" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 11, 2024

ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေ ရပ်ရေး ICJ ထပ်တိုးကြားဖြတ် အမိန့် ချပေးဖို့ရာ တောင်းဆိုမလား ဂမ်ဘီယာ ရှေ့နေအဖွဲ့ သုံးသပ်နေ နောက်ဆုံးအဆင့် ကြားနာပွဲတွေ လာမယ့်နှစ်ထဲ ပြုလုပ်လာဖွယ် ရှိတယ်လို့ ဂမ်ဘီယာ ရှေ့နေ အဖွဲ့ပြော

BBC
June 10'2024 

နောက်ဆုံးအဆင့် ကြားနာပွဲတွေ လာမယ့်နှစ်ထဲ ပြုလုပ်လာဖွယ် ရှိတယ်လို့ ဂမ်ဘီယာ ရှေ့နေ အဖွဲ့ပြော

ရခိုင်ထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို ဂရုတစိုက် စောင့်ကြည့်နေတယ် ဆိုပြီး အပြည်ပြည်ဆိုင် ရာ တရားရုံး ICJ မှာ မြန်မာကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

မကြာသေးခင် သီတင်းပတ်တွေထဲမှာပဲ ICJ အမှုကိစ္စမှာ နှစ်ဘက် ကိုယ်စားပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေ ရှိခဲ့ပါတယ်။ အဲဒီ နောက်ဆုံး တိုးတက် ဖြစ်ပေါ်မှုတွေက ဘာလဲ။ ရိုဟင်ဂျာတွေ နေထိုင်ရာနေရာတွေမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ အမိန့် ICJ က ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာ တောင်းဆိုသွားမှာလား ... စတာတွေကို ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အမေရိကန်ရှေ့နေ အာဆလန် ဆူလေမန်ကို ဘီဘီစီ သတင်း ထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

(မစ္စတာ ဆူလေမန်ဟာ ICJ အပါအဝင် နိုင်ငံတကာရုံးတော်တွေ ရှေ့မှောက် အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကြား ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေ၊ တရားစွဲဆိုမှုတွေမှာ အထူးကျွမ်းကျင်တဲ့ ဝါရင့် ရှေ့နေ တစ်ယောက် ဖြစ်ပြီး၊ ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် ဖိုလီဟော့ဂ် အယ်လ်အယ်လ်ပီ Foley Hoag LLP ရှေ့နေရုံးက ထိပ်တန်း ရှေ့နေတစ်ယောက် ဖြစ်ပါတယ်)

နိုင်ငံတွေကြား အငြင်းပွားမှုတွေမှာ အတွေ့အကြုံ ရင့်ကျက်သူ အာဆလန် ဆူလေမန်

ဘီဘီစီ။ ။ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ မြန်မာ အပေါ် ဂမ်ဘီယာ နိုင်ငံက တရားစွဲထားတဲ့ အမှုဟာ အခု သီတင်းပတ်တွေထဲမှာပဲ နှစ်ဘက် ကိုယ်စားပြုသူတွေ ဘက်က ထပ်ပြီး လုပ်ဆောင်လာတာတွေ ရှိခဲ့တယ်လို့ နားလည်ထားပါတယ်။ အဲဒါ ဘာတွေလဲ ဆိုတာကို စပြီး ရှင်းပြ ပေးပါ့လား အာဆလန်ရေ။

အာဆလန် ဆူလေမန်။ ။ မေ လ ၂၃ ရက်နေ့မှာ ဂမ်ဘီယာဘက်က အခု အမှုကိစ္စအတွက် ထပ်ပြီး စာနဲ့ရေးသား တင်သွင်းလိုက်တဲ့ အရာကို “တုံ့ပြန်လွှာ” “reply brief” လို့ ခေါ်ပါတယ်။ ခင်ဗျား မှတ်မိမယ် ထင်ပါတယ်။ ကျွန်တော်တို့ နောက်ဆုံး စကားပြောခဲ့ကြတုန်းက အခု အမှုကိစ္စဟာ ဘယ် အဆင့်ကို ရောက်နေပြီလဲ ဆိုတာကို ကျွန်တော် ပြောခဲ့ပါတယ်။ အခု အဆင့်ဟာ “merit phase” လို့ ခေါ်ပါတယ်။ နှစ်ဘက် တင်သွင်း လျှောက်ထားချက်တွေဟာ ဘယ်လောက် မှန်ကန်မှု ရှိတယ် မရှိဘူး ဆိုတာကို ရုံးတော်က ပိုင်းခြား ဆန်းစစ်ပြီး ဆုံးဖြတ်ချက် ချပေးရမယ့် အဆင့် ဖြစ်ပါတယ်။

ဒီ “merit phase” အဆင့်မှာ နှစ်ပိုင်း ရှိပါတယ်။ ပထမ တစ်ပိုင်းကတော့ နှစ်ဘက် စာရေးသား တက်သွင်းချက်တွေ လုပ်ဆောင်ကြရပါတယ်။ အဲဒီနောက် မှာတော့ ရုံးတော် ရှေ့မှောက် လာရောက် ထွက်ဆို ကြတာကို ရုံး တော်က ကြားနာပြီး ဆုံးဖြတ်ချက် ချမှတ်မယ့် အပိုင်း ဖြစ်ပါတယ်။

ဒီတော့ စာရေးသား တင်သွင်းကြတဲ့ အပိုင်းမှာ ဂမ်ဘီယာက အမှုဘာလို့ မြောက်ရသလဲ ဆိုတာကို အချက်အလက် တွေနဲ့ ထောက်ပြ ပြောထားတဲ့ memorial လို့ ခေါ်တဲ့ စာနဲ့ ရေးသား လျှောက်ထားချက်ကို စတင်ပြုလုပ်ပါတယ်။ ဒီ memorial ကို အမှုတစ်ခုလုံးရဲ့ အဓိက စွပ်စွဲချက် လျှောက်ထားလွှာလို့ နားလည်နိုင်ပါတယ်။

အဲဒီ့အပေါ် မြန်မာဘက်က တန်ပြန်ပြီး ချေပလွှာ counter-memorial ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ တင်သွင်းပါတယ်။ မြန်မာရဲ့ ချေပလွှာ counter-memorial ကိုတော့ အနှစ်သာရ အားဖြင့် ဒီအမှု တစ်ခုလုံး အတွက် မြန်မာရဲ့ ဥပဒေကြောင်း ဆိုင်ရာ အဓိက ချေပချက် အဖြစ် နားလည်နိုင်ပါတယ်။

အခု မေ ၂၃ မှာ ဂမ်ဘီယာ တင်သွင်းလိုက်တယ် ဆိုတာဟာ မြန်မာရဲ့ ချေပလွှာ counter-memorial အပေါ် ပြန်လည် တုံ့ပြန်ချက် ဖြစ်ပါတယ်။ အဲဒီ မေ ၂၃ ရက်နေ့မှာပဲ မြန်မာဘက်က တင်သွင်းချက် တစ်ခုလည်း ရှိနေပါတယ်။ အဲဒါကတော့ ICJ ရုံးတော်က ချမှတ်ထားတဲ့ ကြားဖြတ် အစီအမံ provisional measures တွေနဲ့ ပတ် သက်ပြီး မြန်မာဘက်က ဘာတွေ ဆောင်ရွက်ထားသလဲ ဆိုတဲ့ “အကောင်အထည် ဖော်မှုဆိုင်ရာ အစီအရင် ခံစာ” “implementation report” ဖြစ်ပါတယ်။
မြန်မာရဲ့ အဲဒီ အစီရင်ခံစာ အပေါ် ဆန်းစစ် သုံးသပ်ချက်တွေ ပြုလုပ်ဖို့ ဂမ်ဘီယာမှာ အခွင့်အရေး ရှိပြီး၊ သီတင်းနှစ်ပတ် အတွင်း ဂမ်ဘီယာကနေ ပြန်လည် ထောက်ပြ ရေးသားတာတွေ လုပ်ဖို့ အခွင့်အရေး ရပါတယ်။

ဒီတော့ ပြန်ပြီး ချုပ်ရရင်၊ ကျွန်တော်တို့ အခု စကားပြောနေချိန် အထိ နောက်ဆုံး ဖြစ်လာခဲ့တာကတော့ မေလ ၂၃ ရက် တင်သွင်းကြတဲ့ ဂမ်ဘီယာရဲ့ တုံ့ပြန်လွှာ နဲ့ မြန်မာဘက်က တင်သွင်းတဲ့ အကောင်အထည် ဖော်မှုဆိုင် ရာ အစီအရင်ခံစာ” တို့ပဲ ဖြစ်ပါတယ်။

လူ သန်းဂဏန်းနီးပါး ထွက်ပြေးခဲ့ရတယ်လို့ ကုလ စစ်တမ်းတွေက ဆို

ဘီဘီစီ။ ။ ဒီတော့ မြန်မာရဲ့ ခုခံ ချေပချက် counter-memorial နဲ့ အာဆလန်တို့ အခုနောက်ဆုံး တင်ခဲ့တဲ့ တုံ့ပြန်လွှာ ထဲက အရေးကြီးဆုံး အချက်တွေက ဘာလဲ ဆိုတာ ပြောပြနိုင်မလား။

အာဆလန် ဆူလေမန်။ ။ မြန်မာဘက်က အဓိက ချေပ ပြောဆိုတာကတော့ သူတို့ ပြုမူခဲ့တဲ့ “နယ်မြေရှင်းလင်းရေး” ဆိုတာတွေဟာ သူတို့အဆိုအရ အာဆာ အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေ အပေါ် တုံ့ပြန်တာ ဖြစ်ပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် မပြုလုပ်ခဲ့သလို၊ ဂျီနိုဆိုက် ရည်ရွယ်ချက်လည်း ဘယ်သောအခါမျှ မရှိခဲ့ဘူး ဆိုတဲ့ အပေါ် အခြေခံ ထားတာ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်ကတော့ အဲဒါကို သဘောမတူပဲ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ဆိုတာ အာဆာ အဖွဲ့အပေါ် တုံ့ပြန် ကိုင်တွယ်တယ် ဆိုတာထက် အများကြီး ပိုမိုတယ် ဆိုတာကို ထောက်ပြပါတယ်။ အာဆာအဖွဲ့ကိုကိုင် တွယ် တယ် ဆိုတာဟာ အယောင်ဆောင် အကြောင်းပြချက် pretxual တစ်ခုအဖြစ်သာ မြန်မာက အသုံးချခဲ့တာသာ ဖြစ်တယ် ဆိုပြီး ဂမ်ဘီယာဘက်က ထောက်ပြပါတယ်။

မြန်မာရဲ့ ကျူးလွန်မှုတွေဟာ ရိုဟင်ဂျာ အုပ်စု တစ်ခုလုံးအပေါ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး၊ ကျူးလွန်မှု အတိုင်းအတာ ပမာဏဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုက် မြောက်တယ် ဆိုပြီး ဂမ်ဘီယာက ပြောနေတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အတွက် အသက်ရှင် နေထိုင် ရပ်တည်ဖို့ အဆုံးစွန် ခက်ခဲစေလောက်တဲ့ ကန့်သတ်ချက်တွေ၊ ခွဲခြားဆက်ဆံမှု မူဝါဒတွေကို မြန်မာအာဏာပိုင်တွေ နှစ်ပေါင်းများစွာ ချမှတ်ထားခဲ့ပြီးလည်း ဖြစ်တယ် ဆိုတာကိုလည်း ဂမ်ဘီယာက ထောက်ပြ ပြောဆိုပါတယ်။

ဒီတော့ မြန်မာရဲ့ အဓိက ခုခံချေပချက် counter-memorial တစ်ခုလုံးဟာ အကြမ်းဖက် ဝါဒ တိုက်ဖျက် နိုင်ရေး ရည်မှန်းချက်နဲ့ ပြုမူခဲ့တာ ဖြစ်တယ် ဆိုတာကို အသေးစိတ် အချက်အလက်တွေ ထည့်သွင်းထားတာ ဖြစ်ပြီး၊ ဂမ်ဘီယာရဲ့ တုံ့ပြန်ချက်ကတော့ မြန်မာဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်လိုမှု အခြေခံ ရည်ရွယ် ချက်တွေနဲ့ ကျူးလွန်ခဲ့တာ ဖြစ်တယ်ဆိုပြီး ပြောဆိုတာ ဖြစ်ပါတယ်။

ဂမ်ဘီယာ အသုံးပြုတဲ့ သက်သေအထောက်အထား အချက်အလက်တွေ အများအပြားပဲ ရှိပါတယ်။ အဲဒီထဲမှာ ကုလသမဂ္ဂက ဖွဲ့ပေးထားတဲ့ မြန်မာ့အရေး လွတ်လပ်တဲ့ စုံစမ်းရေး ယန္တရား ဖြစ်တဲ့ ဒဗယ်အိုင် ဒဗယ်အမ် IIMM အဖွဲ့ရဲ့ တွေ့ရှိချက်တွေ၊ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေ လည်း ပါဝင်ပါတယ်။

ဒဗယ်အိုင် ဒဗယ်အမ် ရဲ့ တွေ့ရှိချက်တွေဟာလည်း ရိုဟင်ဂျာတွေ အပေါ် မြန်မာ အာဏာပိုင်တွေရဲ့ ကျူးလွန်မှုတွေဟာ ဂျီနိုဆိုက် လုပ်လိုတဲ့ ကြံရွယ်ချက် အရင်းခံတယ် ဆိုတာကို ဖော်ပြရာမှာ အင်မတန် အထောက်အကူ ပြုပါတယ်။

ဂမ်ဘီယာ ကိုးကား အသုံးပြုထားတဲ့ အချက်အလက်တွေဟာ ဒဗယ်အိုင် ဒဗယ်အမ် အဖွဲ့ မတိုင်ခင် ကုလသမဂ္ဂ အဖွဲ့ ဖြစ်တဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ လက်ထက် ကတည်းက တွေ့ရှိ ထုတ်ပြန်ထားတဲ့ .... ရိုဟင်ဂျာတွေ ဘယ်လို ဘယ်ပုံ ပစ်မှတ်ထား ခံခဲ့ရတယ်၊ ကျူးလွန်ခံခဲ့ရတယ် ဆိုတာတွေကို ဖော်ပြထားတဲ့ အသေးအစိတ် အချက်အလက်တွေ အများကြီးပဲ ပါဝင်ပါတယ်။

အဲဒီ အချက် အလက်တွေဟာ နယ်မြေရှင်းလင်းရေး ဆိုပြီး လုပ်ဆောင်ရာမှာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ဘယ်လောက် ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် နဲ့ ပစ်မှတ်ထား ပြုမူခဲ့သလဲ ဆိုတာတွေကို ဖော်ပြနေပါတယ်။ ကြမ်းကြုတ်ရက်စက်တဲ့ နည်းနာတွေနဲ့ သတ်ဖြတ်တာမျိုး တင်မက၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို နေရာအနှံ့ pervasively သုံးခဲ့တဲ့ နည်းနာ တစ်ခုကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန် တိုက်ခိုက်တဲ့ ပုံစံတွေပဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးတွေ အဓိက ပစ်မှတ်ထားခံ ခဲ့ရပြီး၊ အမျိုးသားတွေ ယောက်ျားလေးတွေ အပေါ်မှာပါ ကြံရွယ်ချက်ရှိရှိ စနစ်တကျနဲ့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြောင်း ဖော်ပြနေတဲ့ သက်သေ အထောက်အထား အချက်အလက်တွေလည်း အများအပြားပဲ ရှိနေပါတယ်။ ဒါတွေအားလုံးဟာ ရိုဟင်ဂျာဆိုတဲ့ အုပ်စု တစ်ခုလုံး ပျောက်ကွယ် သွားအောင် ကြံရွယ်ချက် ရှိရှိ ပြုမူခဲ့ကြတာ ဖြစ်တယ် ဆိုပြီး ဂမ်ဘီယာက ပြောနေတာ ဖြစ်ပါတယ်။

ဆောင်ရွက်ပုံ ဆောင်ရွက်နည်း opreational နည်းနာတွေမှာ အမှားအယွင်း ရှိခဲ့တယ် ဆိုတာထက် အများကြီး ပိုမိုပြီး၊ ဒီ လူအုပ်စု တစ်ခုလုံးကို ဖျောက်ဖျက် ပစ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် genocidal intent နဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဂမ်ဘီယာဘက်က ထောက်ပြ ထားပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်နေခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒါဟာ “နှစ်ရှည်လများ ပြဿနာကို ကိုင်တွယ် ဖြေရှင်းနေတာသာ ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဖော်ကျူး ပြောဆို ခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာ အာဏာပိုင်တွေထံမှာ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ရှိနှင့်ခဲ့ပြီး သဘောထားတွေ၊ ကြံရွယ်ချက်တွေ၊ အစီအမံတွေကို အာဆာ အဖွဲ့ အပေါ် ကိုင်တွယ်ဖို့ ဆိုတဲ့ ဟန်ဆောင် အကြောင်းပြချက် အောက်မှာ အကောင် အထည် ဖော်လာတာသာ ဖြစ်တယ်လို့ ဂမ်ဘီယာက ထောက်ပြ ထားပါတယ်။
ICJ ရုံးစိုက်ရာ သဟေ့ဂ်မြို့ ငြိမ်းချမ်းရေး နန်းတော်
 
ဘီဘီစီ။ ။ ဒီတော့ လက်ရှိ အခြေအနေက ဒီအမှု ကိစ္စဟာ ရှေ့ကို ထပ်တိုးသွားပြီ ... ရုံးတော်ဘက်က နှစ်ဘက် သက် သေတွေရဲ့ နှုတ်ထွက် ပြောဆိုချက်တွေကို ကြားနာ လာတော့မယ် ဆိုတဲ့ အနေအထားထိ ရောက်သွားပြီလို့ ပြောနိုင်လား ... ကျွန်တော် ဆိုလိုတာက အမှုဟာ အခုဆို ၄ နှစ်ကျော်ထိအောင် အချိန်ကြာမြင့် လာပြီ ဖြစ်လို့ ... နောက် ဘယ်လို အရာတွေကို ဘယ်အချိန်မှာ တွေ့လာရဖို့ ရှိလဲ ခင်ဗျ။

အာဆလန် ဆူလေမန်။ ။ ခင်ဗျား ပြောတာ မှန်ပါတယ်။ အမှုဟာ အခုဆိုရင် ၄ နှစ်ကျော် ကြာတဲ့အထိအောင် အချိန် ယူခဲ့ပြီး ဖြစ်ပါတယ်။ ဒီ အချိန်မှာတော့ တကယ့်ကို အရေးကြီးတဲ့ အဆင့်နဲ့ ကျွန်တော်တို့ နီးကပ်လာနိုင်ခဲ့ပါပြီ။ ဘယ် အဆင့်လဲ ဆိုတော့ merit phase ရဲ့ ဒုတိယ အပိုင်းဖြစ်တဲ့ နှစ်ဘက် သက်သေ အထောက်အထားတွေ ဘယ်လောက် ခိုင်မာပြီး ယုံကြည် ကိုးစားဖွယ် ရှိသလဲ ဆိုတာကို ရုံးတော်က အများသူငါ ကြားသိခွင့်ရှိတဲ့ ကြားနား စစ်ဆေးမှု “public hearing” ပြုလုပ်တော့မယ့် အဆင့် ဖြစ်ပါတယ်။

အဲဒီကြားနာပွဲကို သဟေ့ဂ်မြို့ ၊ ရုံးတော် ရှေ့မှောက် ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာတော့ ရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ သိလာရမှာပါ။ “Public hearing” မတိုင်ခင် အခု လက်ရှိကတော့ ကျွန်တော်တို့ဟာ နှစ်ဘက် စာနဲ့ ရေးသား တင်သွင်း နေကြတဲ့ အဆင့်ကို ကျော်ဖြတ်နေဆဲပဲ ဖြစ်ပါတယ်။

အထက်မှာ ကျွန်တော် ပြောခဲ့သလို ဂမ်ဘီယာဟာ မေ ၂၃ မှာ တုံ့ပြန်လွှာ reply brief တင်လိုက်ပြီးတဲ့နောက်၊ မြန်မာ အနေနဲ့ စာနဲ့ ရေးသား တင်သွင်းနိုင်တဲ့ အခွင့်အရေး နောက်တစ်ကြိမ် ရှိပါသေးတယ်။ အဲဒါကို rejoinder လို့ ခေါ်ပါတယ်။ ခုခံ ချေပသူရဲ့ ဒုတိယ အကြိမ် ထပ်ဆင့် ချေပချက်လို့ နားလည်နိုင်ပါတယ်။ စွပ်စွဲသူရဲ့ တုံ့ပြန်ချက်ပါ အချက်တွေကို နောက်တချီ စာနဲ့ ရေးပြီး ချေပခွင့် ပေးတာ ဖြစ်ပါတယ်။ ဆိုတော့ ... မြန်မာဘက်က rejoinder တင်ရဖို့ ရှိပါတယ်။

အဲဒီ rejoinder ကို မြန်မာဘက်က အခုနှစ် ဒီဇင်ဘာ လလယ်အမီ တင်ဖို့ ရုံးတော်ဘက်က နောက်ဆုံးရက် သတ်မှတ် ထားပါတယ်။ အဲဒီ rejoinder တင်လာပြီ ဆိုရင်တော့ ရုံးတော်ဟာ ရုံးတော်ရှေ့မှောက် ကြားနာပွဲ public hearing ဘယ်တော့ လုပ်မလဲ ဆိုတာကို ရက်စွဲ သတ်မှတ် ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ လာမယ့်နှစ်ထဲမှာတော့ သဟေ့ဂ်မြို့ ICJ ရုံးတော် ရှိရာ ငြိမ်းချမ်းရေး နန်းတော်မှာ ကြားနာပွဲ ပြုလုပ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်။ ဒီကြားနာပွဲမှာ နှစ်ဘက် လျှောက်ထားချက်တွေကို နှစ်ဘက် ကိုယ်စားလှယ်တွေ လူကိုယ်တိုင် နှုတ်နဲ့ လျှောက်ထား ပြောဆိုတာမျိုးတင်မက လူသက်သေတွေ လာရောက် ထွက်ဆိုတာမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် လူသက်သေတွေ မဖြစ်မနေ လာပြီး ထွက်ဆိုရမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ စာနဲ့ ရေးသား တင်သွင်းထားတာတွေထဲမှာ လူသက်သေ အမြောက်အများရဲ့ ထွက်ဆိုချက် အသေးစိတ်တွေ ပါဝင် ထားနှင့်ပြီး ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဝေဖန်သူတချို့ကတော့ ထောက်ပြကြပါတယ် တရားမျှတမှု ဖော်ဆောင်ဖို့ ကြန့်ကြာနေတယ်ဆိုတာ တရားမျှတမှုကို ငြင်းပယ်တာပဲလို့ ဆိုပါတယ်။ ဒီတော့ အာဆလန်တို့ဘက်က ဒီအမှုကိစ္စကို fast track လို့ ခေါ်တဲ့ အမြန်ဆုံး ကြားနာ စစ်ဆေးပေးရမယ့် အမှု အဖြစ် ရုံးတော်ဘက်က လက်ခံဖို့ရာ ဆောင်ရွက် သွားဖို့ ရှိလား။ ICJ အမှု ကိစ္စတွေမှာ အဲဒီလို fast track စနစ်မျိုး ထားရှိလား ခင်ဗျ။

အာဆလန် ဆူလေမန်။ ။ ကျွန်တော်တို့ အနေနဲ့ အမှုကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် အရှေ့ကို တိုးနိုင်အောင် အမြဲပဲ ကြိုးစား ကြံဆောင် နေပါတယ်။ ဒါပေမယ့်လည်း “အမြန်” လမ်းကြောင်း fast track ဆိုတာမျိုး ICJ မှာ မရှိပါဘူး။

ICJ ရဲ့ လုပ်ထုံးလုပ်နည်းကတော့ နှစ်ဘက် လုပ်ဆောင်ရမှာတွေကို နောက်ဆုံးထား လုပ်ဆောင်ဖို့ လိုတဲ့ ရက်စွဲတွေကို ချမှတ် ပေးပါတယ်။ ဒီလိုနည်းနဲ့ အမှုဟာ အရှေ့ကို တဆင့်ခြင်း တိုးသွားတာမျိုး ဖြစ်ပါတယ်။

ဂမ်ဘီယာ အနေနဲ့ ရုံးတော်ရဲ့ သတ်မှတ် ရက်စွဲ မတိုင်မီ စောစီးစွာ တင်သွင်း နိုင်ခဲ့တဲ့ အခါမျိုးတွေ ရှိပါတယ်။ ဥပမာပြောရရင် ကနဦးကြားနာမှု preliminary hearing အဆင့်တုန်းက ဆိုရင် မြန်မာဘက်က ICJ ဟာ အခု ကိစ္စမှာ တရားစီရင် ပိုင်ခွင့် မရှိဘူး ဆိုတဲ့ အခြေခံနဲ့ အမှုတစ်ခုလုံး ပလပ်ပစ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ အချိန်က ဆိုရင် ဂမ်ဘီယာဘက်က လျှောက်ထားချက်ကို သတ်မှတ်ရက်ထက် လ တချို့ စောပြီးတော့ တင်သွင်းနိုင်ခဲ့ပါတယ်။

ဂမ်ဘီယာဘက်က ရည်ရွယ်တာက စောစောစီးစီးနဲ့ လုပ်စရာရှိတာတွေကို ပြီးအောင် လုပ်မယ်ဆိုရင် အမှုကိစ္စ ရှေ့ကို မြန်မြန်ရောက်နိုင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ် ဆိုပြီး လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း၊ အချိန်ကုန်သက်သာ ပါစေတော့ဆိုတဲ့ ဂမ်ဘီယာရဲ့ ရည်မှန်းချက် အထမြောက် မလာခဲ့ပါဘူး။ အကြောင်းက တော့ မြန်မာနိုင်ငံထဲမှာ အခြေအနေတွေ ပြောင်းလဲသွားပြီး စစ်အာဏာသိမ်းတဲ့ ကိစ္စရဲ့ နောက်ဆက်တွဲ ရိုက် ခိုက်မှုတွေ ပေါ်ပေါက် လာခဲ့ပါတယ်။

ခင်ဗျားသိသလို မြန်မာကို ဘယ်သူ ကိုယ်စားပြုမလဲ ... ICJ မှာ မြန်မာရဲ့ ကိုယ်စားလှယ် အေးဂျင့်က ဘယ်သူလဲ ဆိုတာကို အာဏာသိမ်း စစ်တပ်နဲ့ NUG တို့ကြား အပြိုင်အဆိုင် လျှောက်ကြတာမျိုးတွေ ရှိလာပါတယ်။ ဒီတော့ ရုံးတော် အနေနဲ့လည်း မြန်မာရဲ့ အေးဂျင့်က ဘယ်သူလဲ ဆိုတာကို ဂမ်ဘီယာကို ညွှန်ကြားနိုင်ဖို့ အချိန်ယူရပါတယ်။ အမှု နှောင့်နှေး ကြန့်ကြာခဲ့ရတာတွေထဲမှာ ဒီလို အချက်မျိုးလည်း ပါဝင်ပါတယ်။

ဂမ်ဘီယာ အနေနဲ့ကတော့ ကျွန်တော် ပြောခဲ့သလိုပဲ အမှု ထိထိရောက်ရောက်နဲ့ ရှေ့ရောက်နိုင်ဖို့ရာ အမြဲပဲ ကြိုး စားခဲ့ပါတယ်။ ဘာပဲပြောပြော အခုအချိန်မှာ ရုံးတော်ဘက်က ထုတ်ထားတဲ့ နောက်ဆုံးသတ်မှတ် ရက်စွဲ တစ်ခုလည်း ရှိနေပါပြီ။ ဒီဇင်ဘာလလယ်အမီ မြန်မာအနေနဲ့ ဒုတိယအကြိမ် ခုခံချေပချက် rejoinder ကို စာနဲ့ရေးတင်ရမှာ ဖြစ်ပြီး၊ အဲဒီနောက်မှာတော့ လူတွေ့ကြားနာပွဲ ဘယ်တော့ လုပ်မလဲ ဆိုတာကို ရုံးတော်က ရက်သတ်မှတ် နိုင်တော့မှာ ဖြစ်ပါတယ်။
ICJ အမှု ကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်စခန်းထဲက လူများ

ဘီဘီစီ။ ။ အာဆလန် အခု အမှုကိစ္စမှာ နှစ်ဘက် တင်ပြ လျှောက်ထားချက်တွေဟာ မြန်မာနိုင်ငံထဲ လက်ရှိ ပေါ် ပေါက်နေတဲ့ မြေပြင် အခြေအနေတွေကိုရော တကယ်တမ်း ထင်ဟပ်နေတယ်လို့ ထင်လား။ ရခိုင်ထဲက ရိုဟင်ဂျာ အများစု နေတဲ့ နေရာတွေမှာပါ ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်နေတယ် ဆိုတဲ့ အချက်ဟာ အာဆလန်တိုအခု ပြောနေတာတွေထဲ ပါဝင်လား။ လက်ရှိ အနေအထားကို ထင်ဟပ် ပြသနေလား။

အာဆလန် ဆူလေမန်။ ။ ထင်ဟပ်မှု ရှိလည်း ရှိတယ် ... မရှိလည်း မရှိဘူး ဆိုပြီး ဒီမေးခွန်း ကို Yes and No ရယ်လို့ ဖြေရမယ် ထင်ပါတယ်။ အခု အမှု ကိစ္စမှာ ဂျီနိုဆိုက်မြောက်တယ် ဆိုပြီး ကျွန်တော်တို့ ပင်မ အခြေခံ ထားတဲ့ အချက်အလက်တွေ၊ အဖြစ်အပျက်တွေဟာ ၂၀၁၆ နဲ့ ၁၈ မြေပြင်ရှင်းလင်းရေး ဆိုပြီး မြန်မာ စစ်တပ်က လုပ် ဆောင်ခဲ့တုန်းက ပေါ်ပေါက်ခဲ့တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျား သိတဲ့ အတိုင်း ICJ က ချမှတ်ထား တဲ့ ကြားဖြတ် အစီအမံ ဆိုတာတွေဟာ ဂျီနိုဆိုက် လုပ်ရပ်တွေ ထပ်ပြီး မဖြစ်ပေါ်ဖို့ ကာကွယ်ရမယ် ဆိုတာသက် သက် မဟုတ်ပါဘူး။ ဘာတွေ ဖြစ်ပျက် ခဲ့သလဲ ဆိုတာကို ဖော်ပြနေတဲ့ ရှိနှင့်ပြီး သက်သေ အထောက် အ ထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် ရမယ် ဆိုပြီးတော့လည်း ရုံးတော်က ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရုံးတော် အနေနဲ့ မြန်မာဘက်က အဲဒီ ကြားဖြတ် အစီအမံတွေ အတိုင်း ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတာကို ရုံးတော်ထံ ပြန်လည် တင်ပြ အစီအရင်ခံရတဲ့ စနစ်ယန္တရားတစ်ခုကိုလည်း ဖန်တီး ပေးထားပါတယ်။ ဒီတော့ မြန်မာဘက်က သူတို့ လုပ်ဆောင်နေတာတွေကို အစီရင်ခံစာတင်ရပြီး၊ ဂမ်ဘီယာ ဘက်ကလည်း မြန်မာတင်တဲ့ အကောင်အထည်ဖော်မှု အစီရင်ခံစာပါ အချက်တွေ အပေါ် တန်ပြန် သုံးသပ် ဝေဖန်ခွင့် ရှိပါတယ်။

ဂမ်ဘီယာဟာ ရေးသားတင်သွင်း ထားသမျှတွေထဲမှာ မြန်မာနိုင်ငံထဲ ရှိနေကြဆဲ ရိုဟင်ဂျာတွေ ရဲ့ လတ်တလော အခြေအနေတွေ အကြောင်းကိုပါ ထည့်သွင်းပြီး ရုံးတော်ထံ အသိပေးလေ့ ရှိပါတယ်။ အခုဆိုရင်လည်း မြန်မာဘက်က အကောင်အထည်ဖော်မှု အစီရင်ခံစာကို မေ ၂၃ မှာ တင်သွင်းခဲ့ပြီ ဖြစ်တဲ့ အတွက်၊ အဲဒီ အစီရင်ခံစာ အပေါ် ဂမ်ဘီယာရဲ့ ဆန်းစစ်ချက်လည်း မကြာခင်မှာပဲ တင်သွင်းဖို့ ရှိပါတယ်။ အဲဒီ အထဲမှာ ရခိုင်ထဲမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ရှိ အခြေအနေတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ရခိုင်ထဲက ရိုဟင်ဂျာတွေဟာ အခုအချိန်ထိ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်တဲ့ လုပ်ရပ်တွေရဲ့ ပစ်မှတ်ထားမှုကို ခံနေရဆဲ ထိခိုက်လွယ် အခြေအနေ ဖြစ်တယ် ဆိုတဲ့အချက်ကို ဂမ်ဘီယာက ရုံးတော်ထံ အသိပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒီတော့ အာဆလန်တို့ အနေနဲ့ ရခိုင်ထဲ ရိုဟင်ဂျာတွေနေတဲ့ နေရာတွေမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့် ရမယ် ဆိုတဲ့ ထပ်ဆင့် ကြားဖြတ် အစီအမံမျိုးတွေ ICJ ဘက်က ချမှတ်လာဖို့ရာ တောင်းဆိုသွားဖို့ ပြင်ဆင် ထားပါသလား ခင်ဗျ။

အာဆလန် ဆူလေမန်။ ။ ကျွန်တော်တို့ဟာ ရခိုင်ထဲ အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတိကြီးစွာ ထားပြီး နီးနီးကပ်ကပ်နဲ့ အသေအချာ စောင့်ကြည့် လေ့လာ နေပါတယ်။ အဲဒီမှာ အခြေအနေတွေဟာ ဆိုးရွားနေပါတယ်။ မြန်မာစစ်တပ်နဲ့ အာရ်ကန်အာမီ အေအေ ကြား ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခဟာ အရပ်သားတွေအပေါ် ကြီးမားတဲ့ အတိုင်းအတာနဲ့ သက်ရောက်နေတာကို ဖော်ပြနေတဲ့ သတင်းအချက်အလက်တွေ၊ အစီ ရင် ခံစာတွေလည်းပဲ ကျွန်တော်တို့ ရထားပါတယ်။

လူမှု အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခ ပေါ်ပေါက်လာအောင် မြန်မာစစ်တပ်က ဖန်တီးနေတဲ့ လုပ်ရပ်တွေကိုလည်း ကျွန်တော်တို့ တွေ့မြင် နေပါတယ်။ ရိုဟင်ဂျာတွေ အပါအဝင် အရပ်သားတွေကို သူတို့ အတွက် တိုက်ခိုက် ပေးဖို့ရာ အတင်းအဓမ္မ စစ်သားသစ် အဖြစ် သိမ်းသွင်း စုဆောင်းတာမျိုးကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ဒီအပြုအမူ အားလုံးဟာ ICJ က ချမှတ်ထားတဲ့ ကြားဖြတ် အစီအမံတွေကို ချိုးဖောက်ရာ မြောက်ပါတယ်။
ထိခိုက်လွယ်တဲ့ ရိုဟင်ဂျာ အရပ်သားတွေဟာ ပစ်မှတ်ထားခံနေဆဲ ဖြစ်တယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေပါတယ်။ ဒီ အကြောင်းအရာတွေ အားလုံးကို ဂမ်ဘီယာက ရုံးတော်ကို အသိပေးသွားမှာ ဖြစ်ပါတယ်။

ထပ်ဆောင်း ကြားဖြတ် အစီအမံတွေ ချမှတ်ဖို့ ရုံးတော်ကို တောင်းဆို သွားမလား ဆိုတဲ့ ခင်ဗျားမေးခွန်းကို တိုက်ရိုက် ဖြေရရင်တော့ ... ဂမ်ဘီယာ အနေနဲ့ အခြေအနေ အားလုံး အပေါ် စေ့ငုံမိအောင် ဆန်းစစ်နေပြီး ဆင်ခြင်သုံးသပ် နေပါတယ်။ ကြားဖြတ် အစီအမံတွေထဲမှာ နောက်ထပ် အချက်တွေ ထည့်သွင်းဖို့ လိုအပ်နေပြီလို့ ယူဆတဲ့ အခါ၊ လိုအပ်ရင် လိုအပ်သလို ရုံးတော်ထံ တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။


ဘီဘီစီ။ ။ ကျွန်တော့်ရဲ့ နောက်ဆုံး မေးခွန်းပါ အာဆလန်။ အစ္စရေးကို ရာဖာမှာ ဆက်မတိုက်ဖို့ ICJ က အမိန့်ချထားတဲ့ ကြားကပဲ၊ အစ္စရေးကတော့ ဆက်ပြီး တိုက်ခိုက် ခဲ့တာကို ကျွန်တော်တို့ တွေ့မြင် ခဲ့ရပါတယ်။ ဒီတော့ ICJ မှာ အခုလိုမျိုး အမှု စွဲဆိုတယ် ဆိုတာ ... ကျင့်ဝတ် စာရိတ္တပိုင်း ဆိုင်ရာ ရှုထောင့် အမြင် idealism အခြေခံကနေ လုပ်ဆောင်ပြတာမျိုး သင်္ကေတဆောင် အပြုအမူ သက်သက်လား။ တကယ့်ကို မြေပြင်မှာ တရားမျှတမှုတွေ ဖော်ဆောင် ပေးနိုင်တယ် ... ထိခိုက် ခံစားနေရသူတွေ သက်သာရ ရနိုင်တယ် ဆိုတဲ့ ယုံကြည်မှုမျိုး ရှိလား။ တကယ့် လက်တွေ့မှာရော တရားမျှတမှုနဲ့ သက်သာရာ ရရာရကြောင်းတွေ ဖော်ဆောင်ပေးဖို့ ဘယ်လောက် ဖြစ်နိုင်မလဲ။

အာဆလန် ဆူလေမန်။ ။ ရိုဟင်ဂျာ တွေ အပေါ် ပစ်မှတ်ထား ကျူးလွန်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုမှာ ... ခံစားနစ်နာ ခဲ့ရသူတွေ အတွက် တရားမျှတမှု ရှာဖွေ ပေးနိုင်ရေးနဲ့ ၊ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေးတို့ အတွက် ကျွန်တော်တို့ အပြည့်အဝ ရည်မှန်းချက်ထားပြီး လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

ခင်ဗျား ထောက်ပြခဲ့တာဟာ ICJ ရုံးတော်အနေနဲ့ သူတို့ရဲ့ ကြားဖြတ်အစီအမံ အမိန့်တွေကို တကယ်တမ်း အ ကောင် အထည်ဖော် လိုက်နာကြဖို့ရာ ဘယ်လို ဘယ်ပုံနဲ့ အမိန့်အာဏာ သက်ရောက် စေနိုင်မလဲ ... အမိန့်အာ ဏာ သက်ရောက် နိုင်စွမ်းရော တကယ် ရှိရဲ့လား ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။

ICJ ရုံးတော်လည်းပဲ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ပါဝင်နေတဲ့ ကုလသမဂ္ဂရဲ့ လက်ရှိ စနစ် အရ ၊ ICJ ကနေ ကြားဖြတ် အစီအမံတွေ ဆုံးဖြတ် ချမှတ် လိုက်ပြီ ဆိုရင် အဲဒီ အမိန့်တွေဟာ နိုင်ငံတကာ ဥပဒေအောက် အဖွဲ့ဝင်နိုင်ငံတွေ ဘက်က မဖြစ်မနေ လိုက်နာ ဆောင်ရွက်ဖို့ လိုတဲ့ ... ဥပဒေနဲ့ ထုံးနှောင်ထားတဲ့ အမိန့် ... binding order တွေ ဖြစ်ပါတယ်။

ဒီ အမိန့်တွေကို လက်တွေ့ ဖြစ်မြောက်အောင် အကောင်အထည် ဖော်ခိုင်းဖို့ရာ အတွက်လည်း ၊ အမိန့်အာဏာ သက်ရောက်စေနိုင်တဲ့ စနစ် ယန္တရားတချို့ ကုလသမဂ္ဂထဲ မှာ ဖော်ဆောင်ထားရှိပါတယ်။ အခြေခံ အားဖြင့်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ တဆင့် သွားတာမျိုးပါ။ ICJ ရဲ့ ကြားဖြတ် အစီအမံ ထွက်လာပြီ ဆိုရင် လုံခြုံရေးကောင်စီထံကိုလည်း တပါတည်း အသိပေးပါတယ်။

ဒီတော့ လုံခြုံရေးကောင်စီ အနေနဲ့လည်း ဒီ ကြားဖြတ် အစီအမံပါ အချက်တွေကို သိနေပြီး၊ မလိုက်နာတဲ့ ဖောက်ဖျက်တဲ့ ဘက်ကို လုံခြုံရေးကောင်စီကို ပေးအပ်ထားတဲ့ အခွင့်အာဏာတွေကို သုံးပြီး အရေးယူတာမျိုး လုပ်နိုင်ပါတယ်။

အဲဒီလို လုံခြုံရေးကောင်စီကနေ တဆင့် မဟုတ်ရင်လည်း ICJ ရုံးတော်ထံမှာကို သီးခြား အခွင့်အာဏာတွေ ရှိပြီး ဆက်လက်ကျူးလွန် ဖောက်ဖျက်နေတဲ့ နိုင်ငံဘက်ခြမ်းကို အပြစ်ပေး အရေးယူနိုင်ပါတယ်။ ဥပဒေအရ စည်းနှောင်မှု ရှိတဲ့ ... လိုက်နာရမယ့် ကြားဖြတ် အစီအမံကို နိုင်ငံတစ်ခုက ဖောက်ဖျက်နေပြီ ဆိုရင် ... အမှု တစ်ခုလုံးရဲ့ အဆုံးသတ် အဆုံးအဖြတ် အမိန့်ဟာလည်း အဲဒီ ကျူးလွန် ဖောက်ဖျက်နေတဲ့ နိုင်ငံ ဘက်က ရှိနေဖို့ အခွင့်အလမ်း နည်းသွားပြီ ဖြစ်ပါတယ်။

အခြေခံ အားဖြင့် နားလည် နိုင်တာကတော့ ... အမှု အဆုံးသတ်မှာ ဂျီနိုင်ဆိုက် ပဋိညဥ် ဖောက်ဖျက်ကျူးလွန်ကြောင်း ဆုံးဖြတ်ခံရတဲ့ နိုင်ငံ အနေနဲ့ ... သီးခြား အမိန့်နှစ်ရပ်ကို လိုက်နာ ဆောင်ရွက် ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

နံပါတ် ၁) ကြားဖြတ် အစီအမံတွေကို မလိုက်နာခဲ့တဲ့ အတွက် လုပ်ဆောင် ပေးရမှာတွေနဲ့၊ နံပါတ် ၂) ဂျီနိုဆိုက် ပဋိညဥ်ကို ဖောက်ဖျက်ခဲ့တဲ့ အတွက် လိုက်နာ ဆောင်ရွက် ဖြည့်ဆည်းရမှာတွေ ဆိုပြီး တာဝန် နှစ်ဆ တိုးပြီး ယူသွားရမှာ ဖြစ်ပါတယ်။

ဘာတွေ ဖြည့်ဆည်းပေးမလဲ ဆိုတာကို ကာယကံရှင် နိုင်ငံဘက်က တင်ပြနိုင်သလို၊ ရုံးတော်ကလည်း အဲဒီ တင်ပြချက်တွေဟာ ထိခိုက်ခံစား နစ်နာခဲ့ရသူတွေ အတွက် လုံလောက်မှု ရှိလား ဆိုတာကို ဆင်ခြင် သုံးသပ်ပြီး ဘာတွေ ထပ်ပြီး လုပ်ဖို့ လိုတယ် ဆိုတာကို ညွှန်ကြားမှာ ဖြစ်ပါတယ်။

အခုအမှုမှာ ဂမ်ဘီယာဘက်က ဘာတွေ ရည်မှန်း လုပ်ဆောင် နေတာလဲ ဆိုရင် ... ရိုဟင်ဂျာတွေ အပေါ် ဂျီနိုဆိုက်မြောက်အောင် အထိ ကျူးလွန်ခဲ့မှု အတွက် မြန်မာ မှာ တာဝန်ရှိကြောင်းနဲ့ ... ရှိလက်စ အပြုအမူတွေ အားလုံးကိုလည်း ရပ်တန့်ပြီး၊ နောက်ထပ် မဖြစ်အောင်လည်း မြန်မာအနေနဲ့ အာမခံချက်ပေးဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံးလည်း ရရစေ့မယ် ဆိုပြီး မြန်မာဘက်က တာဝန်ယူ အာမခံလာဖို့ ဖြစ်ပါတယ်။ ဒီ အထဲမှာ နိုင်ငံသား အဖြစ် အသိအမှတ် ပြု ခံရဖို့လည်း ပါပါတယ်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် မရှိပဲ ဆယ်စုနှစ် များစွာ ပိတ်နှောင် ကန့်သတ် ခံထားရတာတွေကို ပယ်ဖျက်ရေးလည်း ပါဝင်ပါတယ်။

ရိုဟင်ဂျာတွေရဲ့ အသက်ရှင် ရပ်တည်နိုင်ခွင့်၊ မိသားစု ဘဝတွေ တည်ဆောက် ထူထောင်နိုင်ခွင့်၊ တိုင်းပြည်က ပံ့ပိုးပေးတဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ စောင့်ရှောက်မှုတွေကိုလည်း ရရှိနိုင်ခွင့် စတာတွေ အားလုံး ပါဝင်ပါတယ်။ ဒါတွေ အပြင် အိုးအိမ်တွေ ဖျက်စီးခံခဲ့ရတာမျိုး၊ မိသားစုဝင်တွေ သတ်ဖြတ် ခံခဲ့ရတာမျိုး၊ စိုက်ပျိုးမွေးမြူရေး အသက်မွေး ဝမ်းကျောင်းမှုတွေ ဆုံးရှုံးခဲ့ရတာလိုမျိုး ပုံစံအမျိုးမျိုးနဲ့ ထိခိုက်နစ်နာသူတွေ အတွက် reparation လို့ ခေါ်တဲ့ ပြန်လည်ဖြည့်ဆီး ပံ့ပိုးပေးတာတွေ၊ နစ်နာကြေး ပေးတာမျိုးတွေ မြန်မာဘက်က ပြုလုပ်ပြီး တာဝန်ယူလာပေးဖို့လည်း ဂမ်ဘီယာက ရည်ရွယ် ထားတာ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို ဂမ်ဘီယာဘက်က တောင်းဆိုထားပြီး ရုံးတော်ရဲ့ အဆုံးသတ် ဆုံးဖြတ်ချက်ရဲ့ အစိတ်အပိုင်း အနေနဲ့ ဥပဒေကြောင်းမှာ “remedy” လို့ ခေါ်တဲ့ လျော်ကြေးပုံစံအမျိုးမျိုး ဘယ်လို ဘယ်ပုံ မြန်မာဘက်က ဖြည့်ဆည်းရမယ် ဆိုတာကို ချမှတ်လာဖို့ရာ ဂမ်ဘီယာဘက်က မျှော်လင့်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */