Thursday, February 9, 2023

ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ

ဧရာဝတီ
8 February 2023
မောင်တောနယ်စပ်တွင် တွေ့ရသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး

ရခိုင်ပြည်နယ် မောင်တောခရိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံ ရေး စစ်ကောင်စီက စီစဉ်နေကြောင်းသိရသည်။

ယခုလ ၅ ရက်က စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက် ခိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်တို့ စစ်တွေမှတဆင့် မောင်တော ဒေသသို့ သွားရောက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လက်ခံရန် ဒုက္ခသည် လက်ခံရေး စခန်းများ အဆင်သင့်ပြင်ထားဖို့ ဒေသဆိုင်ရာအာဏာပိုင်များကို မှာကြားခဲ့သည်ဟု သိရသည်။

မောင်တောဒေသခံတဦးက “အဓိက ဌာနဆိုင်ရာတွေကို မှာကြားတာက လှဖိုးခေါင်ကြားစခန်းနဲ့ ပြန်လည်လက် ခံရေး စခန်းတွေ အဆင်သင့် လုပ်ထားဖို့ ပြောတယ်လို့ သိရတယ်။ တဖက်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည် တွေကို ပြန်လည် လက်ခံမယ်။ ဟိုဘက်ကလူတွေ လာတာမလာတာတပိုင်း၊ ဒီဘက်ကတော့ အဆင်သင့် လုပ်ထားရမယ်လို့ ပြောတယ်လို့ သိရတယ်” ဟု ဆိုသည်။

အလားတူ မောင်တောမှ ဘာသာရေးခေါင်းဆောင်များကိုလည်း စစ်ကောင်စီဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံရန်ဆိုကာ စစ်တွေမြို့ သို့ ခေါ်ထားကြောင်း သိရသည်။

သတင်းရင်းမြစ်တဦးက “ဖေဖော်ဝါရီ ၄ ရက်ကတည်းက အကြောင်းအရာ တိတိကျကျ မပြောဘဲ မောင်တောက မွတ်စလင်ခေါင်းဆောင်တချို့နဲ့ ဟိန္ဒူခေါင်းဆောင်တချို့ကို စစ်တွေကို ခေါ်ထား တယ်။ ဟိန္ဒူခေါင်းဆောင်တချို့နဲ့အတူ အရေးအခင်းတုန်းက ARSA အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ခေါ်သွားတဲ့ ဟိန္ဒူ အမျိုးသမီး ၈ ဦးလည်း ပါလာတယ် ဆို တော့ ၂၀၁၇ ခုနှစ် အရေးအခင်း ဖြစ်စဉ် တွေကို မေးမြန်းမယ်လို့ ယူဆလို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် အဆိုပါ စစ်ကောင်စီ ဝန်ကြီးများသည် ဖေဖော်ဝါရီ ၆ ရက်က မောင်တောမြို့နယ်အတွင်းသို့ သွား ရောက် ကွင်းဆင်းနေသောကြောင့် ဟုဆိုကာ စစ်တွေမြို့သို့ ရောက်ရှိနေသော ယင်းမွတ်ဆလင်ခေါင်းဆောင်တချို့နှင့် ဟိန္ဒူ ခေါင်းဆောင်တချို့တို့မှာ လက်ရှိအချိန်ထိ ဝန်ကြီးများနှင့် မတွေ့ဆုံရသေးကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှ ကိုခင်မောင်ကမူ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည့် အစီ အစဉ်မှာ စစ်ကောင်စီ၏ ရိုးသားမှုအပေါ်တွင် မူတည်ကြောင်းနှင့် စစ်ကောင်စီ၏ အစီအဉ်အား ဒုက္ခ သည်များ အနေဖြင့် ယုံကြည်မှု နည်းနေကြောင်း ပြောသည်။

၎င်းက “ကျနော်တို့ ပြန်လာချင်တာပေါ့။ ဒီမှာ ကျနော်တို့ အဆင်မပြေဘူးလေ။ ဒုက္ခသည်စခန်းမှာ အချိန်အကြာကြီး မနေချင်တော့ဘူး။ ဒါပေမဲ့ ကျနော်တို့ ပြန်လာရင် ကျနော်တို့ မူလနေရာမှာ ပြန်ထားမှာလား။ ကျနော်တို့ ပြန်လာလို့ ဒီအတိုင်း လှဖိုးခေါင်စခန်းမှာ ထည့်ထားမယ်ဆိုရင်တော့ ဒါက အဆင်မပြေဘူး။ အဲဒါမျိုးနဲ့ ပြန်ခေါ်မယ်ဆိုရင် မရိုးသားတဲ့ အတွက် ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်က အောင်မြင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်ကလည်း ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ အနေဖြင့် ရသင့်ရ ထိုက်သည့် အခွင့်အရေးများ အပြည့်အဝ မရရှိလျှင် ပြန်လည် ဝင်ရောက်လာမည် မဟုတ်ကြောင်း ဆိုသည်။

“ကျနော်တို့ကတော့ ဒီလို ဒုက္ခသည်တွေကို ပြန်လက်ခံမယ်ဆိုပြီး စစ်ကောင်စီဝန်ကြီးတွေ နယ်စပ်ကို သွားကြည့်တာ အကြိမ်ပေါင်းများနေပြီ ဆိုတော့ ဒီလို သတင်းမျိုးကို ကြားရတာ ရိုးအီနေပါပြီ။ ဒုက္ခသည်တွေလည်း ရင်မခုန်တော့ပါဘူး။ သူတို့က နိုင်ငံတကာ ဖိအားပေးတာများလာရင် နည်းနည်း လှုပ်ပြတယ်။ တရုတ်ဖိအားများလာရင် နည်းနည်း လှုပ်ပြတယ်။ ဒီထက်ပိုတာတော့ မတွေ့ရပါဘူး” ဟု မှတ်ချက်ပြုသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီသည် ရန်ကုန်မြို့ အပါအဝင် နယ်စပ်ဒေသများ၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသည့် မွတ်ဆလင် အယောက် ၉၀၀ ကျော်ကို ရေလမ်းကြောင်းမှတဆင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ပို့ဆောင်ထားပြီး ၎င်းတို့ကို ပြန်လည် လက်ခံရေးစခန်းတွင် ထားရှိရန် စီစဉ်နေကြောင်း သိရသော် လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်သေးပါ။

လက်ရှိ စစ်ကောင်စီ၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ရိုဟင်ဂျာအရေးလှုပ်ရှားသူများက စစ်ကောင်စီ အနေဖြင့် နယ်သာ လန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တင်ပြနိုင်ရန်အတွက် အချက် အလက်များ လာရောက် ရှာဖွေစုဆောင်းခြင်း ဖြစ်နိုင်သလို တဖက်တွင်လည်း ဒုက္ခသည်များ ပြန်လည် လက်ခံရန် ကြိုးစားလုပ်ဆောင်နေသည် ဟူ သော ပုံရိပ်ကို နိုင်ငံတကာအား ချပြန်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့က မောင်တောရှိ နယ်ခြားစောင့်ရဲစခန်း များကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်း လင်း မှုကြောင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ရိုဟင်ဂျာ အရေအတွက် သိန်းချီရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်း များ၏ ဖော်ပြချက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည် ဟုဆိုကာ မြန်မာကို ဂမ်ဘီယာက ICJ ၌ တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံသင့်မသင့်ကိစ္စကို မြန်မာဘက်က ကနဦး ကန့်ကွက် ချက် ၄ ချက်တင်ခဲ့သော်လည်း ယင်းအချက်များအား တရားရုံးက ပယ်ချခဲ့သောကြောင့် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို မြန်မာ အနေဖြင့် ဆက်လက် ရင်ဆိုင်ရဖွယ် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်က ဒုက္ခသည်များ ပြန်လည်လက်ခံရေး အစီအစဉ်များချမှတ်ပြီး လုပ်ဆောင်ခဲ့သော် လည်း လက်တွေ့ အကောင် အထည် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ယခုအခါ အဆိုပါ ဒုက္ခသည်များအား ပြန်လည် လက်ခံရေး စစ်ကောင်စီက စီစဉ်နေသည် ဆိုသော်လည်း ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်းကိုမူ လက်ခံထားခြင်း မရှိပေ။

You may also like these stories:


Topics: ICJ, စစ်ကောင်စီ, ဘင်္ဂလားဒေ့ရှ်, မောင်တော, ရိုဟင်ဂျာဒုက္ခသည်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */