" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 15, 2022

ဘိုကလေးမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၈ ဦး ထောင်နှစ်နှစ်စီ ချမှတ်ခံရ

RFA
Radio Free Asia
2022.09.15

ဘိုကလေးမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၈ ဦး ထောင်နှစ်နှစ်စီ ချမှတ်ခံရ ဘိုကလေးမြို့နယ်၊ အမာမြို့ ဂယက်ကြီးကျွန်းအနီး မျောလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် သြဂုတ် ၂၉ ရက်နေ့မှာ တွေ့ရစဥ် Photo: Citizen Journalist

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ၁၈ နှစ်အောက် ရိုဟင်ဂျာ ၂၄ ဦး အပါအဝင် ရိုဟင်ဂျာ ၅၈ ဦးကို ဘိုကလေးမြို့နယ်တရားရုံးက စက်တင်ဘာ ၇ ရက်နဲ့ ၉ ရက်မှာ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ - ၆ (၃) နဲ့ ထောင်နှစ်နှစ် ချလိုက်တယ်လို့ ဘိုကလေးမြို့ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဒီနေ့မှာတော့ ငှက်အော်စန်း လူငယ်ထိန်းသိမ်းရေးစခန်းနဲ့ ဖျာပုံအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ လုံခြုံ ရေးအရ အမည်မဖော်လိုတဲ့ ဘိုကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"အမိန့်ချပြီးပြီဆိုတော့ ဒီနေ့ မနက် ခုနစ်နာရီမှာ ကလေးတွေကို တွံ့တေးက ငှက်အော်စန်း လူငယ်ထိန်းသိမ်း ရေးစခန်းကို ပို့ပြီးတော့ နောက်ထပ်လူကြီးတွေကိုတော့ မနက် ကိုးနာရီမှာ ဖျာပုံထောင် ပို့လိုက်တယ်"

ထောင်ဒဏ် နှစ်နှစ်ချခံရသူတွေထဲ အသက် ၁၈ နှစ်အောက် ယောကျ်ားလေး ၉ ဦးနဲ့ မိန်းကလေး ၁၅ ဦး၊ အသက် ၁၈ နှစ်အထက် အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၁၁ ဦး ပါဝင်တယ်လို့ ဘိုကလေးမြို့ဒေသခံတွေက ပြောပါတယ်။

သူတို့ဟာ ရခိုင်ပြည်နယ်ဘက်ကလာသူတွေဖြစ်ပြီး ဘိုကလေးမြို့နယ်၊ အမာမြို့၊ ကဒုံကနိကျေးရွာအနီး ဂယက် ကြီးကျွန်းအနီးမှာ စက်လှေပျက်ခဲ့တာကြောင့် ဩဂုတ်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရ တာပါ။

အဲဒီစက်လှေမှာ လူပေါင်း ၆၅ ဦး လိုက်ပါလာတာဖြစ်ပြီး အဲဒီအထဲ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး သုံးဦး စက် လှေ ပေါ်မှာ အာဟာရပြတ်ပြီး သေဆုံးခဲ့သလို နောက်ထပ် အသက် ၁၈ နှစ်အောက် ယောကျ်ားလေး တစ်ဦးက လည်း ဘိုကလေးဆေးရုံးမှာ ကုသမှုခံယူရင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဦးမောင် မောင်သန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း ကလေးငယ် သုံးဦးအပါအဝင် ရိုဟင်ဂျာ ၅၆ ဦးကို ဝါးခယ်မြို့နယ် တရားရုံးက ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ - ၆ (၃) နဲ့ ထောင်နှစ်နှစ်ချမှတ်ခဲ့ပါတယ်။

ယခင်က အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပဲ အရေးယူလေ့ ရှိပေမယ့် ဧရာဝတီ တိုင်း မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကိုတော့ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံ တင်ရေးအက်ဥပဒေနဲ့ အရေးယူတာ တွေ့လာရတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အပေါ် အခြေခံပြီး RFA က ပြုစုထား တဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့အထိ ရခိုင်ပြည် နယ် ကို စွန့်ခွာဖို့ ကြိုးစားရာကနေ ရခိုင်ပြည်နယ် အပါအဝင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီစတဲ့ တိုင်းတွေမှာ အဖမ်းခံ ရတဲ့ ရိုဟင်ဂျာ ၈,၀၀ နီးပါးရှိပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */