပ်အနီ ထုတ် ပေးလျက်ရှိသည်။

၂၀၂၃၊ ဇန်နဝါရီ ၂၅

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန််လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံခြားရေးရာရုံး ကြေညာပြီးနောက်တွင် ဖွင့်လှစ် ရန် ကျန်ရှိနေသော လူဝင်လူထွက်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကို မနက်ခြောက်နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ လူဝင်လူထွက်ဂိတ်များကို ၂၀၂၁ အောက်တိုဘာတွင် ကိုဗစ်ရောဂါထိန်းချုပ်ရန် နှစ်နိုင်ငံလူဝင် လူထွက်ကိုပိတ်ခဲ့ပြီး နန်းတော်ဂိတ်မှ တဆင့်သာ အကန့်အသတ်ဖြင့် ဝင်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မန့်ဝန်း ကျယ် ဂေါင်ဂိတ်ကို ဇန်နဝါရီ ၁၄ တွင် အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၂၂

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန််လည်ဖွင့်လှစ်ရန် ကြေညာပြီးနောက်တွင် ယူနန်ပြည်နယ်၊ မန်စီမြို့မှ မန္တ လေး မြို့သို့ တိုက်ရိုက်ပျံသန်းသည့် ရွှေလီလေကြောင်းလိုင်းကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး၊ မြန်မာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ပြီး လိုက်ပါလာ သူများကို စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ ကြောင်းရေးသားထားသည်။ အဆိုပါလေယာဉ်သည် မန္တလေးမြို့မှ မန်စီမြို့သို့ တရုတ်နိုင်ငံသား ၂၅ ဦး၊ မြန်မာ နိုင်ငံသား ခြောက်ဦး စုစုပေါင်း ၃၁ ဦးလိုက်ပါပြီး ညနေ ၅ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာခဲ့သည်။ အဆို ပါလေကြောင်းလိုင်းသည် တပတ်လျှင် သုံးရက်နှုန်းဖြင့် အင်္ဂါ၊ ကြာသာပတေး၊ စနေ နေ့များတွင် ပြေးဆွဲမည်ဖြစ် သည်။ ရွှေလီလေကြောင်းလိုင်း (Ruili Airlines)သည် တရုတ်နိုင်ငံ ကူမင်းမြို့၊ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ အခြေစိုက်သည့် တရုတ် လေကြောင်းလိုင်းဖြစ်ပြီး တရုတ်နိုင်ငံတွင်းနှင့် အရှေ့တောင်အာရှ ဒေသတွင်း ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိသော တန်ဖိုးနည်းလေကြောင်းလိုင်းတခုဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ စတင်၍ မန်စီ-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်နှင့် မန်စီ-မန္တလေး လေကြောင်းခရီးစဉ်တို့ကို အပတ်စဉ် ပုံမှန်ပြေးဆွဲပေးခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုကြောင့် နှစ်နှစ်ကြာ ပိတ်ထားခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၂၂

ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတွင် ထောက်ခံရပ်တည်ပေးသည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းဂန်းထံ ပေးပို့သည့် တရုတ်နှစ်သစ်ကူးနေ့ သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။ တရုတ် သမ္မတ မစ္စတာရှီကျင့်ဖျင် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်ခွင့်ရရှိခြင်းနှင့် မစ္စတာချင်းဂန်း နိုင်ငံခြား ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရခြင်းအတွက်လည်း ကြိုဆိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ မြန်မာ ပြည် သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ဆင်နွှဲလျက်ရှိသည့် တော်လှန်ရေး၏ အောင်မြင်မှုများသည် တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ပိုမိုအကျိုးရှိစေ မည်ဖြစ်ကြောင်း ရေးသားထားသည်။ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်း မြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးနှင့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အ ကောင်အထည်ဖော်ရေး စစ်ကောင်စီကို တိုက်တွန်းချက်များပါဝင်သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် တရပ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့က ချမှတ်ခဲ့သည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၇၄ နှစ် အတွင်း ပထမဆုံးဖြစ်သည့် အဆိုပါ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် တရုတ်နိုင် ငံက ဗီတိုအာဏာဖြင့် ကန့်ကွက်ခဲ့ခြင်းမရှိပေ။ ထို့ပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပ သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နိုင်ငံခြား ရေး ဝန်ကြီး ​ဝမ်ယိတတ်ရောက်ခဲ့သော်လည်း နိုဝင်ဘာတွင် ကျင်းပရန်လျာထားသည့် နိုင်ငံ့ခေါင်းဆောင်များ အစည်း အဝေးအတွက် စစ်ကောင်စီ၏ဖိတ်ကြားမှုကို တရုတ်နိုင်ငံဘက်က တုံ့ပြန်မှုမရှိခဲ့ချေ။ ထို့ကြောင့် တရုတ်အစိုးရ အနေနှင့် စစ်ကောင်စီကို အပြည့်အဝ မထောက်ခံကြောင်းနှင့် အာဆီယံနိုင်ငံများ၏ ဖိအားကြောင့် တရုတ်နိုင်ငံ အ နေနှင့် စစ်ကောင်စီအပေါ်တွင် ရပ်တည်ချက်ပြောင်းလဲလာကြောင်း ပြည်တွင်းသတင်းစာများက ဖော်ပြ ခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မျက်နှာနှစ်ဘက်ဆက်ဆံရေးမျိုးမရှိဘဲ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ဘက်စုံမဟာဗျူဟာမြောက်ပူး ပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတခုဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါမိန့်ခွန်းကို ရန်ကုန်မြို့ရှိ အမျိုးသားအား ကစား ပြိုင်ပွဲရုံ (၁) သု၀ဏ္ဏ၌ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် ကျင်းပသည့် ချစ်ကြည် ရေးဘတ်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်စဉ် ပြောကြား ခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်ထောက်ခံ ရပ်တည်ကြောင်း၊ ဧကဝင်ရိုးမှ ဗဟုဝင်ရိုးသို့ ပြောင်းလဲရန် လုပ်ဆောင်မှုများကို ကြိုဆိုကြောင်းနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Shanghai Cooperation Organization) တွင် မြန်မာနိုင်ငံကို ဆွေးနွေးဘက်နိုင်ငံ (Dialogue Partner) အဖြစ် သတ်မှတ်ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်ကလည်း တရုတ်နှစ်သစ်ကူးပွဲတော်သို့ ပထမဆုံး အကြိမ် နိုင်ငံ့အကြီးအကဲကိုယ်တိုင် တက်ရောက်ခြင်းကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါတ ရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံက အဓိကအဖွဲ့ဝင်အဖြစ် ပါဝင်သည့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံကို ဆွေးနွေးဘက်နိုင်ငံအဖြစ် သတ်မှတ်‌ပေးခဲ့သည်။ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်၌ တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားများ ကျင်းပရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်သာ ပုံမှန်တက်ရောက်လေ့ ရှိခဲ့သည်။ ယခုနှစ်တွင် အမြင့်ဆုံးအဖြစ် စစ်ခေါင်းဆောင်ကိုယ်တိုင် ပထမဆုံးအကြိမ်ပါဝင်တက်ရောက်ပြီး ဖျော် ဖြေရေးအစိီအစဥ်များ၊ ပြိုင်ပွဲများဖြင့် နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ်ဆုံး ကျင်းပခဲ့သည့် တရုတ်နှစ်သစ်ကူး ပွဲ တော်ဖြစ်သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများ၏ တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားအား က စားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်နွယ်ဖွား အဖွဲ့အစည်းများက တရုတ် ရိုး ရာအကနှင့် တေးဂီတများ ဖျော်ဖြေတင်ဆက်ခြင်း၊ တရုတ်အစားအစာများဖြင့် ဧည့်ခံခြင်းတို့ ပြုလုပ်ခဲ့ပြီး နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေးဘတ်စကတ်ဘောပြိုင်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း တရုတ်သံ ရုံးက ထုတ်ပြန်သည်။ အခမ်းအနားသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။ စစ်ခေါင်းဆောင် တက်ရောက် မှုနှင့်ပတ်သက်၍ တရုတ်နွယ်ဖွားများ၏ နှစ်သစ်ကူးပွဲ‌တော်သို့ မြန်မာနိုင်ငံအကြီးအကဲမှ ပထမဆုံးအကြိမ် တက် ရောက်ခြင်းကြောင့် ကျေးဇူးတင်ကြောင်း တရုတ်သံအမတ်က ပြောကြားခဲ့သည်။ ထို့ပြင် နှစ်သစ်တွင် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည် ဆောက်ရေးကို ဆက်တိုက်မြှင့်တင်ရန် ဆန္ဒရှိကြောင်း မစ္စတာချန်းဟိုင်က နှစ်သစ်ဆုတောင်းစကားတွင် ထည့်‌ သွင်းပြောကြားခဲ့သည်။

၂၀၂၃၊ ဇန်နဝါရီ ၂၀

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ပြုလုပ်သည့် ခရီးသွားလုပ်ငန်းသုတေသန လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်း လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တရုတ်နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး မစ္စတာပန်ဖန်းတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ခရီးသွားလုပ်ငန်းသုတေသန လက်စွဲစာ အုပ် နှင့် သင်တန်းတို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်လျက်ရှိသည့် ခရီးသွားလာရေး သုတေသနစင်တာ တည် ဆောက် မှု စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် ခရီးသွားကဏ္ဍသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ် သည်ဟုဆိုသည်။

၂၀၂၃၊ ဇန်နဝါရီ ၁၉

စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီးကျင်းပသည့် လန်ချန်း-မဲခေါင် ရိုးရာအကပွဲ တော် ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ် ပြန်သည်။ အခမ်းအနားကို အွန်လိုင်း၊ အော့ဖ်လိုင်း ပုံစံနှစ်မျိုးဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး မစ္စချောင်ဂျင်း၊ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ကမ္ဘော ဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။ ယခုပွဲတော်သည် လန်ချန်း-မဲခေါင် နိုင်ငံများကြား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်သူချင်းကူးလူးဖ လှယ် မှု မြှင့်တင်ရေးနှင့် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အထောက်အကူပြုမည်ဖြစ် ကြောင်း သံမှူး မစ္စချောင်ဂျင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် လန်ချန်း-မဲ ခေါင် ခြောက်နိုင်ငံမှ အကအဖွဲ့များက ရိုးရာအကများ တင်ဆက်ကပြခြင်းနှင့် ရိုးရာအကဆိုင်ရာ အတွေ့အကြုံ များကို မျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယဉ်ကျေးမှုနယ်ပယ်မှတဆင့် ပြည်သူချင်းကူးလူးဖလှယ်မှု မြှင့်တင် ရေးသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်တွင် ကျင်းပခဲ့သည့် ခုနှစ်ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အဆင့် အစည်းအဝေး ပူးတွဲကြေညာချက်တွင် ကဏ္ဍတရပ်အဖြစ် ပါဝင်သည်။

၂၀၂၃၊ ဇန်နဝါရီ ၁၉

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အကြိမ်ရေ သုံးသန်းစာ နှင့် ဆေးထိုးအပ် သုံးသန်းကို လွှဲပြောင်းလက်ခံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ လှူ ဒါန်းသည့် ကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်း ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း(booster) အတွက် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်က လွှဲပြောင်းပေးအပ် သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်၌ ကျင်းပသည့် အဆိုပါအခမ်း အနားသို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့‌ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး စုစုပေါင်း ၅၁ ဒသမ ၁၉ သန်းထောက်ပံ့ပေးခဲ့ပြီး အဆိုပါပမာဏထဲမှ ၂၁ ဒသမ ၁ သန်းသည် အခမဲ့လှူဒါန်းခြင်းဖြစ်ကာ ၃၀ ဒသမ ၀၉ သန်းကို သက်သာသည့်ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း တရုတ်သံရုံးက ၂၀၂၂ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) ကိုလည်း တရုတ်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှစ၍ နေပြည်တော်တွင် တည် ဆောက်လျက်ရှိသည်။

၂၀၂၃၊ ဇန်နဝါရီ ၁၇

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁) ဖြင့် ဆောက်လုပ်သည့် ဟိုပန်ခရိုင် သ ဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲအခမ်းအနားကို ဝကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာမှ ပြည်နယ်ဦးစီးမှူးတို့ တက် ရောက် ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် အသိပညာ ပေးစင်ဝာာ နှစ်ခုကို ရှမ်းပြည်နယ် ပင်းတယမြို့နှင့် မိုင်းပျဉ်းမြို့တို့၌လည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ တို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ တရုတ်အစိုးရဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ ကျပ် ၄၆၆ သန်းနီးပါးဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပျဉ်း၊ ပင်းတယ၊ လောက်ကိုင်နှင့် ဟိုပန်မြို့တို့တွင် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်နှင့် သဘာဝဘေး အသိပညာပေးစင်တာများ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်၏ မဏ္ဍိုင်သုံးရပ်နှင့် ဦးစားပေးနယ်ပယ် ငါးခုအနက် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်အောက်တွင် ကဏ္ဍတရပ်အနေဖြင့် ပါဝင်သည်။

၂၀၂၃၊ ဇန်နဝါရီ ၁၇  

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်လက်မှတ်များ (Form E) ကို စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိ ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ ဇန်န ဝါ ရီ ၁ ရက်မှ ၁၇ ရက်အထိ ကုန်သွယ်ရေးဇုန်လက်မှတ် ၆၀၅ စောင် ထုတ်ပေးခဲ့ပြီး ပို့ကုန်ယာဉ် (၃,၇၁၄)စီး၊ သွင်းကုန်ယာဉ် (၁,၄၂၂)စီး ဖြင့် ကုန်သွယ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ အဆိုပါ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်လက်မှတ်သည် တရုတ်နှင့် အာဆီယံနိုင်ငံများတွင်း အကောက်ခွန် လျှော့ ချပေးသော ကုန်သွယ်ခွင့်လက်မှတ်ဖြစ်သည်။

၂၀၂၃၊ ဇန်နဝါရီ ၁၆ 

စစ်ကောင်စီအား လက်နက်ကုန်ကြမ်းပစ္စည်းများ ရောင်းချနေသည့် နိုင်ငံတကာကုမ္ပဏီများတွင် တရုတ်ကုမ္ပဏီ များလည်း ပါဝင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (Special Advisory Council for Myanmar – SAC-M) က ထုတ်ပြန်လိုက်သည်။ QJG-02G အမျိုးအစား လေယာဉ်ပစ်စက်သေနတ်များအပါအဝင်စစ်ကောင် စီ ၏ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ) အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို တရုတ် အစိုးရပိုင်ကုမ္ပဏီကြီးဖြစ်သည့် China North Industries Group Corporation Limited (NORINCO) မှတဆင့် ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ​​KS-1MB Surface-to-Air missile ဒုံးစနစ် ပြည်တွင်းထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာများကို တရုတ် အစိုးရပိုင်ကုမ္ပဏီဖြစ်သည့် China Jiangnan Space Industry Co./ China National Precision Machinery Import and Export Corporation က သင်တန်းပေးခဲ့သည်။ စစ်ကောင်စီတပ်အသုံးပြုနေသော AR-1 ဒုံးသယ် ဆောင်နိုင်စွမ်းရှိသည့် CH-4 UAV တိုက်ခိုက်ရေးဒရုန်းများကိုမူ တရုတ်အစိုးရပိုင် China Aerospace Science and Technology Corporation (CASC) ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ HOWO မော်ဒယ်အပါအဝင်စစ်ဘက်ဆိုင် ရာသုံး တရုတ်လုပ်ထရပ်ကားများကို တရုတ်ကုမ္ပဏီ Sinotruck ထံမှ ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာတွင် ရေး သား ထားသည်။ NORINCO ၏ကုမ္ပဏီခွဲတခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ (Myanmar Wanbao Mining Copper Limited) သည်လည်း ကပစအတွက် လိုအပ်သည့်ကြေးနီများကို ယခင်က တူးဖော်ရောင်းချခဲ့သည်။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်ရန် ပံ့ပိုးကူညီနေသော အမေရိကန်နှင့် ဥရောပအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင် ငံမှ ကုမ္ပဏီပေါင်း ၄၅ ခုကျော်တို့အနေနှင့် စစ်ကောင်စီနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ချက်ချင်းရပ်တန့် ကြရန် ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် SAC-M က တောင်းဆိုထားသည်။ 

၂၀၂၃၊ ဇန်နဝါရီ ၁၆

စစ်ကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာရန်‌ဝေးချွင်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ် ကောင် စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၌ တွေ့ဆုံကြရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ရေးနှင့် ပညာသင်ဆုများ တိုးမြှင့်ရရှိရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။

၂၀၂၃၊ ဇန်နဝါရီ ၁၆ 

 တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ တရားမဝင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်ပေးရန်ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်နှင့် မံစီမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများက ဆန္ဒထုတ် ဖော်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတခုက ဖော်ပြထားသည်။ အဆိုပါ မြို့နယ်များရှိ အင်ဘာပါ၊ ဒိန်ဆိန်းပါ၊ ဘွမ်ဆဲန်ပါ၊ ဆဒုံး ဘွမ် ဒေသများတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦး ဦးဆောင်သည့် စီးပွား ရေးလုပ်ငန်းစုများက မြေရှားသတ္တုတူးဖော်ရန် မြေနေရာစမ်းသပ်လုပ်ဆောင်မှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်မှ လက်ရှိအချိန်အထိ ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ ထို့နောက် ဒိန်ဆိန်းပါဒေသရှိ ကျေးရွာအချို့တွင် မြေနေရာတိုင်းတာသတ်မှတ်ခြင်း၊ အမှတ်အသားပြုလုပ်ခြင်းတို့ကို ဒေသခံများ၏ ဆန္ဒနှင့် ဆန့်ကျင်ကာ တူး ဖော်ရန် ဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ငန်းများတွင် အသုံးပြုသော အက်ဆစ်အမျိုးမျိုးကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အပင်နှင့် သတ္တဝါများမျိုးတုံးခြင်း၊ မြေနှင့် ရေ အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်လာမည်ကို ဒေသခံများမှ စိုးရိမ်လျက်ရှိသည်။ ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်နယ်စပ်ဒေသများနှင့် ပန်ဝါဒေသတို့တွင် ဒေသအာဏာပိုင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ မြေရှားသတ္တုတူး ဖော်ခြင်းကို ဆောင်ရွက်လာကြသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်ပို့မှုမှာ အမေရိကန်ဒေါ် လာ ၁ ဒသမ ၅ သန်းဖိုးသာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ သန်း ၇၈၀ အထိ တိုးမြင့်လာကြောင်း Global Witness က အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။ အာဏာသိမ်း ပြီးနောက် ပြည်သူ့စစ်များ ကြီးစိုးသည့် ကချင်အထူးဒေသ ၁ မှာ မြေရှားသတ္တုထုတ်လုပ်မှုအများ ဆုံးထုတ် လုပ် ရာ ဒေသဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ လွယ်ဂျယ်၊ မိုးမောက်၊ မံစီ မြို့နယ်များတွင် တရားမဝင် မြေ ရှားသတ္တုတူးဖော်မှုများ ရှိခဲ့ပြီး မြေနှင့်ရေ အဆိပ်သင့် ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ကြရသည်။

၂‌၀၂၃၊ ဇန်နဝါရီ ၁၅ မှ ၁၈ အထိ

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံပူးပေါင်းကာ ၁၂၅ ကြိမ်မြောက် မဲခေါင်မြစ်တလျှောက် ပူးတွဲကင်း လှည့်မှုကို လုပ်ဆောင်ခဲ့သည်။ အဆိုပါကင်းလှည့်မှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ မှ ၁၈ ရက်နေ့အထိ လေးရက် တာ ပြုလုပ်ခဲ့ပြီး မဲခေါင်မြစ်တလျှောက် ကီလိုမီတာ ၆၂၀ ကျော် ကင်းလှည့်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။ မဲခေါင်မြစ်တလျှောက် လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တိုက် ဖျက်ရေးတို့အတွက် ရည်ရွယ်ကာ ကင်းလှည့်မှုကို လစဉ် ပြုလုပ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် မဲခေါင်မြစ် အ တွင်း လေးနိုင်ငံပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု ၁၂ ကြိမ် ဆောင်ရွက်ခဲ့ပြီး အမှုအမျိုးအစား ပေါင်း ၂၂ မှုဖော်ထုတ်ခဲ့ကာ ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၆၃၈ ဦးနှင့် မူးယစ်ဆေးဝါးတန်ချိန် ၃ ဒသမ ၁၉ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ 

၂၀၂၃၊ ဇန်နဝါရီ ၁၅

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်ခရိုင်၊ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မူဆယ်၊ နမ့်ခမ်း အိမ် ထောင်စုတွင် ပုံစံ ၁၀ ပါရှိသော ခြောက်ဘီကားသမားများကို နယ်စပ်ဖြတ်ကျော် စာအုပ်အနီများ (Border Pass)များ လုပ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတခုတွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်စာအုပ် များ ကို အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ သက်တမ်းရှိယာဉ်မောင်းလိုင်စင် အစရှိသည့် စာရွက်စာတမ်း အပြည့်အစုံ ဖြင့် လုပ်ပေးခဲ့သည်။ လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ နေထိုင်သူများကိုသာ စာအုပ်ပြုလုပ်ပေး လျက်ရှိ သည်။ အဆိုပါ မန့်ဝန်း-ကျယ်ဂေါင်နယ်စပ်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သော်လည်း လူဝင်လူ ထွက် နှင့် ရှစ်ဘီးအထက် ကုန်ကားများ ဝင်ခွင့်မရသေးဘဲ ခြောက်ဘီးကားများကိုသာ ဝင်ထွက်ခွင့်ပြုခဲ့သည်။ ၂၀၂၂ နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ကိုဗစ်စည်းကမ်းများကို ဖြေလျော့ပေးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီတွင် နယ်စပ် ဂိတ် များကို တရုတ်နိုင်ငံဖက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကိုဗစ် ဖြစ်ပွားမှူ မြင့်တက်နေသောကြောင့် မြန်မာဖက်မှ နယ်စပ်ဂိတ် ဖွင့်လှစ်မှုများကို ပြန်လည်ကန့်သတ်ခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၁၅

တရုတ်-မြန်မာ ကုန်သွယ်မှုတွင် အရေးပါသော ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန် တွင် ဇန်နဝါရီ ၁၅ ရက်နေ့က ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကျော်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ လေးသန်းကျော် ရရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အများဆုံး တင်ပို့ခဲ့သော ကုန်ပစ္စည်းမှာ သီဟိုဠ်စေ့၊ ဆန်ကွဲ၊ ဖရဲသီး၊ နှမ်းနက်၊ ကဏန်း အစရှိသော လယ်ယာထွက်ကုန် များနှင့် ရေထွက်ပစ္စည်းများဖြစ်သည်။ ထို့ပြင် ဇန်နဝါရီ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပို့ကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၁၇ သန်းကျော်နှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇ သန်းကျော်ဖြင့် ကုန်သွယ် မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ သန်းကျော် ရှိခဲ့သည်။ 


၂၀၂၃၊ ဇန်နဝါရီ ၁၅

တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အရေးပါသောနယ်စပ်ဂိတ်ဖြစ်သည့် မန့်ဝန်း-ကျယ်ဂေါင်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့သော်လည်း လုပ်ငန်းလည်ပတ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်ကို ပြည်တွင်း သတင်းဌာနတခုက ဖော်ပြထားသည်။ ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်၍ အိမ်စီးကားများနှင့် ခြောက် ဘီးပါးယာဉ်မောင်းများသာ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် တရုတ်ပြည်တွင်းသို့ ဝင်ရောက်နိုင် မည်ဖြစ် ကြောင်း နယ်စပ်ကုန်သည်များက ပြောခဲ့သည်။ ထို့ပြင် လူအဝင်အထွက်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်ကိုလည်း မြန်မာဘက်မှ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။ လတ်တလောတွင် မန့်ဝန်း-ကျယ်ဂေါင်ဂိတ် အနီး၌ ကိုဗစ်စစ်ဆေးမည့် အခန်းများနှင့် အခြားမွမ်းမံပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရော ဂါကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်အားလုံးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရွှေလီမြို့နိုင်ငံခြားရေးရာရုံးက ‌ကြေညာ ခဲ့သော်လည်း တရုတ်နိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသောကြောင့် ဂိတ်အဝင်အထွက်များကို မြန်မာဘက်က ကန့်သတ်ထားခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၁၅

တရုတ်-မြန်မာ ကုန်သွယ်မှုတွင် အရေးပါသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျင်စန်းကျော့-မက်မန့် လမ်းကြောင်းတွင် ရွှေမိုင်းယုမှ ရွှေလွယ်အင်အထိ ခေါက်တိုယာဉ်မောင်းစနစ် (ရှန်တိန်စနစ်)ကို ပယ် ဖျက်ကြောင်း နယ်စပ်ကုန်သည်များ၏ ဖြေကြားချက်ကို ပြည်တွင်းသတင်းဌာနတခုက ဖော်ပြထားသည်။ သို့ သော်လည်း မြန်မာနိုင်ငံမှယာဉ်မောင်းများသည် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မရှိသေးဘဲ ရွှေလွယ် အင် တွင် ယာဉ်မောင်းအစားထိုးစနစ်ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရွှေလယ်အင်ကွင်းတွင် တရုတ်အဝင် ပေါက်မှ မြန်မာအဝင်ပေါက်သို့ ရှန်တိန်စနစ်ဖြင့် မောင်းနှင်ရဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆ တွင် တရုတ် နိုင်ငံ၏ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းအရ ကျင်စန်းကျော့ဂိတ်ကို ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစား ထိုး ယာဉ်မောင်းစနစ်ဖြင့် ထပ်မံစမ်းသပ်ကာလအဖြစ် ကွန်တိန်နာ ငါးလုံးတင်ပို့ကာ စတင်ဖွင့်လှစ်ခဲ့သည်။ 


၂၀၂၃၊ ဇန်နဝါရီ ၁၄

တရုတ်-မြန်မာ စီးပွားရေးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့သည်ဟု စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုပူးပေါင်း ဆောင် ရွက်မှုသည် မြန်မာနိုင်ငံမှ တောင်ပေါ်မြေပြန့်ဒေသဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့၊ တောင်ပေါ်မြေပြန့်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်ရှာဖွေရေး ကော်မတီ၊ စိုက်ပျိုးရေးအထောက်အကူပြု ကော်မတီအဖွဲ့ စိုက်ပျိုး ရေး အထောက်အကူပြုကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ လျောင်နင်ပြည်နယ် (Liao Ning) ကုန်သည်ကြီး များ အသင်းတို့အကြား ချုပ်ဆိုခဲ့သည်ဟု ရေးသားထားသည်။ ထိုအခမ်းအနားကို တရုတ်နှစ်သစ်ကူး အခမ်းအနားနှင့် ပူးတွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်မြေပြန့်ဒေသဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်းမြင့်နိုင် က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကို ပြောဆိုဆွေးနွေးခဲ့သည်ဟု ထည့်သွင်းဖော် ပြ ထားသည်။ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ လျောင်နင်ပြည်နယ်ကုန်သည်ကြီးများအသင်းမှ သံမှူးမစ္စတာ ရှူဖူနှင့် မစ္စတာလီရှန်ကျန်းတို့ တက်ရောက်ခဲ့သည်။ လျောင်နင်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်း တွင် တည်ရှိပြီး မြောက်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်သာမက ပင်လယ်ဝါသို့ ပင်လယ်ရေ ကြောင်းထွက်ပေါက်ရှိသည့် ပြည်နယ်တခုလည်း ဖြစ်သည်။ ယင်းပြည်နယ်မှာ တရုတ်အရှေ့မြောက်ပိုင်းတွင် အကြီးဆုံးနှင့် ချမ်းသာကြွယ်ဝမှုအရှိဆုံးပြည်နယ်ဖြစ်ပြီး ထိပ်တန်းစက်မှုလုပ်ငန်းများဖြစ်သော ရေနံဓာတုဗေဒ၊ သတ္တုဗေဒ၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးနှင့် စက်ယန္တရားများ ထုတ်လုပ်သည့် လုပ်ငန်းများလုပ်ကိုင်သည်။ ထို့အပြင် သံမဏိနှင့် သတ္တုဖြတ်တောက်သည့် စက်ကိရိယာများကို အဓိကထုတ်လုပ်သည့်ပြည် နယ်လည်းဖြစ် သည်။ ထိုထုတ်လုပ်မှုနယ်ပယ်တွင် တရုတ်တနိုင်ငံလုံးအ တိုင်းအတာဖြင့် ထိပ်တန်းထုတ်လုပ်မှု အဆင့် ၃ ရှိ သည်ဟုဆိုသည်။ အသေးစားစက်မှုလုပ်ငန်းအနေဖြင့် ချည်ထည်နှင့် သိုးမွှေးချည်မျှင်၊ ဓာတုဖိုက်ဘာ ထုတ် လုပ် ခြင်း၊ ချည်ထိုးခြင်း၊ ပိုးထည်ထုတ်လုပ်ခြင်းနှင့် အထည်အလိပ်နှင့် အထည်အလိပ်ဆိုင်ရာ စက်ယန္တရားများ ထုတ် လုပ်ခြင်းတို့ကို လုပ်ကိုင်သည့်ပြည်နယ်ဖြစ်သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၁၄

တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အရေးပါသော နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မန့်ဝန်း-ကျယ်ဂေါင်ဂိတ်ကို မြန်မာဘက်က ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြသည်။ မန့်ဝန်း-ကျယ်ဂေါင် ဂိတ်ကို နံနက် ၇ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရာတွင် ခြောက်ဘီးကားများကိုသာ ဝင်ထွက် ခွင့်ပြုခြင်း၊ လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များကို တင်သွင်းခွင့်မပြု ခြင်း၊ ကြံတင်ပို့ရာတွင် ၁၆ တန် အထိသာ တင်ပို့ခွင့်ပြုခြင်းနှင့် သွင်းကုန်အဖြစ် လူသုံးကုန်၊ စားသောက်ကုန်နှင့် လျှပ်စစ်ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုခြင်း စသည့် စည်းကမ်းများကို စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကိုဗစ်ရောဂါထိန်းချုပ်ရန်အတွက် ယာဉ်မောင်း တဦး သာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးထားမှုလည်း လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကိုဗစ်ရောဂါကူးစက်မှုကို ကန့်သတ်ထိန်းချုပ်ရန် ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ ရက်နေ့မှ စတင်၍ သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်အားလုံးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရွှေလီမြို့နိုင်ငံခြားရေးရာရုံးက ‌ကြေညာခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသောကြောင့် ဂိတ်အဝင်အ ထွက် များကို မြန်မာဘက်က ကန့်သတ်ထားခဲ့ပြီး မန့်ဝန်း-ကျယ်ဂေါင်ဂိတ်ကိုသာ အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

 ၂၀၂၃၊ ဇန်နဝါရီ ၁၃

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ပဉ္စမအသုတ် စီမံကိန်းခုနစ်ခုကို စတင်အ ကောင် အထည်ဖော်မည့်အကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။ အဆိုပါစီမံကိန်းခုနစ်ခုတွင် ရော် ဘာကြိတ်ခွဲခြင်း၊ ကြံမျိုးထုတ်လုပ်ခြင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်ခြင်း၊ ရေချိုငါးအမျိုးမျိုးမွေးမြူခြင်း၊ သီးနှံအထွက် နှုန်း ခန့်မှန်းရေးဌာန တည်ထောင်ခြင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးရေး ဓာတ်ခွဲခန်းတည်ထောင်ခြင်း၊ သီးနှံ ဆုံးရှုံးမှုခန့်မှန်းရေးလေ့လာခြင်း စသည်တို့ပါဝင်သည်။ တရုတ်ဦးဆောင်သော အစီအမံဖြစ်သည့် မဲခေါင်-လန် ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ပထမအသုတ်(၂၀၁၇) တွင် ငါးခု၊ ဒုတိယအသုတ်(၂၀၁၈) တွင် ကိုးခု၊ တတိယအသုတ် (၂၀၂၀) တွင် ခြောက်ခု၊ စတုတ္ထအသုတ် (၂၀၂၁) တွင် လေးခုနှင့် ယခုပဉ္စမအသုတ် (၂၀၂၂) တွင် ခုနစ်ခု စုစုပေါင်း စီမံကိန်း ၃၁ ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သည်။ ၎င်းပဉ္စမအသုတ် စီမံကိန်းများစတင် ကြောင်း အသိပေးကြေညာခြင်းအခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး တရုတ်သံမှူး ဒေါက်တာကျန်း ကျိ ဟုန် အပါအဝင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက် တာအောင်ကြီးနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း တို့လည်း တက်ရောက်ခဲ့ကြသည်။ 


၂၀၂၃၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရာတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို တရုတ် အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့အောက်ရှိ အပင်နှင့်တိရစ္ဆာန် ကြီးကြပ် စစ်ဆေးရေးဌာနမှ တဆင့် ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ၏ ကုန်သွယ်မှုမြှင့်တင့်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်အရ စိုက်ပျိုးရေး ထုတ် ကုန်များတွင် ကော်ဖီစေ့၊ ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့ အ ဆံများ၊ အစေ့အဆံအခြောက်များ၊ ဆီထွက်အပင်များ၊ တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန်နှင့် အ ပင်များ ပါဝင်သည်။ အဆိုပါထုတ်ကုန်များကို တင်ပို့သည့် ကုမ္ပဏီများအနေနှင့် တရုတ်အကောက်ခွန် (GACC) တွင် မှတ်ပုံတင်ရာ၌ တရုတ်နိုင်ငံ အစားအ‌စာသွင်းကုန်လုပ်ငန်း မှတ်ပုံတင်စနစ် (CIFER) မှတဆင့် ဆောင် ရွက် ရန်မလိုတော့ချေ။ GACC အောက်ရှိ အပင်နှင့်တိရစ္ဆာန် ကြီးကြပ်စစ်ဆေးရေးဌာန (Department of Animal and Plant Quarantine) မှတဆင့် ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတင်ပို့ကုန်များအတွက် ကြီးကြပ်စစ်ဆေးမှုကို အဆိုပါဌာနကပင် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ ယခင်မှတ်ပုံတင်စနစ် (CIFER) မှတဆင့် မှတ်ပုံတင်ခွင့်ပြုထားသည့် ကုမ္ပဏီများကိုမူ ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါမှတ်ပုံတင်ခြင်းဆိုင်ရာ ပြောင်းလဲဆောင်ရွက်မှုများကို GACC က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် တွင် ကြေညာထားသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်နှင့် ဟင်းခတ် အမွှေးအကြိုင်များအပါအဝင် ကုန်စည် ၁၈ မျိုးကို GACC ထံ မှတ်ပုံတင်ပြီးမှသာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြု ထား သည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရေးအတွက် အပင်နှင့် တိရ စ္ဆာန် ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်ရေး (Sanitary and Phytosanitary Protocol – SPS) စာချုပ်ကို တရုတ် နိုင်ငံအကောက်ခွန်ဝန်ကြီးဌာနနှင့် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၃၊ ဇန်နဝါရီ ၁၀

၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြ ထားသည်။ အဆိုပါပြိုင်ပွဲကို စစ်ကောင်စီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ကာ မြန်မာနိုင် ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘတ်စ ကက် ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင် ရာ တရုတ်နိုင်ငံ သံအမတ် မစ္စတာချန်းဟိုင်နှင့်အတူ စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းလည်း တက်ရောက်ခဲ့သည်။ ကစားသမား ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည့် အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက်မှ ၁၇ ရက်အထိ ၁၀ ရက်ကြာ ကျင်း ပမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပရာ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သု၀ဏ္ဏကို တရုတ်နိုင်ငံအစိုးရ၏ အ ထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင်ပြုပြင်ခြင်း စီမံကိန်းပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။

၂၀၂၃၊ ဇန်နဝါရီ ၁၀

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ် သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တရုတ် နိုင်ငံဆိုင်ရာ စစ်ကောင်စီ၏ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် ဘေကျင်းမြို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနရှိ အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာလျိုကျင်းဆု(Liu Jinsong) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ် သည်။ တွေ့ဆုံပွဲတွင် ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်အလွန် မြန်မာ-တရုတ် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားရေး၊ အရာရှိအရာခံအချင်းချင်း အတွေ့အကြုံဖလှယ်မှုအစီအစဉ်အပါအဝင် နှစ် နိုင်ငံအကြား အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်သွားရေးနှင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းများ ဆက် လက်လုပ်ဆောင်သွားရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၁၀

တရုတ်ခရီးသွားဈေးကွက်သည် မြန်မာနိုင်ငံအတွက် အလားအလာရှိပြီး အားထားရသည့် ဈေးကွက်တခုဖြစ် ကြောင်း မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံပွဲတွင် စစ်ကောင်စီဝန်ကြီး ဒေါက်တာဌေး အောင်က ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပမည့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲနှင့် တရုတ်-မြန်မာ မြှင့်တင်ရေးစင်တာတွင် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ဆွဲဆောင်မှုများ ပါဝင်ပြသရန် ဝန်ကြီးဌာန နှင့် ခရီးသွားအသင်းအဖွဲ့များ ဒီဇင်ဘာ ၂၈ တွင် ဖိတ်ကြားခံထားရသည်ဟု ဆိုသည်။ ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်၌ ကျင်းပသော အဆိုပါ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တရုတ်သံရုံးမှ ပထမအတွင်းဝန်၊ ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

  ၂၀၂၃၊ ဇန်နဝါရီ ၈

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်များ ကို တရုတ်နိုင်ငံဘက်မှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ပြန်လည်ဖွင့်‌ပေးခဲ့သည့် နယ်စပ်ဂိတ်များတွင် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အရေး ပါသည့် မန့်ဝိန်းဂိတ်၊ လူဝင်လူထွက်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့ပါဝင်သည်။ မန့်ဝိန်းဂိတ် မှ ယာဉ်မောင်းတဦးပါ ကုန်တင်ယာဉ်များကို ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ဖြင့်ဝင်ထွက် နိုင်ရန် တရုတ်ဘက်မှ ခွင့်ပြုထားသည်။ ထို့ပြင် နယ်စပ်ဂိတ်မှတဆင့် ဖြတ်သန်းသွားလာသူများသည်လည်းကျန်း မာရေးကုဒ် လျှောက်ထားရန်မလိုတော့ဘဲ ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ဖြင့် ဝင်ထွက် နိုင်ကြောင်း ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း မြန်မာ ဘက် ခြမ်းမှ ဂိတ်များကို ဖွင့်ပေးခြင်းမရှိသေးပေ။ ရွှေလီမြို့အပါအဝင် တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉‌ ပိုးကူးစက်မှုများ များပြားနေသည့်အတွက် မြန်မာဘက်ခြမ်းမှ နယ်စပ်ဂိတ်များကို ဖွင့်ပေးရန် ဆိုင်းငံ့ထားသည်။ 

ရွှေလီမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေးရာရုံးက နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည်ဖြစ်‌ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ကုန်သွယ်မှုချောမွေ့စေရေးနှင့် ကျပ်/ယွမ် ငွေပေးချေမှုများ အဆင်ပြေစေရေးအတွက် ရွှေလီမြို့တော်ဝန်နှင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးတို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ‌ဆွေးနွေးခဲ့ကြသည်။ 

၂၀၂၃၊ ဇန်နဝါရီ ၅

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စဝူးရှီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး နှင့် သံတမန်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာ ၃၀ ရက်တွင်လည်း ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နယ်စပ်ဒေသနှင့် ပင်လယ် သမုဒ္ဒရာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပုံမှန်ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုများအတွက် ဆွေးနွေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့ သည့် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်အားလုံးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေးရာရုံးက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ‌ကြေညာထားသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ရုတ်တရက်ကွယ်လွန်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ဦးတင်မောင် ဆွေ ကို စစ်ကောင်စီက အစားထိုးခန့်အပ်ခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၅

တရုတ်အစိုးရပိုင် Power China Resources Limited ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသည့် မကွေးတိုင်း၊ ပွင့်ဖြူမြို့ နယ် ရှိ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဓာတ်အားစတင် လွှတ်သည့်အခမ်းအနား ကိုကျင်းပသည်။ ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် အဆိုပါဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တွင် တည်ရှိကာ တရုတ်အစိုးရပိုင် Power China Resources Limited ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ပျမ်းမျှအားဖြင့် ကီလိုဝပ်နာရီပေါင်း သန်း ၆၀ ကျော် နှစ်စဉ်ပို့လွှတ်နိုင်မည် ဖြစ်သည်။တရုတ်-မြန်မာ နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်မှုပြဿနာကို တရုတ်နိုင်ငံက ကူညီဖြေရှင်းပေးခဲ့ကြောင်း ဖွင့်ပွဲအခမ်းအနားသို့တတ်ရောက်ခဲ့သည့် တရုတ်သံအမတ်က ပြောဆိုခဲ့သည်။မြန်မာ နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်မှု ဖြစ်ပေါ်နေသည့် လတ်တလောနှစ်များတွင် တရုတ်ကုမ္ပဏီများက လျှပ် စစ် စီမံကိန်းများစွာကို တာဝန်ခံတည်ဆောက်ခဲ့သည်ဟု ဆိုသည်။ ဖွင့်ပွဲတွင် တရုတ်ကုမ္ပဏီများအနေနှင့် မြန်မာ နိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ဆိုခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်သံအမတ်နှင့် စီးပွားရေးသံမှူး၊ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ Power China Resources Limited ကုမ္ပဏီ ကိုယ်စားလှယ်နှင့်အတူ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးနှင့် မကွေးနှင့် ကချင်ပြည်နယ်ဝန်ကြီး ချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။ Guangdong New Technology Import Export Zhuhai Co (China) ကုမ္ပဏီ၏အ ကူအညီဖြင့် ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံအတွက် အဓိကအ သုံး ပြုနေသည့် ကြီးအုံကြီးဝ ရေလှောင်တမံဝန်းကျင်တွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်နှင့် နှစ်စဉ်ရင်ဆိုင် နေ ကြ ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တင်ဒါအောင်ထားသော တရုတ်ဆိုလာစီမံကိန်း ၂၉ ခုအနက် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကောင်အထည်မဖော်နိုင်သည့် စီမံကိန်း ၂၆ ခုကို စစ် ကောင်စီက ၂၀၂၂ ခုနှစ်၊ မေ ၁၁ ရက်တွင် တင်ဒါရပ်ဆိုင်းလိုက်ပြီး အမည်ပျက်စာရင်းသွင်းခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၅

တရုတ်-မြန်မာလူငယ်များ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်ကို ဗီဒီယိုကွန်းဖရင့်ဖြင့် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်သည်။ ထိုပွဲကို ကမ္ဘာလုံးဆိုင်ရာ လူငယ်များ ယဥ် ကျေးမှုပေါင်းစုံဖိုရမ် ခေါင်းစဥ်အောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ ယဥ်ကျေးမှုဆိုင်ရာ ဆက်သွယ်ရေး စင်တာ (CICCC)၊ တရုတ်နိုင်ငံခြားဘာသာစကား ထုတ်ဝေခြင်းနှင့် ဖြန့်ဖြူးရေး ဗျူရို (CICG) နှင့် တရုတ်အမျိုး သားရေနံကော်ပိုရေးရှင်း(CNPC) အောက်ရှိ နိုင်ငံတကာဆိုင်နိုပိုက်လိုင်းကုမ္ပဏီ (Sino-Piepeline International Company) တို့က ဦးစီးခဲ့သည်ဟု ရေးသားထားသည်။ တရုတ်အပါအဝင် မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ ပညာရှင်များနှင့် လူငယ်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီ ဥတု ပြောင်းလဲမှု၊ စွမ်းအင်ဆိုင်ရာ နည်းပညာအသစ်များနှင့် လက်တွေ့ အသုံးချဆောင်ရွက်နေမှုများကို အချင်း ချင်း မျှဝေဖလှယ်ခဲ့သည်ဟု ဖော်ပြထားသည်။ မြန်မာမှ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံအုပ်ချုပ်ရေး အကျိုးသက်ရောက်မှုများဆိုင်ရာ လေ့လာသုံးသပ်သူ တဦးကလည်း ကမ္ဘာကြီးပူနွေးလာမှုနှင့် အရေးတကြီး ဆောင်ရွက်သင့်သည်များနှင့် ဆိုလာစွမ်းအင်သုံး ရေသွင်းစိုက်ပျိုးရေးစနစ်၏ ကောင်းကျိုးများကို ဆွေးနွေးခဲ့ သည် ဟုဆိုသည်။ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းသည် တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ၅၀ ဒသမ ၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ 

၂၀၂၃၊ ဇန်နဝါရီ ၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာဆွန်းကော့ရှန်အား စစ် ကောင်စီဥက္ကဋ္ဌက စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သီရိပျံချီဘွဲ့ ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီသတင်းစာ တွင် ဖော်ပြထားသည်။ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့၌ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များစွာကို ချီးမြှင့်ခဲ့ရာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးသံတမန်အဖြစ်ခုနစ်နှစ် တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီနှင့် နှစ်ကြိမ်မျှ သွားရောက် တွေ့ ဆုံခဲ့သူ ဆွန်းကော့ရှန်(Sun Guoxiang)ကိုလည်း ထည့်သွင်း ချီးမြင့်လိုက်ခြင်းဖြစ်သည်။ သီရိပျံချီဘွဲ့ကို ၁၉၄၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာဆောင်ရွက်နေ သူများအား ချီးမြှင့်လေ့ရှိခဲ့ပြီး စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များအနက် အမြင့်ဆုံးဖြစ်သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၃

နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြန်ဖွင့်မည်ဟုကြေညာပြီး တရက်အကြာတွင် ရွှေလီမြို့တော်ဝန်နှင့် မူဆယ် ခရိုင်အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်များပြန်ဖွင့်ရေး၊ တရားမဝင် တ ရုတ်နိုင်ငံသားများလွှဲပြောင်းရေးနှင့် ကျပ်/ယွမ် ငွေပေးချေနိုင်ရေး ကိစ္စများ၊ တရုတ်-မြန်မာချစ်ကြည်ရေးကို ခိုင် မြဲစေရန်၊ နှစ်နိုင်ငံကုန်သွယ်မှု ချောမွေ့စေရန်နှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးယန္တရားကို မြှင့်တင်ရန် ရည် ရွယ်ပြီး ရွှေလီမြို့တော်ဝန် မစ္စတာရှန်လဘရင်း (Shang La Brin)နှင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော် မိုးတို့ အွန်လိုင်းစနစ်ဖြင့်တွေ့ဆုံခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းအရ သိရသည်။ ယာဉ်မောင်းတဦးပါ ကုန်တင် ယာဉ်အနေနှင့် ကိုဗစ်ဆေးစစ်ချက်တင်ပြ၍ မန့်ဝိန်းဂိတ်မှတဆင့် ရွှေလီမြို့အထိ မောင်းဝင်သွားနိုင်ပြီး နိုင်ငံကူး လက်မှတ်(စာအုပ်အနီ) ကိုင်ဆောင်ထားသူများကိုသာ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှတဆင့် ကိုဗစ်စည်း ကမ်းချက်နှင့်အညီ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း တရုတ်ဘက်က ဆွေးနွေးတင်ပြသည်။ 

နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရေး တရုတ်၏တောင်းဆိုချက်ကို သံတမန်လမ်းကြောင်းမှတဆင့် တရားဝင်စာဖြင့် ဆောင်ရွက်ရန် မြန်မာဘက်က မေတ္တာရပ်ခံသဖြင့် ကူမင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးနှင့် ညှိနှိုင်းဆောင် ရွက် သွားမည်ဟု တရုတ်ဘက်က ပြန်လည်ကတိပေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း တရားမဝင်ရောက် ရှိနေသည့် တရုတ်နိုင်ငံသားများကို တရားဝင်လွှဲပြောင်းပေးရေး တရုတ်၏တောင်းဆိုချက်အပေါ်တွင်လည်း သံ တမန်လမ်းကြောင်းမှတဆင့် ဆောင်ရွက်ရန် မြန်မာဘက်က တုံ့ပြန်ခဲ့သည်။ ထို့နောက် မြန်မာဘက်က ဆွေးနွေး ရာ တွင် ပို့ကုန်ရငွေများ တရားဝင်ငွေလွှဲခွင့်ရရန် ကျပ်/ယွမ် ငွေပေးချေမှုပြဿနာကို နှစ်နိုင်ငံအစိုးရအကြား တိုက် ရိုက်ဖြေရှင်းရေး၊ နယ်စပ်ဂိတ်ပိတ်မည်ဆိုပါက ကြိုတင်အကြောင်းကြားရေး၊ ကျင်စန်းကျော့ဂိတ်မှ မြန်မာ ယာဉ်မောင်းများကိုလည်း ရွှေလီအထိ မောင်းဝင်သွားနိုင်ရေး၊ မြန်မာဘက်က တရားဝင်ခွင့်မပြုထား သည့်ဂိတ် များ ပိတ်ထားရေး၊ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် တရုတ်နိုင်ငံသားများအနေနှင့် ကိုဗစ်စည်းကမ်း ချက် များ လိုက်နာဆောင်ရွက်ရေး စသည့်အချက်များ တောင်းဆိုခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၂

တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အရေးပါသော နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်သည့် မန့်ဝန်း-ကျယ်‌ဂေါင်ဂိတ်နှင့် လူဝင်ထွက်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်များကို ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ် နိုင် ငံခြားရေးဝန်ကြီးဌာန၊ ရွှေလီနိုင်ငံခြားရေးရာရုံးက ထုတ်ပြန်သည်။

 အဆိုပါ ထုတ်ပြန်ချက်တွင် မန့်ဝန်း-ကျယ်ဂေါင် နယ်စပ်ဂိတ်မှ ကုန်တင်ကားများကို တရုတ်စံတော်ချိန် နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် နန်းတော်ဂိတ်မှတဆင့် လူ အဝင်အထွက်ကို တရုတ်စံတော်ချိန် နံနက် ၈ နာရီမှ ည ၉ နာရီခွဲအထိ ဆောင်ရွက်နိုင်မည်ဟု ထုတ်ပြန်ခဲ့သည်။ မန့်ဝန်း-ကျယ်ဂေါင်နယ်စပ်ဂိတ်နှင့် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ ကိုဗစ် ကန့် သတ်ချက်အရ တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ကျင်စန်းကျော့-မက်မန့်ဂိတ် တခုတည်းမှသာ ကုန်သွယ်ခြင်းကို ခွင့်ပြုခဲ့သည်။ လက်ရှိတွင် တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်သည့် နယ်စပ်ဂိတ်များအနက် က ချင်ပြည်နယ်ရှိ လွယ်ဂျယ်-လိုင်းရင်း၊ ကန်ပိုက်တီ-ထိန်ချုံးနှင့် ရှမ်းပြည်နယ်ရှိ ချင်းရွှေဟော်-လင်ချန်း၊ ကြူ ကုတ် (ပန်ဆိုင်း)-ဝမ်တိန်၊ ကျိုင်းတုံ-တာလော့ နယ်စပ်ဂိတ်များကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ ခုနှစ် အတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

၂၀၂၃၊ ဇန်နဝါရီ ၁

၂၀၂၂ ခုနှစ်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ပိုက်ကျော်ခြင်းပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကူ မင်းမြို့၌ ကျင်းပခဲ့‌သည်။ နှစ်ရက်ကြာပြိုင်ပွဲတွင် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ကိုယ်စားပြု၍ အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း တရုတ် သံရုံးက ထုတ်ပြန်သည်။ အဆိုပါပြိုင်ပွဲကို ‌မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ ပြည်သူချင်းကူးလူးဖလှယ်‌မှု မြှင့်တင်ရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးတို့အတွက် ရည်ရွယ်ကျင်း ပခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အဆိုပြုခဲ့သည့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နယ်ပယ်ခြောက် ခုတွင် ယဉ်ကျေးမှုနှင့် ပြည်သူချင်း ကူးလူးဖလှယ်မှုမြှင့်တင်ရေးလည်း ပါဝင်ပြီး အဆိုပါနယ်ပယ်အောက်တွင် အား ကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်‌မှုမြှင့်တင်ရေးကို ထည့်သွင်းထားသည်။



ABOUT THE AUTHOR


ISP ADMIN


မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်း ထကြံ့ ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသား များပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦး တည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ် ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */