Thursday, September 4, 2025

AA စစ်ဦးစီးချုပ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ BROUK အဖွဲ့ အာဂျင်တီးနားတရားရုံးကို တောင်းဆို

BBC Burmese
September 3, 2025

အာဂျင်တီးနားတရားရုံးအရှေ့မှာ တွေ့ရတဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင် (ပုံဟောင်း)

အာရက္ခတပ်တော် ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက် မှာ ကြေညာလာပါတယ်။

“အာဂျင်တီးနား တရားရုံးက ကမ္ဘာပေါ်က ရိုဟင်ဂျာအမှုကိစ္စတွေကို နိုင်ငံတကာတရားစီရင်ပိုင်ခွင့် ကို သုံးပြီး ကိုင်တွယ်တာဟာ တကယ်ကို သတ္တိရှိမှု နဲ့ ပြတ်သားမှု ပြသလိုက်တာပါ။ လက်ရှိ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုန်းသတ်ဖြတ်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေမှာ အေအေရဲ့ ကြီးလေးတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို တရားရုံးအနေနဲ့ လစ်လျူမရှုဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်” လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

UNHCR ရဲ့ ဩဂုတ် ၂၉ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာအရပ်သားတွေအပေါ် အာရက္ခ တပ်တော် (AA)က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားကြောင်း BROUK ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အေအေဟာ ရိုဟင်ဂျာတွေ ဆယ်စုနှစ်နဲ့ချီ ကြုံနေရတဲ့ လူမျိုးသုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ တစိတ်တပိုင်းပါဝင်နေတယ်လို့ BROUK က ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာပဲ အာဂျင်တီးနားတရားရုံးက မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အရာရှိတွေ ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့တာကတော့ အာဂျင်တီးနား ရဲ့ ဖမ်းဝရမ်း ထဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ သမ္မတတာဝန်ယူခဲ့တဲ့ ဦးထင်ကျော် နဲ့ နိုင်ငံတော်အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကိုပါ ထည့်သွင်းခဲ့တာပါ။

အာဂျင်တီးနားဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အပိုဒ် ၁၁၈ အရ နိုင်ငံပြင်ပမှာ ဖြစ်ပေါ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တရားစီရင် နိုင်တဲ့ Universal Jurisdiction လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရတရား စီရင်ပိုင်ခွင့် ကို ကျင့်သုံး နေတာပါ။

လက်ရှိမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့ ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇ ဝတ်မှုတွေမှာ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ကို ဗင်နီဇွဲလားနိုင်ငံအတွင်း ကျင့်သုံးနေပါတယ်။

အာဂျင်တီးနားဟာ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးရာတွေမှာ တရားမျှတမှုရှိရှိနဲ့ လျှင်မြန်တက်ကြွတဲ့ ချဉ်းကပ်မှုရှိတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုကြပါတယ်။

အခုလို အာဂျင်တီးနားတရားရုံးမှာ ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုခံထားရတာနဲ့ ပတ်သက်ပြီး အေအေရဲ့တုံ့ပြန်ချက်ရဖို့ အေအေ ပြောခွင့်ရသူ ဦးခိုင်သုခကို ဘီဘီစီကို ဆက်သွယ်မေးမြန်းနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */