" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 10, 2024

အင်ဒိုနီးရှား ရွေးကောက်ပွဲ - ရိုဟင်ဂျာဒုက္ခသည်တွေကို အမုန်းပွားစေတဲ့ ကောလာဟလတွေ

BBC
၁၀ ဖေဖော်ဝါရီ ၂၀၂၄

ရိုဟင်ဂျာတွေကို ကျောင်းသားတွေ တိုက်ခိုက်ခဲ့တာက အွန်လိုင်းက သတင်းအမှားတွေကြောင့်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်တုန်းက ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ဝတ်ပြုဆုတောင်းနေတဲ့ ခန်းမတစ်ခုရဲ့ မြေအောက်ထပ်ထဲကို လူအုပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။


''သူတို့ကို နှင်ထုတ်ကြ'' လို့ ကြွေးကြော်ပြီး ကြမ်းပြင်ပေါ်မှာ ရိုဟင်ဂျာတွေရဲ့အသုံးအဆောင်တွေကို ကန်ကျောက်ဖျက်ဆီးကြပါတယ်။


ဒီဖြစ်စဉ်ကို ရိုက်ယူထားတဲ့ ဗီဒီယိုတွေထဲမှာဆိုရင် တချို့ကျောင်းသားတွေက တာရာတွေကို မီးရှို့ချိန်မှာ ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ အသံကို ကြားခဲ့ရပါတယ်။ 

ဆောင်းပါးအချက်အလက်ရေးသားသူ, 

ဆူချီရာ မက်ဂွိုင်းရား
ရာထူးတာဝန်, သတင်းမှားစိစစ်မှုဌာန၊ ဘီဘီစီ
၁၀ ဖေဖေါ်ဝါရီလ ၂၀၂၄

အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်နေချိန်မှာပဲ အမုန်းစကားတွေနဲ့ သတင်းမှားတွေအတွက် ရိုဟင်ဂျာတွေဟာ လွယ်ကူတဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

ဒီနိုင်ငံက လူ သန်း ၂၀၀ က နောက် ၅ နှစ်အတွက် နိုင်ငံကို ဦးဆောင်မယ့်သူကို ရွေးကောက်ကြမှာပါ။ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုကို ဆက်ခံမယ့်သူကို ရွေးကောက်မှာ ဖြစ်ပါတယ်။

မဲဆွယ်ကာလအတွင်း ဆွေးနွေးစရာ အကြောင်းအရာတစ်ခုက အင်ဒိုနီးရှားကို ဒုက္ခသည်အဖြစ်ရောက် လာတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်တဲ့ မူဝါဒကို သမ္မတလောင်းတွေက တရားဝင်ကြေညာတာတွေ မရှိပေမဲ့ သူတို့ပြောခဲ့တဲ့ စကားတွေကိုတော့ အွန်လိုင်းမှာ လူတွေက လိုသလို ချဲ့ကားပြောဆိုကြတာ ရှိပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိတဲ့ နိုင်ငံပါ။ မြန်မာပြည်မှာ ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေအပြီး ရိုဟင်ဂျာတွေ ထွက်ပြေးကြတဲ့ နိုင်ငံအနည်းငယ်ထဲမှာ အင်ဒိုနီးရှား ပါဝင်ပါတယ်။ အများစုကတော့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ် စပ်က လူတွေ ပြွပ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေကနေ လာကြတာပါ။

အခုတော့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားရဲ့ အွန်လိုင်းမီဒီယာတွေပေါ်က မက်ဆေ့ချ်တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေမှာ တွေ့ရတဲ့ သတင်းအမှားတွေရဲ့ သားကောင် ဖြစ်နေပါတယ်။

သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံသားတွေ ဖြစ်လာဖို့ရှိပြီး မဲပေးခွင့်တောင် ရှိလာမယ်လို့ တချို့အွန်လိုင်းပို့စ်တွေမှာ မှားယွင်းစွာ ဖော်ပြကြပါတယ်။

တချို့က သူတို့ဟာ အန္တရာယ်ရှိသူတွေလို့ ဖော်ပြကြတာကြောင့် ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ ပွားလာသလို သူတို့အပေါ် တိုက်ခိုက်မှုတွေတောင် ရှိလာပါတယ်။

တချို့ ဖြစ်စဉ်တွေမှာဆို ဒေသခံတွေ စုရုံးပြီး ရိုဟင်ဂျာတွေရဲ့ လှေတွေကို ပင်လယ်ထဲ ပြန်မောင်းထုတ်ခဲ့ကြပါတယ်။


အွန်လိုင်းပေါ်က ပူးပေါင်းတိုက်ခိုက်မှု

အင်ဒိုနီးရှားဟာ ကမ္ဘာမှာ ဆိုရှယ်မီဒီယာအသုံး အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး ဖေ့စ်ဘွတ်ခ်၊ အိတ်စ်၊ အင်စတာဂရမ်၊ တစ်တော့ နဲ့ ဝှက်စ်အက်ပ်သုံးတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံး ၅ နိုင်ငံမှာ ပါဝင်ပါတယ်။ အခုရွေးကောက်ပွဲမှာဆိုရင် ၂၀၀၀ ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေက မဲပေးတဲ့အသက်အုပ်စုထဲမှာ အများဆုံးအုပ်စု ဖြစ်ပါတယ်။

အရင်ရွေးကောက်ပွဲတွေတုန်းကလည်း သတင်းမှားတွေက ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပြဿနာက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း နိုဝင်ဘာ နဲ့ ဒီဇင်ဘာလတွေမှာ အဆိုးဆုံးဖြစ်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲ့ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၃ အတွင်း လူမှုကွန်ရက်ပေါ်က သတင်းမှားဖြစ်စဉ် ၁၈၉ ခုမှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်မှု ဖြစ်စေတဲ့ ဖြစ်စဉ်က ၁၀ ခု ပါဝင်တယ်လို့ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ ဖော်ပြချက်မှာတော့ အာချေးပြည် နယ် က ကျောင်းသားတွေရဲ့ တိုက်ခိုက်မှုဟာ “ဒုက္ခသည်တွေအကြောင်း သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ပြန့်ဖို့ အွန်လိုင်းပေါ်မှာ အချိန်ကိုက်စုပေါင်းလုပ်ဆောင်မှု” ကြောင့်လို့ ပြောပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင် သတင်းပတ်တွေမှာလည်း ရိုဟင်ဂျာတွေအပေါ် အွန်လိုင်းပေါ်က တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပါတယ်။

ဥပမာအားဖြင့် တစ်တော့ဗီဒီယိုတစ်ခုမှာဆိုရင် လူတွေပြည့်ကျပ်နေတဲ့ လှေတစ်စင်းကို ပြပြီး ဒါဟာ ဘင်္ဂလားဒေ့ရှ်ကနေ အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာလှေဆိုပြီး ဖော်ပြပါတယ်။ ပုံစာမှာလည်း “UNHCR က အင်ဒိုနီးရှားကို ဒုက္ခသည်ခိုလှုံရာနေရာဖြစ်အောင် လုပ်နေသလား”လို့ မေးခွန်းထုတ်ထားပါတယ်။ ဒီဗီဒီယိုကို တစ်တော့အကောင့်တချို့ကနေ တင်ရာမှာ ကြည့်ရှုသူ ၁၁.၆ သန်း ရှိခဲ့ပြီး နောက်ပိုင်းမှ ပြန်ဖျက်သွားပါတယ်။

လူမှုကွန်ရက်ပေါ်မှာ လူမသိ သူမသိ အကောင့်တွေနဲ့ ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ ဖြန့်ခဲ့ကြပါတယ်။

နောက်ရက်အနည်းငယ်မှာလည်း လူတွေအပြည့်နဲ့ လှေတစ်စီးပုံ ဗီဒီယိုတစ်ခု တစ်တော့နဲ့ အင်စတာဂရမ်မှာ ဖြန့်ဝေကြပါတယ်။


ဒါပေမဲ့ ဒီဓာတ်ပုံရဲ့ဇာစ်မြစ်ကို အင်တာနက်မှာ ပြန်ရှာကြည့်တဲ့အခါမှာတော့ ဘင်္ဂလားဒေ့ရှ်ကပြည်တွင်း ရေကြောင်းမှာသုံးတဲ့ လှေတစ်စီးဖြစ်နေတာ တွေ့ရပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘာမှမသက် ဆိုင်တာ တွေ့ရပါတယ်။

အင်ဒိုနီးရှားမှာ သတင်းမှားအများစုကို အေအိုင်နည်းပညာသုံးပြီး ဖြန့်ကြတာ ဖြစ်ပေမဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေကတော့ ဓာတ်ပုံအဟောင်းတွေကို ပုံစာအသစ်နဲ့ ဖြန့်ကြတာမျိုး ဖြစ်ပါတယ်။ ဒါက ဆယ်စုနှစ်တွေနဲ့ချီပြီး အသုံးပြုခဲ့တဲ့ နည်းလမ်းဟောင်းဖြစ်ပြီး အွန်လိုင်းမှာ နာမည်အတု၊ အကောင့်တုတွေသုံးပြီး အကြောက်တရားတွေ၊ အမုန်းတရားတွေ ဖြန့်ဝေကြတဲ့ပုံစံမျိုး ဖြစ်ပါတယ်။

“ဒီနည်းလမ်းကို ကျွန်တော်ကတော့ ‘အကြောင်းအရာအဆက်အစပ် ပြိုလဲခြင်း’ လို့ ခေါ်တယ်။ ပုံရိပ်ဟောင်းကို စကားလုံးအသစ်နဲ့ ရောမွှေထားတာ” လို့ ဆိုရှယ်မီဒီယာသုံးသပ်စိစစ်မှုအဖွဲ့ဖြစ်တဲ့ Drone Emprit က တည်ထောင်သူ အစ္စမေးလ် ဖာမိက ပြောပါတယ်။

“ဒီပုံတွေ၊ ဗီဒီယိုတွေက အစစ်တွေဆိုတော့ လူတွေကို အယုံသွင်းဖို့ ပိုလွယ်တာပေါ့။”


ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတာ ဒီကနေ့မှာ ၆ နှစ်ပြည့်သွားပြီ

မိတ်ဆွေအဖြစ်မှ ရန်သူအဖြစ်သို့

အစဉ်အလာအားဖြင့်တော့ အင်ဒိုနီးရှားဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးခဲ့ပါတယ်။ ဒါပေမဲ့ လတ်တလော တိုက်ခိုက်မှုတွေနဲ့ အွန်လိုင်းက အမုန်းတရားဖြန့်ချိမှုတွေကို ကြည့်ရင်တော့ အင်ဒိုနီးရှားမှာ လူတွေရဲ့ သဘောထားတွေ ပြောင်းသွားခဲ့ပါတယ်။

UNHCR ရဲ့ စာရင်းတွေအရ ၂၀၂၃ နိုဝင်ဘာလကတည်းက အင်ဒိုနီးရှားကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၈၀၀ ကျော်ရှိပြီး အများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ ၈ နှစ်အတွင်း အများဆုံးပမာဏနဲ့ ရောက်လာကြတာပါ။ UNHCR က ဒုက္ခသည်တွေရဲ့ စားစရာ၊ ဆေးဝါးနဲ့ တခြားအသုံးစရိတ်တွေအပေါ် တာဝန်ယူရပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ သူတို့အပေါ် လူသားချင်းစာနာမှုအကူအညီတွေလည်း လျော့ကျလာခဲ့ပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာတွေအတွက်အပြင် လက်ခံထားတဲ့ ဒေသခံ အသိုင်းအဝိုင်းအတွက်လည်း အကူအညီတွေ ထိခိုက်ခဲ့ရပါတယ်။ ဒေသခံအသိုင်းအဝိုင်းကတော့ ဒုက္ခသည်တွေကို ကူညီဖို့ ဒေသန္တရအစိုးရတွေဘက်က ရန်ပုံငွေလျာထားပေးတဲ့ အစီအစဉ်ကို ဆန့်ကျင်ကြပါတယ်။

လူမှုကွန်ရက်က သတင်းမှားတွေကြောင့်လည်း ဒေသခံတွေရဲ့ သဘောထားတွေ ပြောင်းရတာ ဖြစ်တယ်လို့ Mafindo ဆိုတဲ့ သတင်းအချက်အလက်မှန် စစ်ဆေးရေး အဖွဲ့ အစည်း ပူးတွဲ တည်ထောင်သူ အရီဘိုဝို ဆပ်စမီတိုက ပြောပါတယ်။

“အစပိုင်းမှာ ရိုဟင်ဂျာတွေကို အာချေးပြည်နယ်က ကောင်းကောင်း လက်ခံပေးကြတယ်။ ဒါပေမဲ့ ဘဘောထားတွေက အခု ပြောင်းလာပြီ” လို့ သူက ပြောပါတယ်။ အာချေးပြည်နယ်ဟာ အတိတ်တုန်းက အင်ဒိုနီးရှားအစိုးရရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
၂၀၂၃ နိုဝင်ဘာက စလို့ အင်ဒိုနီးရှားကို ရိုဟင်ဂျာ ၁၈၀၀ ရောက်ရှိခဲ့
 

ပြီးခဲ့တဲ့နှစ်ကုန်တုန်းက ရိုဟင်ဂျာဒုက္ခသည်တွေ တင်လာတဲ့ ပထမဆုံးလှေ ရောက်လာတုန်းက UNHCR နာမည်နဲ့ အကောင့်တုတွေ ဒါဇင်နဲ့ချီပြီး လူမှုကွန်ရက်မှာ ပေါ်လာခဲ့ပါတယ်။ အဲဒီထဲက တစ်ခုဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေကို အစားအစာ၊ မြေနဲ့ မှတ်ပုံတင်တွေ ထုတ်ပေးဖို့ UNHCR က အင်ဒိုနီးရှားကို တောင်းဆိုတယ်ဆိုတဲ့ ဗီဒီယိုတစ်ခုက တစ်တော့မှာ လူအများကြီးကြား ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။

ဒီဗီဒီယိုကို ရိုဟင်ဂျာဆန့်ကျင်တဲ့ နာမည်ကြီးလူပုဂ္ဂိုလ်တစ်ယောက်က ပြန်ဝေမျှလိုက်တဲ့အတွက် လူမှုကွန်ရက်သုံးသူတွေကြား ဒေါသဖြစ်စေခဲ့ပါတယ်။ ဒီပို့စ်ကို နောက်ပိုင်းမှာတော့ ဖျက်သွားခဲ့ပါတယ်။

“လူအများကြီးက ရိုဟင်ဂျာတွေကို မကြိုဆိုကြတော့ဖို့ ပြောလာကြတယ်။ သူတို့ရဲ့မုန်းတီးမှုက မမှန်သတင်းတွေ ဖြန့်တဲ့အဆင့်ထိ ဖြစ်လာတယ်” လို့ ဆပ်စ်မီတိုက ပြောပါတယ်။

တကယ်တော့ လူ ၁၈၀၀ ဆိုတဲ့ ပမာဏာဟာ အင်ဒိုနီးရှား လူဦးရေ သန်း ၂၇၀ နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူးလို့ တချို့ အွန်လိုင်းအသုံးပြုသူတွေက ထောက်ပြကြပေမဲ့ အွန်လိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မကျေနပ်မှုတွေကတော့ ကြီးထွားပျံ့နှံ့လာခဲ့ပါတယ်။

လူမှုကွန်ရက်မှာ သတင်းအမှားတွေ ပျံ့နှံ့လွယ်တာက လူတွေက ခံစားချက်နဲ့ တုံ့ပြန်ကြလို့ ဖြစ်တာလို့ ဆပ်စ်မီတိုက ပြောပါတယ်။

“သူတို့မှာ အသိတရားနဲ့ ပညာအရည်အချင်းရှိတာတောင် စိတ်ခံစားမှုတွေ ဖြစ်လာပြီဆိုရင် ဒီစိတ်ခံစားမှုကပဲ သူတို့ကို လွှမ်းမိုးသွားတယ်။”

ဒီဆောင်းပါးကို သတင်းထောက် အယိုမီ အမင်ဒိုနီ ပူးတွဲရေးသားခဲ့ပါတယ်။

သွေးစွန်း အတိတ်နဲ့ ပွေ့ဖက်ချင်စရာ 
ဘိုးဘိုး
 




No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */