" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 1, 2023

မြန်မာကိုကူညီမယ့် ဘတ်ဂျက်အဆိုပြုချက် အမေရိကန် လွှတ်တော်မှာ အတည်ပြုဖို့ နှောင့်နှေးနေ

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.09.30

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အဆောက်အဦး။ Reuters

အမေရိကန်အစိုးရရဲ့ လာမယ့်နှစ် အတွက် ဘဏ္ဍာငွေ အသုံးစရိတ် သတ်မှတ်ရာမှာ အမေရိကန် လွှတ်တော်အ မတ်တွေကြားမှာ အငြင်းပွားမှုတွေ ရှိနေပြီး၊ အင်အားကြီးပါတီနှစ်ခုက အမတ်တွေအကြား သဘောတူညီမှုမရ ရင် အောက်တိုဘာလ ၁ ရက်နေ့မှာ အစိုးရယန္တရားရပ်ဆိုင်းမှု government shutdown စတင်မှာ ဖြစ်တဲ့အ ကြောင်း ကြေညာထားပါတယ်။

အခုလို အစိုးရယန္တရားရပ်ဆိုင်းမှု ဖြစ်လာနိုင်တာကြောင့် စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ပေးအပ်မယ့် အသုံးစရိတ်ပမာဏကို ဆုံးဖြတ်ရာမှာလည်း နှောင့်နှေးမှုတွေ ရှိနေပါတယ်။

အမေရိကန် အထက်လွှတ်တော်ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ မြန်မာ့နိုင်ငံအတွက် သုံးစွဲဖို့ ဘဏ္ဍာငွေအဆိုပြုချက် ထဲမှာ စီးပွားရေး အထောက်အပံ့ရန်ပုံငွေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန် ဒေါ်လာ ၁၂၁ သန်း သုံးစွဲသွားဖို့ အဆိုပြုထားပြီး၊ အမေရိကန် အောက်လွှတ်တော်ရဲ့ အဆိုပြုချက်မှာတော့ ဒေါ်လာ သန်း ၅၀သုံးစွဲဖို့အဆိုပြုထား  တာပါ။

အထက်လွှတ်တော်က အဆိုပြုထားတဲ့ ဘဏ္ဍာငွေအသုံးစရိတ်ထဲမှာ Burma Act ဥပဒေအရ သတ်မှတ်ပြဌာန်း ထားတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အသုံးစရိတ်အပြင်၊ အခြား ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ပညာရေး နဲ့ ဖွံ့ဖြိုးရေး အကူအညီပေးတဲ့ အစီအစဉ်တွေကနေ မြန်မာနိုင်ငံအတွက် ပေးမယ့် ပမာဏတွေကို ထပ် ပေါင်းလိုက်ရင် စုစုပေါင်း ဒေါ်လာ ၁၆၇ သန်းအထိ ရှိနိုင်တယ်လို့ အမေရိကန် နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ Michael Haack က ပြောပါတယ်။

“အထက်လွှတ်တော်က အဆိုပြုထားတဲ့ အထဲမှာ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ စီမံကိန်း အမျိုးမျိုးအတွက် ချထားပေး မယ့် အသုံးစရိတ် အမျိုးမျိုးကို ပေါင်းလိုက်ရင် ဒေါ်လာ ၁၆၇ သန်းအထိ ရှိနေတာ တွေ့ရပါတယ်။ ဒါက အမေရိ ကန် အစိုးရ ဌာန အမျိုးမျိုးနဲ့ အဖွဲ့အစည်းအမျိုးမျိုးက ဆောင်ရွက်မယ့် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ အစီအစဉ်အမျိုး မျိုးအတွက် လာမယ့်နှစ်မှာ သုံးမယ့် ပမာဏအားလုံး ပေါင်းဖြစ်ပါတယ်။ အောက်လွှတ်တော်က အဆိုပြုထားတဲ့ ပမာဏက ဒေါ်လာ သန်း၅၀ ဖြစ်တဲ့အတွက် အများကြီး ပိုနည်းပါတယ်။ BurmaActဥပဒေထဲမှာပါတဲ့အကြောင်း အရာတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဆိုရင် အထက်လွှတ်တော်က အဆိုပြုထားတဲ့ ဘဏ္ဍာငွေ ပမာဏကို အတည်ပြုနိုင်ဖို့ လိုပါတယ်။ အမှန်က အမေရိကန် အစိုးရတစ်ရပ်လုံးရဲ့ လာမယ့်နှစ်အ တွက် အသုံးစရိတ်ကို အခုလထဲမှာ အတည်ပြုရမှာပါ။ ဒါပေမယ့် အခုအချိန်မှာ အတည်မပြုနိုင်ဘဲ ဖြစ်နေပါ တယ်။ လာမယ့် ဒီဇင်ဘာလလောက်မှာတော့ အမေရိကန် လွှတ်တော်ထဲမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အမတ်တွေကြားမှာ သဘောတူညီမှု တစ်စုံတစ်ရာ ရှိလာရင် မြန်မာနိုင်ငံအတွက် သုံးမယ့် အသုံးစရိတ် ဘယ် လောက်ဖြစ်မယ်ဆိုတာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ”

ပြီးခဲ့တဲ့နှစ်က စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်အရေးအတွက် အမေရိ ကန်အစိုးရက အကောင်အထည်ဖော်သွားမယ့် လုပ်ငန်းတွေကို သတ်မှတ်ပေးထားတဲ့ BURMA Act ဥပဒေကြမ်း ကို အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အတည်ပြု ပြ ဌာန်းခဲ့ပါတယ်။ ဒီဥပဒေအရ ၂၀၂၃ ကနေ ၂၀၂၇ ခုနှစ်အထိ အမေရိကန် အစိုးရက ပေးအပ်တဲ့ အကူအညီတွေ ရရှိမှာ ဖြစ်ပါတယ်။

ဒီဥပဒေထဲမှာ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ဖို့၊အမျိုးသားညီညွတ် ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေအပါ အဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးသွားဖို့၊ အကြမ်းမဖက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ မြန်မာစစ်တပ်ကို စွန့်ခွာ လာတဲ့ တပ်မတော်သားတွေကို ကူညီထောက်ပံ့ဖို့ အစီအစဉ်အတွေ ပါဝင်ပါတယ်။

ရန်ကုန်မြို့ ဆူးလေးဘုရားအနီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ Photo : RFA

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ရက်နေ့ကပဲ အမေရိကန် အစိုးရဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည် ခုနစ်သောင်း လေးထောင် နဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အသိုင်းအဝန်းအတွက် ဒေါ်လာ ၁၁၆ သန်း လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့လည်း ကြေညာထားပါတယ်။

အခုလို နှောင့်နှေးမှုတွေ ရှိနေပေမယ့်၊ အထက်လွှတ်တော်က တင်ပြထားတဲ့ မြန်မာနိုင်ငံအတွက် အသုံးစရိတ် အတည်ပြုပေးဖို့ သက်ဆိုင်ရာ ပြည်နယ်တွေ က လွှတ်တော်အမတ်တွေကို တိုက်တွန်းကြဖို့ Michael Haack က အမေရိကန် ရောက် မြန်မာနွယ်ဖွားတွေ ကို အကြံပြုလိုက်ပါတယ်။

“မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက လာမယ့် နှစ်မှာ သုံးစွဲမယ့် ဘဏ္ဍာငွေ ပမာဏကို အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် နှစ်ရပ်က အဆိုပြုထားတဲ့ ပမာဏနှစ်ခုက တော်တော်လေးကွာနေပါတယ်။အောက်လွှတ် တော်က အဆိုပြုထားတဲ့ ဒေါ်လာ သန်း ၅၀ ထက်စာရင်၊ အထက်လွှတ်တော်က အဆိုပြုထားတဲ့ ပမာဏက ပို ပြည့်စုံပြီး တိကျသေချာမှု ရှိပါတယ်။ ဒါကြောင့် အထက်လွှတ်တော်က အဆိုပြုတဲ့ ပမာဏက အတည်ဖြစ်သွား မယ် လို့ မျှော်လင့်ပါတယ်။ အမေရိကန် ရောက် မြန်မာတွေအနေနဲ့လည်း အထက်လွှတ်တော်ရဲ့ အဆိုပြုချက်ကို အတည်ပြုနိုင်အောင် သက်ဆိုင်ရာ အမတ်တွေကို ဆက်သွယ်ပြီး တောင်းဆိုကြဖို့ လိုပါတယ်။ ဝါရှင်တန်ပြည် နယ်မှာ နေတဲ့သူတွေက အထက်လွှတ်တော် အမတ် ပက်တီ မာရေးကို ဆက်သွယ်ကြပါ။ မိန်း ပြည်နယ်မှာ နေ တဲ့သူတွေက အထက်လွှတ်တော် အမတ် စူဆန် ကော်လင်းကို ဆက်သွယ်ပါ။ တက္ကဆပ် ပြည်နယ်မှာ နေတဲ့သူ တွေက အောက်လွှတ်တော် အမတ် ကေး ရိန်ဂျာကို ဆက်သွယ်ကြပါ။ ပြီးရင် မြန်မာနိုင်ငံအတွက် အထက်လွှတ် တော်က အဆိုပြုတဲ့ အသုံးစရိတ်ကို အပြောင်းအလဲ မလုပ်ဘဲ အတည်ပြုပေးဖို့ တိုက်တွန်းကြပါလို့ ပြောချင်ပါ တယ်။ ဒီ ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံအတွက် အသုံးစရိတ်ကို အတည်ပြုမယ့် ကော်မတီမှာ အဓိက အဆုံးအဖြတ် ပေးမယ့် သူတွေ ဖြစ်ပါတယ် ”

၂၀၂၃ ခုနှစ်မှာ အမေရိကန် အစိုးရဟာ Burma Act ဥပဒေအရ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၆ သန်း သုံးစွဲဖို့ သတ်မှတ်ပေးခဲ့ပေမယ့်၊ အတည်ပြုနိုင်ဖို့ နှောင့်နှေးမှုတွေ ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့ မတ်လကမှ သမ္မတ ဂျိုးဘိုင်ဒင် လက် မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */