နိရဉ္စရာ၊
ဇူလိုင် ၂၉/၂၀၂၅
ဘင်္ဂလာဒေ့ရှ်- ရခိုင်နယ်စပ် မိုင်တိုင်အမှတ် ၄၃ နှင့် ၄၉ အကြားတွင် အာရက္ခတပ်တော် (AA) နှင့် လက်နက်ကိုင်တပ်ဖွဲ့အချို့ လွန်ခဲ့သော သောကြာနေ့ကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသတွင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများဖြစ်ကြသည့် ဘင်ဒရိုဘင်နယူးစ်နှင့် ကော့စ်ဘဇားနယူးစ်တို့တွင် ဖော်ပြကြသည်။
၎င်းတိုက်ပွဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နှင့် ကပ်လျက်ရှိသည့် ရခိုင်ဘက်ခြမ်းတွင် ARSA နှင့် RSO ပူးပေါင်းတပ်များနှင့် AA တို့အကြားဖြစ်ပွားနေခြင်းဖြစ်ကြောင်း အိုကီးယားနယူးစ်တွင် ဖော်ပြသည်။
အဆိုပါ ARSA နှင့် RSO ပူးပေါင်းတပ်များသည် အင်အားအများဖြင့် စစ်ကောင်စီထံမှ AA သိမ်းပိုက်ထားသည့် စခန်းတစ်ခုအား ဝင်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
စနေနေ့က နယ်စပ်မှတ်တိုင် (၄၃) နှင့် (၄၄) အကြားတွင် Puran Maizya ဧရိယာတွင် ကင်းပုန်ဝပ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။
တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်ရှိ ဘင်္ဂလားဒေ့ရှ် ကျေးရွာများဖြစ်ကြသည့် Ghumdhum, Douchhari, Chakdhala, Sapmara Jhiri အပါအဝင် တစ်ခြားကျေးရွာများတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအကြား အထိတ်တလန့် ဖြစ်နေကြရသည်ဟု ဆိုသည်။
အမြောက်များ၊ မော်တာအပါအဝင် လက်နက်ငယ်များ ပစ်ခတ်သံများကို ကျယ်ကျယ်လောင်လောင် ကြားနေရပြီး ကျည်ဆံအချို့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ကျရောက်မှုများရှိသော်လည်း လူထိခိုက်မှု မရှိဟု ဆိုသည်။
လက်ရှိ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် အမှတ် (၁၁) BGB တပ်ရင်းနှင့် အမှတ် (၃၄) BGB တပ်ရင်းတို့မှ နတ်ကျောက်ဆရီမြို့နယ် နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေကာ လုံခြုံရေး တိုးမြှင့်ထားသည်ဟု သိရသည်။
ယခုတိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားပြီး လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားမှု မရှိသေးပါ။
Link : Here
No comments:
Post a Comment