Wednesday, May 21, 2025

ရခိုင်ပြည်နယ်အပေါ် တရုတ်-အမေရိကန် လွန်ဆွဲပွဲ ဖြစ်လာမှာလား

Mizzima
The Diplomat
May 21, 2025
 

ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်း။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒု-လက်ထောက်နှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာသို့ ဧပြီလလယ်တွင် ရောက်ရှိလာခြင်းက အမေရိကန်အစိုးရနှင့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တာဝန်လွှဲပြောင်းယူခဲ့သည့် မူဟာမက်ယူနွတ် ကြားဖြတ်အစိုးရတို့အကြား ပထမဆုံးသော အရေးပါသည့်တွေ့ဆုံမှုဖြစ်ကြောင်း ပြသနေသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ၌ နိုင်ငံရေးအသွင်ကူးပြောင်းမှုအပြီးတွင် ယူနွတ်ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရသည် ပထဝီဝင်နိုင်ငံရေး ရပ်တည်ချက်ကို ပြောင်းလဲလိုက်ဟန်ရှိပြီး အနောက်နိုင်ငံများအတွက် နိုင်ငံရေးနှင့် စီးပွားရေးအရ လမ်းဖွင့်ပေးလိုက်ပုံရသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ မည်သည့်အကြောင်း ဆွေးနွေးကြသည်ကို ဘင်္ဂလားဒေ့ရှ် မီဒီယာများက သိပ်မဖော်ပြကြပေ။ သို့သော် ဆွေးနွေးပွဲတွင် ရိုဟင်ဂျာဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးကိစ္စဆိုင်ရာအတွက် အသစ်ခန့်ထားသော အမျိုးသားလုံခြုံရေးအကြံပေး (NSA) ခါလီလာရာမန် ပါဝင်နေမှုနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ဆပ်ဖီရာ ရာမန်ကို ယူနွတ်၏ နိုင်ငံခြားရေးဌာန အထူးလက်ထောက်အဖြစ် ခန့်အပ်မှုတို့က အမေရိကန်နှင့် မြန်မာနိုင်ငံတို့ပါဝင်သော လုံခြုံရေးကွန်ရက်တွင် ဘင်္ဂလားဒေ့ရှ်က အဓိကအခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဆိုသည်မှာ အထင်ရှားဆုံး သက်သေဖြစ်သည်။

ရိုဟင်ဂျာများ နေရပ်ပြန်ရေးကိစ္စ အရေးပေါ်ဖြစ်နေချိန်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လတွင် ဒါကာမြို့သို့ ရောက်ရှိလာမှုနှင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိ သုံးဦးက ယူနွတ်အစိုးရမှ အဓိကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်များနောက်ပိုင်း ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွယ်ကူချောမွေ့စေရေးအပေါ် ဘင်္ဂလားဒေ့ရှ်အာရုံစိုက်လာမှု သည် သိသာသော အပြောင်းအလဲတခုဖြစ် သည်။

အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇ ခုနှစ်ကတည်းက ကော့ဘဇားစခန်းများတွင် ဆင်းရဲဒုက္ခခံကာ နေနေခဲ့ကြရသည့် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၄ သန်းအား နေရပ်ပြန်ပို့ရေးကို အလေးထားလုပ်ဆောင်ခဲ့သည်။

သို့သော် အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားသော ဒေသတွင် ငတ်မွတ်ခေါင်းပါးမှုကဲ့သို့သော အခြေအနေများနှင့် အစာရေဆာပြတ်လပ်မှုများကို အကြောင်းပြလျက် ဘင်္ဂလားဒေ့ရှ်က ရခိုင်ပြည် နယ်အတွက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံဖော်ဆောင်ရေး နည်းလမ်းသစ်တခုကို အဆိုပြုလာသည်။

ယူနွတ်အစိုးရ အဆိုပြုသော ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံသည် နိုင်ငံ တကာဥပဒေအရ တရားမဝင်ကြောင်းနှင့် စစ်ကောင်စီ၏ သဘောတူညီမှုမပါသဖြင့် ဥပဒေရေးရာနှင့်သံတမန်ရေးရာစိုးရိမ်စရာများ မြင့်တက်စေနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်မှလေ့လာသုံးသပ်သူများက ဝေဖန်ပြစ်တင်ကြသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော် (AA) တို့အကြား အနည်းဆုံး ၂၀၂၄ ခုနှစ် ဒီဇင် ဘာလကတည်းက နီးကပ်သော ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သည်။

သို့သော် ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုများအပါအဝင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ မကြာသေးမီက ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်မှုများက နယ်စပ်ဖြတ်ကျော် မတည်ငြိမ်မှုအန္တရာယ်ကို မြင့်မားစေပြီး အချုပ်အခြာအာဏာကို စိန်ခေါ်နေသည်ဟု လေ့လာသူများက ထောက်ပြသည်။

လူသားချင်းစာနာထောက်ထားမှုစင်္ကြံဆိုင်ရာ အဆိုပြုချက်ကို အမေရိကန်ကျောထောက်နောက်ခံပြု ထောက်ပံ့ပို့ဆောင်ရေးနှင့် AA အတွက် ပံ့ပိုးပေးမှု လုပ်ဆောင်ပေးမည့် ချိတ်ဆက်မှုထူထောင်သည့်နည်းလမ်းဟု အချို့က အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေနှင့်အညီ ရခိုင်ပြည် နယ်သို့ လက်နက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ရာတွင် အသုံးပြုနိုင်ကြောင်း အချို့က စောဒကတက်နေကြပြီး မြန်မာနိုင်ငံအတွက် ထောက်ပံ့ပို့ဆောင်ရေးတွင် ဘင်္ဂလားဒေ့ရှ်စစ်တပ် ပါဝင်ပတ်သက်လာနိုင်သည့်ကဏ္ဍက လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ ရှိလာစေနိုင်သည်။

သီအိုရီအရ ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် AA အတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း များ ပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကြား နက်ရှိုင်းသော ချိတ်ဆက်မှုက အကြီးတန်း အမေရိကန်ဗိုလ်ချုပ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြား ဆွေးနွေးပြောဆိုမှုများရှိနေသည်ကို ပြသနေကြောင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။

ယင်းက ဒေသတွင်းတွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုရှိနေကြောင်း ပြသနေကာ မြန်မာ့အရေးတွင် တရုတ်ပါဝင်ပတ်သက်နိုင်သည့် အခန်းကဏ္ဍကြောင့် ပြောင်းလဲလာသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းသည် ပိုမိုရှုပ်ထွေးလာသည်။

မကြာသေးမီက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံခဲ့သည်။

အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံတည်ငြိမ်ရေးတို့အတွက် ကာကွယ်စောင့်ရှောက်ကာ ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် မြှင့်တင်နေရင်းဖြင့် နိုင်ငံ၏အခြေအနေနှင့်အညီလုပ်ဆောင်သော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထောက်ခံကြောင်း ရှီက ပြောခဲ့သည်။ AA က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များကို သိမ်းပိုက်ရန် ရည်ရွယ်သည့် ထိုးစစ်ဆင်နွှဲလာပါက တရုတ်သည် စစ်ကောင်စီကို အပြည့်အဝ ထောက်ခံကြောင်း ဆိုလိုလိုက်ခြင်းပင်ဖြစ်သည်။

တရုတ်သည် စစ်ကောင်စီ အားကိုးထိုက်သော မဟာမိတ်နိုင်ငံဖြစ်ကာ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် အရေးပါသော ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတခုတို့တည် ဆောက်ထားသည်။ ဗျူဟာမြောက်အရေးပါသော ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ သွယ်တန်းသော ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အဆုံးသတ်ရာမြို့ဖြစ်သည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်ရှိ နောက်ထပ် တရုတ်စီမံကိန်းများက မြန်မာကို တရုတ် လွှမ်းမိုးသွားစေနိုင်သည့် စီးပွားရေးဆိုင်ရာ စိုးရိမ်စရာကောင်းသည့်ရင်းမြစ်များဖြစ်သည်။ ကျောက်ဖြူအပြင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေသည်လည်း ဗျူဟာမြောက် အရေးပါလှသည်။

စစ်တွေမြို့သည် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ် အရှေ့မြောက်ဒေသအတွက် အခြားထွက်ပေါက်ပေးရန် ရည်ရွယ်သည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံနှင့် အထူးသဖြင့် ရခိုင်ပြည်နယ်သည် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် ပထဝီဝင်ဗျူဟာမြောက် အရေးပါမှု ရှိနေသည်မှာ ငြင်း၍မရနိုင်ဘဲ ယင်းက တရုတ်နှင့် အိန္ဒိယတို့ စစ်အာဏာရှင်များနှင့်ဆက်ဆံရေးကို အဘယ်ကြောင့် ထိန်းသိမ်းထားရကြောင်း ပြသနေသည်။

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နှင့် AA အကြား ဆက်ဆံရေးတိုးမြင့်လာမှုနှင့် ပတ်သက်၍ မှတ်ချက်တစုံတရာမပေးသေးသော်လည်း ရခိုင်ပြည်နယ်ရှိ ၎င်း၏ အကျိုးစီးပွားများကို ဆက်ကာကွယ်သွားမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့်လည်း လူသားချင်းစာနာထောက်ထားမှုစင်္ကြံအဆိုပြုချက်အား အတည်ပြုနိုင်ဖွယ်မရှိသည့် စစ်ကောင်စီနှင့် ထိပ်တိုက်တွေ့ရင်ဆိုင်နေရပေဦးမည်။

အခြေအနေအရ ရိုဟင်ဂျာများမှာလည်း သောင်မတင်ရေမကျဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ရည်ရွယ်ချက်လည်း အထမြောက်လိမ့်မည်မဟုတ်ပေ။ အစပိုင်းက ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြား ရေးမူဝါဒသည် အကြမ်းဖက်မှုနှင့် မသေချာမရေရာမှုများ ဆက်လက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ ဒေသများသို့ ရိုဟင်ဂျာများအား ပြန်လည်ပို့ဆောင်ရေးအပေါ် အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရမည့်အစား ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ ရပ် တည်ချက်၊ AA အား ထောက်ပံ့ရေးတွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ပါဝင်လာနိုင်သော အခန်းကဏ္ဍ၊ အဆို ပြုထားသည့် လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို စစ်ကောင်စီ၏ ကန့်ကွက်နိုင်ခြေရှိမှုနှင့် စစ်တပ် နယ်မြေစိုးမိုးနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ မယိမ်းယိုင်သော ပံ့ပိုးကူညီမှုတို့က ဒေသအား လာမည့်လများအတွင်း ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပဋိပက္ခနယ်မြေအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

The Diplomat မှ Will a China-US Tug of War Ensue Over Rakhine State? အား Brownie ဘာသာပြန်သည်။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */