Tuesday, May 13, 2025

အာရက္ခတပ်တော်နဲ့ ယူနွတ်စ် အစိုးရ ထိတွေ့ဆက်ဆံနေပြီလား

BBC
၁၂ မေ ၂၀၂၅
 

BUP တက္ကသိုလ် ရိုဟင်ဂျာအရေး လုံခြုံရေးအမြင် ဆွေးနွေးပွဲ

ရခိုင်မြောက်ပိုင်းကို စာနာမှု အကူအညီတွေ ပေးနိုင်ဖို့ရာ ဘင်္ဂလားဒေ့ရှ် ထဲကနေ စာနာမှုဆိုင်ရာ လမ်းကြောင်း ဖော်ဆောင်ထားရှိဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း အကြံပြုထားတာကို မူအရ သဘောတူတယ် ဆိုပြီး မိုဟာမက်ဒ် ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် လက်ရှိ အိမ် စောင့် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေက ပြောပါတယ်။


အဲဒီလို လမ်းကြောင်း ဖော်နိုင်ဖို့နဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေး ဖြေရှင်းနိုင်ဖို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်တလျှောက်ကို သာမက ရခိုင်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် အေအေနဲ့ ထိတွေ့ ဆက်ဆံဖို့လည်း ဘင်္ဂလားဒေ့ရှ် အနေနဲ့ လိုအပ်နေပါတယ်။

လူထု အုံကြွမှုကြောင့် ပြုတ်ကျသွားတဲ့ ရှိတ်ခ်ဟာဆီနာ လက်ထက်မှာတော့ မြန်မာ တစ်နိုင်ငံလုံးကို ခြုံလွှမ်းနိုင်တဲ့ အစိုးရမျိုး State-Actor နဲ့သာ ဆက်ဆံရေးမူ ထားရှိခဲ့ပါတယ်။

အခု ပါမောက္ခယူနွတ်စ် ကြားဖြတ် အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံထဲမှာ "အာဏာ" ဟာ တလုံး တစည်းတည်း မရှိတော့ပဲ ရခိုင်ကို ထိန်းချုပ်ထားတာ အေအေ ဖြစ်တယ် ဆိုတဲ့ အချက်ကို သူတို့ မျက်မှောက်ပြု ထားတယ် ဆိုပြီး ယာယီ အစိုးရရဲ့ ထိပ်တန်း အဖွဲ့ဝင် ဖြစ်တဲ့ နိုင်ငံခြားရေး ဝန် ကြီး ရာထူးနဲ့ ညီမျှတဲ့ နိုင်ငံခြားရေးရာ အကြံပေး တောင်ဟိဒ်ဟူစိန်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ရာထူးနေရာနဲ့ ညီမျှတဲ့ အကြံပေး တောင်ဟိဒ် ဟူစိန်
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဒါကာမြို့တော်မှာ ဖွင့်လှစ် ထားရှိတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ တက္က သိုလ် တစ်ခု ဖြစ်တဲ့ "Bangladesh University of Professionals" အတိုကောက် BUP ဆိုတဲ့ တက္က သိုလ် ပရိဝုဏ်ထဲမှာ "ရိုဟင်ဂျာတွေကို ပြန်လည် လွှဲပြောင်းရေးနဲ့ ပတ် သက်ပြီး လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ အမြင်" ဆိုတဲ့ ခေါင်းစဥ်နဲ့ နှီးနှောပွဲ လုပ်ပါတယ်။

အဲဒီမှာ လက်ရှိ အိမ်စောင့်အစိုးရရဲ့ ထိပ်တန်း တာဝန်ရှိသူတွေ စကား ပြောကြ ပါတယ်။ အဓိကကတော့ နိုင်ငံခြားရေးဝန်ကြီး ရာထူးနဲ့ တူညီတဲ့ နိုင်ငံခြားရေးရာ အကြံပေးတောင် ဟိဒ် ဟူစိန်နဲ့ မိုဟာမက်ဒ်ယူနွတ်စ်ရဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး ခါလီလာ ရာဟ်မန်တို့ ဖြစ်ပါတယ်။

မစ္စတာ တောင်ဟိဒ် ဟူစိန်က အာရက္ခတပ်တော် အပေါ် သူ့ရဲ့ သဘောထားကို အခုလို ဆိုပါတယ်။
"တနိုင်ငံလုံးနဲ့ စပ်လျဥ်းတဲ့ ဆုံးဖြတ်ချက်တွေကို နေပြည်တော် ကနေ ပြုလုပ်တာ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ မြန်မာနိုင်ငံထဲမှာ အာဏာဟာ တစုတစည်းတည်း မရှိတော့ဘူးဆိုတဲ့ အချက်ကို သိမြင်ထားပါတယ်။ ရခိုင်မှာ ဆိုရင် အာရ်ကန်အာမီ အေအေ က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီ့ အတွက် ရခိုင်ထဲက ကိစ္စတွေ အတွက် တည်တံ့ခိုင်မြဲနိုင်တဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်း နည်းလမ်းတွေ ရနိုင်ဖို့ ဆိုရင် အေအေရဲ့ ပါဝင် ပတ်သက်မှုက အရေးကြီးတယ်" မစ္စတာ ဟူစိန်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ထဲ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မိုဟာမက်ဒ် ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ် အစိုးရ စွဲကိုင်ထားတာကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ သူတို့ရဲ့ ဌာနေကို ပြန်ဖို့ လိုပေမယ့်၊ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ လုံခြုံရေး အပေါ် အာမခံနိုင်မှသာ အထမြောက်နိုင်လိမ့်မယ်၊ အတင်းအဓမ္မ ပြန် လွှတ်တာမျိုး မဖြစ်သင့်ဘူး ဆိုပြီးတော့ မစ္စတာ ဟူစိန်က ပြောပါတယ်။

အဲဒီနှီးနှောပွဲမှာ လုံခြုံရေးဆိုင်ရာ အကြံပေး ခါလီလာ ရာမန်လည်း ရှိနေခဲ့ပါတယ်။ သူဟာ ဘန် ကောက်မြို့တော်မှာ ဘင်းမ်စတက် အစည်းအဝေး ပြုလုပ်တုန်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်က ထွက်သွားကြသူတွေ အဖြစ် အတည်ပြုထားနိုင်သူပေါင်း တစ်သိန်းရှစ်သောင်း ရှိတယ် ဆိုပြီး စစ်ကောင်စီက စာရင်းပေးကြောင်း ပြောခဲ့သူ ဖြစ်ပါတယ်။
ပါမောက္ခယူနွတ်စ်ရဲ့ အမျိူးသား လုံခြုံရေးဆိုင်ရာ အကြံပေး ခါလီလာ ရာမန်

မစ္စတာ ရာမန် နှီးနှောပွဲမှာ ပြောတဲ့ အထဲ စာနာမှု အကူအညီ ပေးရေး လမ်းကြောင်း "humanitarian corridor" အကြောင်း တိုက်ရိုက် ပါဝင်ပါတယ်။ သူ့ အဆိုအရ ဒီ လမ်းကြောင်း ဖော်ဆောင်ဖို့ ဆိုပြီး ဘယ်သူနဲ့မှ အခုအချိန်ထိ ဆွေးနွေးထားတာ မရှိသေးသလို၊ ဘယ်လို ဆုံးဖြတ်ချက်မျိုး၊ ဘယ်လို သဘောတူမှုမျိုးမှ ရရှိထားတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ လမ်းကြောင်း ဖော်ဆောင်ရေး ဆိုတဲ့ စိတ်ကူး အကြံအစီ အပေါ် မူရ သဘောတူတယ် ဆိုတာကိုတော့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရဘက်က ပြောထားနှင့်ပြီး ဖြစ်ပါတယ်။

အဲဒီလို သဘောတူတယ်လို့ ပြောတဲ့ အချက်အပေါ်မှာ ထောက်ပြီး ပြည်တွင်း နိုင်ငံရေး အတိုက်အခံ တချို့က ဒါဟာ ဘင်္ဂလားဒေ့ရှ် အချုပ်အခြာကို ထိခိုက်နိုင်တဲ့ အရာ ဆိုပြီး ဝေဖန်ကြသလို၊ အိန္ဒိယ မီဒီယာ တချို့ကလည်း အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ် ပေါင်းပြီး ရခိုင်နဲ့ ချင်း ထဲက တော်လှန်ရေး အဖွဲ့တွေကို လက်နက် ထောက်ပံ့ဖို့ ဆိုတဲ့ ပုံဖော် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ပြောဆိုမှုတွေဟာ ဘယ်လောက် လက်တွေ့နဲ့ နီးစပ်နိုင်သလဲ၊ conspiracy theory လို့ ခေါ်တဲ့ လိုရာ ပုံဖော် ပြောဆိုမှုလား ဆိုတာကို ဒီ သတင်းမြင်ကွင်း အစီအစဥ်ကနေ ဆန်းစစ် ခဲ့ပြီး ဖြစ်ပါတယ်။

 
သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်

ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး အေဂျင်စီ DGFI လို သြဇာကြီး အဖွဲ့မျိုးကတော့ မြန်မာနယ်စပ်မှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ကြား ဆက်ဆံရေးကို အရင် ရှိတ်ခ်ဟာဆီနာ လက်ထက် ကတည်းက ပြု လုပ်ထားပါတယ်။
အေအေနဲ့ ထိတွေ့ ဆက်ဆံသလို ရိုဟင်ဂျာ လက်နက်ကိုင်တွေ အပေါ်မှာလည်း ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး အဖွဲ့က သြဇာလွှမ်းတယ် ဆိုပြီး အကဲခတ်တွေက ထောက်ပြကြပါတယ်။

အခု လက်ရှိမှာရော အာရက္ခတပ်တော်နဲ့ကြား ဘင်္ဂလားဒေ့ရှ် အရပ်ဘက်၊ စစ်ဘက် အာဏာပိုင်တွေ ထိတွေ့ ဆက်ဆံ နေကြပါသလား။ စာနာမှု လမ်းကြောင်း ဆိုတဲ့ အပေါ် ဘယ်လို အဓိပ္ပာယ်တွေ ဖွင့်ကြသလဲ .... လက်တွေ့ ဖြစ်မြောက်လာဖွယ် ရှိလား ... နှစ်ဘက် စိုးရိမ်ချက်တွေက ဘာတွေလဲ ….

ဘင်္ဂလားဒေ့ရှ်ရဲ့ အရင် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ လက်ထက်မှာရော၊ အခု အိမ်စောင့် အစိုးရ လက်ထက်မှာပါ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံပြီး ဆွေးနွေးနေခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခများ ဖြေရှင်းရေး ဆိုင်ရာ အကြံပေး အဖွဲ့ International Crisis Group ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေး ဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီန်းကို ဘီဘီစီသတင်း ထောက် ကိုဝေဖြိုး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန်၊ ICG
ဘီဘီစီ။ ။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ထိတွေ့ ဆက်ဆံထားတာတွေအရ ရခိုင်မြောက်ပိုင်းဆီ စာနာမှု လမ်းကြောင်း ဖော်ဆောင်ဖို့ ဆိုတဲ့ အကြံဥာဏ်နဲ့ ပတ်သက်ပြီး ပရော်ဖက်ဆာ ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ် အစိုးရရဲ့ ရပ်တည်မှု အပေါ် တွမ် ဘယ်လို နားလည်ထားလဲ။

သောမတ်စ်ကီးန်။ ။ စာနာမှု လမ်းကြောင်း ဖော်ဆောင်ဖို့ ဆိုတဲ့ စိတ်ကူး အပေါ် ပြောဆို နေခဲ့ကြတာကတော့ အချိန်ကာလ အတိုင်းအတာ တစ်ခု အထိ ရှိနေပါပြီ။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို အဖွဲ့ အမျိုးမျိုးက တိုက်တွန်း နေခဲ့ကြပါတယ်။ အဓိက ထောက်ပြ နေခဲ့ကြတာကတော့ ရခိုင်မြောက်ပိုင်းကို စာနာမှု အကူအညီတွေ ပေးနိုင်တဲ့ လမ်းကြောင်း ရှိဖို့ လို အပ်တယ် ဆိုတဲ့ အချက်နဲ့ အဲဒီလို လမ်းကြောင်းမျိုး ဖော်ဆောင် တာဟာ နယ်စပ်တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်ရေး အတွက်လည်း အင်မတန် အရေးပါတယ် ဆိုတယ် ဆိုပြီး ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုမျိုး နိုင်ငံတကာ စာနာမှု လမ်းကြောင်းတစ်ခု ပွင့်ဖို့ လိုအပ်ရတဲ့ အဓိက အခြေခံ အကြောင်းတစ်ခုကတော့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ကို ပိတ်ဆို့ ထားတဲ့ အတွက် ဖြစ်ပါတယ်။ အခြေခံ လို အပ်တဲ့ ကုန်စည်ပစ္စည်းတွေကို ရခိုင်ထဲ စီးဆင်းခွင့် မပေးပါဘူး။ အဲဒီတော့ ရခိုင်ဟာ စီးပွားရေး အရလည်း ကျပ်တည်းနေပြီး၊ အခြေခံ ကုန်ပစ္စည်းတွေလည်း ပြတ်တောက် ရှားပါးနေတဲ့ အတွက် လူတွေ အစုလိုက် အပြုံလိုက် ထွက်ခွာနေကြသလို၊ နယ်စပ် မတည်မငြိမ် ဖြစ်ရတာတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။

အဲဒီ အချက်တွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို ထောက်ပြပြီး၊ စာနာမှု လမ်းကြောင်း ဖော်ဆောင်ဖို့နဲ့ နယ်စပ်ကို တကယ်တမ်း ထိန်းချုပ်ထားတဲ့ အာရ်ကန်အာမီနဲ့ကြားမှာလည်း ဆက်ဆံရေး တည်ဆောက်ဖို့ ဆိုတာတွေကို တိုက်တွန်းကြတာဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ICG လည်းပဲ ပါဝင်ပါတယ်။

ဒီတော့ စာနာမှုလမ်းကြောင်း ဖော်ဆောင်ဖို့ ဆိုတဲ့ အချက်နဲ့ AA နဲ့ကြား ဆက်ဆံရေး ထူထောင်ဖို့ ဆိုတဲ့ တဆက်တစပ်တည်း တွဲနေတဲ့ အပိုင်း နှစ်ပိုင်း ရှိနေပါတယ်။ အဲဒီ အပေါ် လက်ရှိ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ သဘောထားက ဘယ်လို ရှိသလဲ ဆိုရင်၊ စာနာမှု လမ်းကြောင်းဆိုတာကို ကုလ သမဂ္ဂရဲ့ ပါဝင်ပတ်သက်မှု၊ ကြီးကြပ်မှုနဲ့ တရားဝင် လမ်းကြောင်း အသွင် ဖော်ဆောင်တာမျိုးကို ပိုပြီး လိုလားပါတယ်။

ကုလသမဂ္ဂ ကြီးကြပ်တဲ့ တရားဝင်လမ်းကြောင်း ဆိုတဲ့ အဲဒီ စဥ်းစားပုံထဲမှာ ဘယ်လို အချက်မျိုးကို အခြေခံထားတာလည်း ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဘက် အစိုးရတွေရဲ့ အပြန်အလှန် သ ဘောတူညီချက်နဲ့ ကုလသမဂ္ဂက ကမကထလုပ် ဆောင်ရွက်တာမျိုး ဖြစ်ပါတယ်။

ဒီတော့ မြန်မာ တစ်ခုလုံးကို ကိုယ်စားပြုတဲ့ သူ "State Actor" ဟာ နေပြည်တော်ကို ချုပ်ကိုင်ထားတဲ့သူ ဆိုတဲ့ အဓိပ္ပာယ် ဖွင့်မှု ရှိလာပါတယ်။ ဒါဟာ စစ်ကောင်စီ တစ်နည်းအားဖြင့် မြန်မာ စစ်တပ်ကို ရည်ညွှန်းတာမျိုး ဖြစ်နေပါတယ်။ ကျွန်တော့်ရဲ့ ဆန်းစစ်မှု အရ မြန်မာစစ်တပ်ကတော့ ဘယ်နည်းနဲ့မှ သဘောတူမှု ပေးမှာ မဟုတ်ပါဘူး။ ရခိုင်ကို ဖြတ် ၄ ဖြတ် နည်းနဲ့ ပိတ်ဆို့ထားတဲ့ သူတို့ မူဝါဒနဲ့ တိုက်ရိုက် ဆန့်ကျင်နေလို့ ဖြစ်ပါတယ်။ အဲဒီ အလုံးဆုံ ပိတ်ဆို့တဲ့ နည်းနာ၊ အလုံးဆုံ ပိတ်ဆို့ရမယ် ဆိုတဲ့ မူဝါဒ သဘောထားဟာ ပြည်တွင်းစစ် တလျှောက် ဆန့်ကျင်ဘက် အင်အားစုတွေကို ကိုင်တွယ် ဖြေရှင်းရေးမှာ မြန်မာစစ်တပ် ကျင့်သုံးလာတဲ့ အရာ ဖြစ်ပါတယ်။

စစ်တပ်ဟာ သူတို့ ပိတ်ဆို့ထားတဲ့ ရခိုင်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ စာနာမှု လမ်းကြောင်း ဖော်ဆောင်ဖို့ အတွက်တော့ ကုလသမဂ္ဂကို သဘောတူ ခွင့်ပြု ပေးမလား ဆိုပြီး စဥ်းစားတာမျိုးဟာ အတော်လေးကို ကျိုးကြောင်း မဆီလျော်ပါဘူး။ ဘာ အဓိပ္ပာယ်မှ မရှိပါဘူး။

ဒီတော့ "တရားဝင်လမ်းကြောင်း - formal corridor" လို့ သုံးစွဲတာကို ကြားရတိုင်း ကျွန်တော့် အမြင်မှာတော့ ဒါဟာ တကယ်တမ်း အထမမြောက်လာနိုင်တဲ့ ချဉ်းကပ်မှုမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်မှာ တကယ်ပဲ လူသားချင်း စာနာနားလည်တဲ့ အကူအညီ အထောက်အပံ့တွေကို ရခိုင်မြောက်ပိုင်းကို ပေးချင်တယ် ဆိုရင် informal corridor လို့ ခေါ်ခေါ် informal channel ဆိုပြီး သုံးနှုံးသုံးနှုံး နယ်စပ်ဖြတ်ကျော် စီးဆင်းတဲ့ လမ်းကြောင်း တစ်ခု ပွင့်နေဖို့က အရေးကြီးပါတယ်။

အခု လတ်တလော ဘင်္ဂလားဒေ့ရှ်ထဲမှာ ဒီ "စာနာမှု လမ်းကြောင်း" ကိစ္စက အတော်လေး နိုင်ငံရေးဆန်လာတာမျိုး တွေ့ရပါတယ်။ အထူးသဖြင့် ဒီ အကြောင်းချဥ်းရာပေါ်မှာ မူတည်ပြီး မိုဟာမက်ဒ် ယူနွတ်စ် ဦးဆောင်တဲ့ အိမ်စောင့်အစိုးရ အပေါ် အတိုက်အခံတွေက ဝေဖန်ကြပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာ အာဏာနဲ့ ပိုက်နက် နယ်မြေကိုပါ ခြိမ်းခြောက် ထိပါးတဲ့ ကိစ္စမျိုး ဆိုတဲ့ အထိ ပြောကြတာမျိုးတွေ ရှိနေပါတယ်။
ရိုဟင်ဂျာတွေ နေတဲ့ နေရာတွေသာမက ရခိုင်တစ်ခုလုံးနီပါးကို အာရက္ခတပ်တော်က ထိန်းချုပ်ထား

ဘီဘီစီ။ ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ အာရ်ကန်အာမီနဲ့ ဆက်ဆံတာမျိုး ရှိတယ် မရှိဘူး ဆိုတာရော သိရလား တွမ်။

သောမတ်စ်ကီးန်။ ။ အာရ်ကန်အာမီဟာ ရခိုင်ထဲမှာ သြဇာ အာဏာ ပိုမို ကြီးထွားလာနေတယ် ဆိုတဲ့ အချက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရ မျက်မှောက်ပြု စေဖို့ ကျွန်တော်တို့ Crisis Group အဖွဲ့ ပြောနေခဲ့တာ နှစ် အတန်ကြာ ရှိပြီ ဖြစ်ပါတယ်။ အရင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ လက်ထက် ကတည်းကပါ။ လက်တွေ့မြေပြင်မှာ ပိုပြီး အရေးပါလာတဲ့၊ ထိန်းချုပ်ထားတဲ့သူနဲ့ တစ်နည်းမဟုတ် တစ်နည်း ထိတွေ့ ဆက်ဆံဖို့ လိုပါတယ်။ ဒါပေမယ့် ရှိတ်ခ် ဟာဆီနာ လက်ထက်မှာတော့ တိုင်းပြည်တစ်ခုလုံးကို လွှမ်းခြုံ ကိုယ်စားပြုသူ မဟုတ်တဲ့ "non-state actor" နဲ့ ထိတွေ့ ဆက်ဆံတာမျိုး အစိုးရ အနေနဲ့ လုံးဝ မလုပ်ဘူး ဆိုတဲ့ မူမျိုး ရှိတ်ခ်ဟာဆီနာ လက်ထက်မှာ ရှိခဲ့ပါတယ်။

ခင်ဗျားသိတဲ့ အတိုင်း မနှစ်က သြဂုတ်လမှာ ဘင်္ဂလားဒေ့ရှ်ထဲ လူထု အုံကြွမှု ဖြစ်ပြီး ရှိတ်ခ်ဟာဆီနာ တိုင်းပြည်ကနေ ထွက်သွားရပြီး မိုဟာမက်ဒ် ယူနွတ်စ်ဟာ အိမ်စောင့် အစိုးရ ခေါင်းဆောင် ဖြစ်လာပါတယ်။ အကြံပေး အရာရှိချုပ် ဆိုပြီး ခေါ်ဝေါ် သုံးစွဲပါတယ်။ အိမ်စောင့် အစိုးရထဲက နိုင်ငံခြား ရေး ဝန်ကြီး နေရာကိုလည်း နိုင်ငံခြားရေးရာ အကြံပေး foreign Advisor အဖြစ် ခေါ်ဝေါ် ပါတယ်။

အဲဒီ နိုင်ငံခြားရေး အကြံပေး တောင်ဟိဒ် ဟူစိန် Touhid Hossain ရဲ့ တရားဝင် ပြောဆိုချက်တွေကို ကြည့်ရင် သူဟာ အာရ်ကန်အာမီနဲ့ ထိတွေ့ ဆက်ဆံရေး ဆိုတဲ့ ချဥ်းကပ်မှု အပေါ် လိုလားသူ ဖြစ်တာ တွေ့ရပါတယ်။ စာနာမှုဆိုင်ရာ လမ်းကြောင်း ဘယ်လို ထားရှိကြမလဲ ဆိုတဲ့ အပေါ် လ အနည်းငယ် အချိန်ယူပြီး ရှုထောင့် အမျိုးမျိုးနဲ့ စဥ်းစားပြီးတဲ့နောက်ပိုင်း ဒီနှစ်ဆန်း ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီ လတွေထဲမှာ ဘင်္ဂလားဒေ့ရှ်ထဲ သက်ဆိုင်သူ မတူတဲ့ အဖွဲ့တွေ ပါဝင်တဲ့ အစည်းအဝေး အနည်းဆုံး နှစ်ကြိမ်လောက် လုပ်ခဲ့ကြပါတယ်။ ဒါဟာ တရားဝင် တွေ့ဆုံမှု မဟုတ်ဘူး .... informal အနေနဲ့ တွေ့တယ်လို့ ဆိုပေမယ့် ဒီလောက် အနေအထားမျိုး အထိ တွေ့လာတာမျိုးက ပထမဆုံးလို့ ပြောနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရ အဆက်ဆက် လက်ထက် မြန်မာ့အရေးမှာ non-State actor တွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ အတွေ့အကြုံမျိုး များများစားစား မရှိပါဘူး။ ဒါ့ကြောင့်လည်း အာရ်ကန်အာမီနဲ့ ထိတွေ့ ဆက်ဆံမှု အတိုင်းအတာ ရှေ့တိုးလာဖို့ရာ အချိန်အတော်လေး ယူရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ နဲ့ ထိုင်း အစိုးရတို့ကတော့ သူတို့ နယ်စပ်တွေ တလွှား မြန်မာဘက်ခြမ်းက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေနဲ့ကြား ဆက်ဆံရေး အတွေ့အကြုံဟာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ ဖြစ်သလို၊ သြဇာ လွှမ်းမိုးနိုင်စွမ်းလည်း အတော်အတန် ရှိပါတယ်။ တရုတ်ဆိုရင် မြန်မာ့အရေး အထူးသံ တစ်ယောက် ခန့်ထားပြီး non-State actor တွေနဲ့ ထိတွေ့ ဆက်ဆံမှုကို လူသိရှင်ကြား ပုံမှန် ပြုလုပ်နေတာမျိုး ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အဲဒီလို အတွေ့အကြုံမျိုး မရှိပါဘူး။

ဒီတော့ AA နဲ့ informal တွေ့တာမျိုးကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ လုပ်ဖို့ရာ အတော်လေး အခက်တွေ့နေခဲ့တာ ဖြစ်ပါတယ်။ သူတို့ အစိုးရတွင်းမှာကို သဘောထား အမျိုးမျိုး ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံခြားရေးရုံး အဝန်းအဝိုင်းထဲမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်ပြောခဲ့သလို အခုနှစ်ဆန်း လတွေမှာ တွေ့ဆုံမှုတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီနောက်တော့ အသံအတော်လေး တိတ်ဆိတ်သွားပြန်ပါတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ် အိမ်စောင့် အစိုးရနဲ့ အေအေ ကြား ဆက်ဆံရေးမှာ အခက်အခဲတချို့ ရှိနေပုံ ရပါတယ်။

ဒီ အချိန်မှာပဲ ခင်ဗျားသိတဲ့ အတိုင်း ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်မှုတွေဟာ ရခိုင်မြောက်ပိုင်းမှာ တိုးမြင့် ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် အာဆာ အဖွဲ့ ဖြစ်ပါတယ်။ ဒီ အချက်ကလည်း အေအေ အနေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ကြား ဆက်ဆံရေး အပေါ်မှာ အတော်လေး သတိကြီးကြီး ထားလာစေတယ်လို့ ထင်ပါတယ်။

ဆိုလိုတာကတော့ အာဆာတွေ၊ ရိုဟင်ဂျာ လက်နက်ကိုင်တွေ ရခိုင်မြောက်ပိုင်းမှာ လှုပ်ရှားဖို့၊ တိုက် ခိုက်တာတွေလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်က မီးစိမ်းပြပေးတယ်၊ ခွင့်ပြုပေးတယ် .... ဒါမှမဟုတ် အဲဒီထက်တောင် ကျော်လွန်ပြီး ထောက်ပံ့ပေးတယ် ဆိုတဲ့ အမြင်မျိုးတွေ ယူဆချက်တွေ ပေါ်ပေါက်လာစေပါတယ်။ အေအေ အတွက်တော့ ဒါဟာ ကြီးမားတဲ့ လုံခြုံရေး ဆိုင်ရာ အန္တရာယ်အဖြစ် ရှုမြင်သွားစေတာမျိုး ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒီတော့ ဘင်္ဂလားဒေ့ရှ် ထဲမှာ အာရ်ကန်အာမီနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ ရခိုင်ပြည်နယ် အရေး ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ် တစ်စုတစ်စည်းတည်း ရှိတဲ့ မူဝါဒ မျိုးကို ဖော်ဆောင် ထားတာမျိုးလား။ ကျွန်တော် ဆိုလိုတာက အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ မူဝါဒ ဆိုတာ တစ်ဘက်မှာ ရှိနေသလို၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ရဲ တို့လို့ လက်နက်ကိုင် အဖွဲ့တွေရဲ့ သီးခြား ချဉ်းကပ်မှု၊ ဆောင်ရွက်မှုတွေရော ရှိနေတာမျိုးလား ခင်ဗျ။

သောမတ်စ်ကီးန်။ ။ ဒါဟာ တော်တော်လေးကောင်းတဲ့ မေးခွန်းပါ။ အရေးကြီးတဲ့ အချက်အပေါ် တိုက်ရိုက် ထောက်ပြလိုက်တာမျိုး ဖြစ်ပါတယ်။ ရှိတ်ခ်ဟာဆီနာ လက်ထက်ကနေ စပြီး ပြောရ အောင်ပါ။ ကျွန်တော်ပြောခဲ့သလို အဲဒီ အချိန်တုန်းက အစိုးရ အနေနဲ့ အေအေဟာ non-state actor ဖြစ်တယ် ဆိုပြီး တိုက်ရိုက် ဆက်ဆံမှု မရှိပါဘူး။ DGFI လို့ အတိုကောက်ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး အေဂျင်စီ အဖွဲ့ကတော့ အေအေနဲ့ကြား ထိတွေ့ ဆက်ဆံလေ့ ရှိ ပါတယ်။ အဲဒီ DGFI ရဲ့ ဆက်ဆံရေး လမ်း ကြောင်းဟာ မိုဟာမက်ဒ် ယူနွတ်စ် အိမ်စောင့် အစိုးရ လက်ထက်မှာလည်း ဆက်ရှိနေခဲ့ပါတယ်။

ဒါ့အပြင် DGFI ရဲ့ ထိတွေ့ ဆက်ဆံမှုရဲ့ အပြင်ဘက်၊ အိမ်စောင့် အစိုးရကိုယ်တိုင် အေအေနဲ့ကြား ထိတွေ့ ဆက်ဆံရေး လုပ်မယ် ဆိုပြီး အစိုးရရဲ့ မူဝါဒ သဘောထားကို ဖြေလျှော့လိုက်ပါတယ်။ အဲဒီလို civilian channel လို့ ခေါ်တဲ့ အရပ်ဘက် လမ်းကြောင်း ဖွင့်လိုက်တာဟာ ပိုပြီး ဆီလျှော် သင့်မြတ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်ထောက်လှမ်းရေး အဖွဲ့ရဲ့ ဆက်ဆံရေး လမ်းကြောင်း ဆိုတာ သူတို့ စစ်ထောက်လှမ်းရေး ရှုထောင့်အမြင်၊ လုံခြုံရေး အမြင်နဲ့သာ ချဥ်းကပ်တာမျိုး ဖြစ်ပါတယ်။

လက်ရှိ အနေအထားဟာ အခြေအနေ အရပ်အရပ် ရှုထောင့် အမျိုးမျိုး အပေါ် ပိုပြီး လွှမ်းခြုံနိုင်ဖို့ အရေးကြီးလာပါတယ်။ ကုန်သွယ် စီးပွားရေး ကိစ္စမျိုးက အစ ထည့်သွင်း စဥ်းစားဖို့ လိုအပ်နေပါတယ်။ ဒီတော့ အိမ်စောင့် အစိုးရ အနေနဲ့ အေအေ နဲ့ ထိတွေ့ ဆက်ဆံမှု ဆိုင်ရာ မူဝါဒ အပေါ် ပိုပြီး လမ်းဖွင့် လာတာဟာ အပြုသဘော ခြေလှမ်းအဖြစ် မြင်ပါတယ်။

ဒီတော့ ခင်ဗျား မေးခွန်းကို တိုက်ရိုက် ဖြေရရင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် အစိုးရနဲ့ လုံခြုံရေး အဖွဲ့တွေကြား မတူတဲ့ ချဥ်းကပ်မှုတွေ ရှိနေပြီး၊ လမ်းကြောင်း နှစ်ကြောင်း ဆိုတာမျိုး ဖြစ်နေပါတယ်။ တစ်စုတစ်စည်းတည်း ရှိတဲ့ မူဝါဒမျိုး ကင်းမဲ့နေပါတယ်။ ထောက်လှမ်းရေး အေဂျင်စီ အနေနဲ့ သူတို့ကိုယ်ပိုင် လမ်းကြောင်းတွေနဲ့ တစ်ဘက်က အေအေ နဲ့ကြား ထိတွေ့ ဆက်ဆံသလို၊ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ထိတွေ့ ဆက်ဆံတာတွေ တပြိုင်တည်း ထားရှိပါတယ်။ အဲဒီ အချက်ကလည်း အေအေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ကြား ထိတွေ့ ဆက်ဆံမှု ရှေ့ကိုတိုးလားဖို့ အဟန့်အတား တစ်ခု ဖြစ်နေစေပါတယ်။

 သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

ဘီဘီစီ။ ။ နိုင်ငံတကာက အကြံပြု တိုက်တွန်းနေတဲ့ စာနာမှု လမ်းကြောင်း ဆိုတာရဲ့ သဘောသဘာဝကို ကြည့်ရင် ရခိုင်မြောက်ပိုင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်မ်တွေကို ထောက်ပံ့တာတွေ ပြုလုပ်ဖို့ အဓိက ရည်ရွယ်တာလား၊ ရခိုင်မြောက်ပိုင်းက လူမှု အသိုင်းအဝိုင်း အားလုံး အတွက် ရည်ရွယ်တာလား။ ဘယ်လိုနားလည်နိုင်သလဲ တွမ်ရေ။

သောမတ်စ်ကီးန်။ ။ ဒါဟာလည်းပဲ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှု ပါဝင်ရမယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် အိမ်စောင့် အစိုးရက အလေးပေး ပြောနေတဲ့ အခြေခံအကြောင်း တစ်ခုကတော့ ... အခုနက ခင်ဗျားမေးသလို ရိုဟင်ဂျာတွေ အတွက်ပဲလား၊ တခြား အသိုင်းအဝိုင်းတွေ အတွက်ရော မပါဘူးလား ဆိုတာရဲ့ ပြောင်းပြန်သဘောကို ဆောင်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ရဲ့ ကြပ်မတ်မှု၊ စောင့်ကြည့်မှု မပါဘူးဆိုရင် စာနာမှု အကူအညီတွေဟာ လိုအပ်နေတဲ့ သူတွေဆီ တကယ်တမ်း ရောက်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းမျိုး ဘင်္ဂလားဒေ့ရှ် အစိုးရထံမှာ ရှိနေလို့ ဖြစ်ပါတယ်။ ကုလရဲ့ စီမံမှုမျိုး ရှိမနေဘူး ဆိုရင် ... စာနာမှု အကူအညီတွေကို ဘယ်သူ့လက်ထဲ ထည့်ပေးရမှာလဲ ... ဘယ်သူတွေက ဖြန့်ဖြူးတာမျိုး လုပ်မှာလဲ စတဲ့ မေးခွန်းတွေ ရှိလာစေပါတယ်။ အေအေ လက်ထဲ ထည့်ပေးလိုက်ရင် အေအေကို ထောက်ပံ့တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားပြီး၊ အသိုင်းအဝိုင်း အားလုံးကို မခြုံငုံမိတော့ဘူး ဆိုတဲ့ အမြင်မျိုး၊ စိုးရိမ်မှုမျိုး ရှိနေပါတယ်။

ကုလသမဂ္ဂ ယန္တရားအဖွဲ့တွေက ပါဝင် လှုပ်ရှားပြီး စာနာမှု လမ်းကြောင်းကြီးကို တရားဝင် ဖော်ဆောင်နိုင်မှသာ အကူအညီတွေ ဖြန့်ဝေရာမှာ ပွင့်လင်းမြင်သာမှု ရှိလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ယူဆနေတာ ဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလို ကျွန်တော့်အမြင်မှာတော့ ကုလသမဂ္ဂကြားဝင်မှုနဲ့ တရားဝင် လမ်းကြောင်းကြီး ပွင့်လာမယ် ... ကုလ ယန္တရား အဖွဲ့တွေ ရခိုင်မြောက်ပိုင်းထဲ ဝင်ပြီး စာနာမှု အကူအညီတွေ ဖြန့်မယ် ဆိုတာတွေဟာ အလှမ်းကျယ်လှပါတယ်။ လက်တွေ့ ဖြစ်နိုင်ဖို့ ခဲယဥ်းပါတယ်။

လိုအပ်နေသူတွေဆီ တကယ်တမ်း စာနာမှု အကူအညီတွေ ရောက်ဖို့ ဆိုရင် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သူတို့မှာ ရှိနေတဲ့ စိုးရိမ်ချက်တွေကို အေအေနဲ့ကြားမှာ ချပြပြီး သဘောတူမှုတွေ၊ ကတိက ဝတ်တွေ ရယူသင့်ပါတယ်။ တခါ၊ အေအေ ဘက်ကလည်း အလားတူပါပဲ .... သူတို့မှာ ရှိနေတဲ့ စိုးရိမ်ချက်တွေ ... ဥပမာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ကြား ဆွေးနွေးသင့်ပါတယ်။

တကယ် လက်တွေ့ အလုပ် ဖြစ်နိုင်တာကတော့ formal မဟုတ်တဲ့ informal စာနာမှု လမ်းကြောင်းမျိုးကနေ စာနာမှု အထောက်အပံ့တွေ နယ်စပ်ဖြတ်ကျော် စီးဆင်းလာအောင် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အေအေကြားမှာ နားလည်မှု တစုံတရာ အတိုင်းအတာထိ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ တကယ်တမ်းကတော့ နယ်စပ်မှာ အခုလည်း စီးပွားရေးအရ နှစ်ဘက် ရောင်းဝယ် ဖောက်ကားတာမျိုး၊ ကုန်သွယ်တာမျိုးတွေ ရှိနေတာပါပဲ။ ဒီလို လမ်းကြောင်းတွေဟာ စာနာမှု အကူအညီပေးရေး လမ်းကြောင်းတွေ အဖြစ် အသုံးပြုလို့ ရနိုင်ပါတယ်။

အဓိက ကျော်လွှားကြရမှာက အေအေကို ထောက်ပံ့တာလား ... လက်နက်တွေပါ စီးဆင်းတဲ့ လမ်းဖြစ်လာမှာလား ... တစ်ဘက်မှာလည်း ရိုဟင်ဂျာ လက်နက်ကိုင်တွေကို ထောက်ပံ့ရေး လမ်းကြောင်း ဖြစ်လာမှာလည်း စတဲ့ စိုးရိမ်ချက်တွေ၊ သံသယတွေကို ကျော်လွှားနိုင်ရေး ဖြစ်ပါတယ်။

ဒီတော့ ပြန်ချုပ်ရရင် ပုံမှန်မဟုတ်တဲ့ ၊ တရားဝင်မဟုတ်တဲ့ informal စာနာမှု လမ်းကြောင်းမျိုး ဖော်ဆောင် ထားရှိနိုင်ဖို့ အခွင့်အလမ်း ရှိနေပါတယ်။ အခု သီတင်းပတ်တွေမှာပဲ မောင်တောနဲ့ တက်ခ်-နက်ဖ် ဆိပ်ကမ်း တွေကြားက ကုန်သွယ်မှု တချို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဘာအကြောင်းနဲ့မှန်းမသိ ပိတ်တာမျိုး လုပ်ခဲ့ပေမယ့်၊ ယေဘုယျ ပြောရရင် နှစ်ဘက် ကုန်သွယ်လမ်းကြောင်း ရှိနှင့်ပြီး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုရင် တက်ခ်-နက်ဖ် ဆိပ်ကမ်း၊ တစ်ဘက် ရခိုင်ဘက်မှာ ဆိုရင် မောင်တော ကညင်ချောင်း အထူးစီးပွားရေးဇုံ နေရာကနေ ကုန်သွယ်မှုတွေ ရှိနေပါတယ်။ "သစ်" နဲ့ စိုက်ပျိုး ရေး ထုတ်ကုန်တွေ ကညင်ချောင်းဘက်က လာသလို၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဘိလပ်မြေနဲ့ လောင်စာဆီလို ပစ္စည်းမျိုးတွေ ပြန်ပြီး သွင်းပါတယ်။ ဆိုတော့ ပြောရရင် ဒီ လို လမ်းကြောင်း ရှိနေတာဟာ စာနာမှု အကူအညီလို့ မပြောနိုင်စေဦး ရခိုင်ထဲက သူတွေ အတွက် အသက်ရှူ ချောင်စေပါတယ်။ ဒီ လမ်းကြောင်းရဲ့ ထိရောက်မှုဟာ ရခိုင် အလယ်ပိုင်းထဲ အထိ အကျိုးရှိစေပါတယ်။

ဘီဘီစီ။ ။ ဘင်္ဂလားဒေ့ရှ်ထဲက အာဏာပိုင်တွေ အပါအဝင် သက်ဆိုင်ရာသူတွေနဲ့ စကားပြောကြည့်တဲ့အခါ တွမ် ဘယ်လို ခံစား သိမြင်ရတာမျိုးရှိလဲ။ ရိုဟင်ဂျာတွေ အတွက် ဘေးကင်းရာ ဇုံ safe-zone ဖော်ဆောင်ပေးဖို့ လိုတယ် ဆိုတဲ့ အယူ အဆ မျိုးတွေ၊ ရိုဟင်ဂျာတွေ အတွက် သီးသန့်နယ်မြေ လိုတယ် ဆိုတဲ့ အထိ ခံယူတာမျိုးတွေ တွေ့ရလား။ ဒါမှမဟု ရိုဟင်ဂျာ ဒုက္ခသည် အရေးဟာ သူတို့ အတွက် အင်မတန်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ အတွက် မြန်မာဘက် ပြန်ပို့နိုင်ရေးက အဓိကလို့ ပဲ မြင်နေကြတာမျိုးလား။ ဘယ်လိုတွေ တွေ့ရလဲခင်ဗျ။

သောမတ်စ်ကီးန်။ ။ ကျွန်တော့် အမြင်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ရင် သူတို့ အပေါ် ဝန်ပိနေတယ် ဆိုပြီး စိတ် အလိုမကျ ဖြစ်နေတာရော ... ဘယ်လို ရှေ့ဆက်ရမလဲ ဆိုတဲ့ တိတိကျကျ အဖြေမျိုး ရှိမနေတဲ့ အတွက် စိုးရိမ်မှုတွေရော ရှိနေကြပါတယ်။

ရိုဟင်ဂျာတွေဟာ အခုနှစ်ပိုင်းတွေမှာကို ဘင်္ဂလားဒေ့ရှ်ထဲ အစုလိုက် ဝင်လာနေကြဆဲ ဖြစ်တယ်လို့ သူတို့ တရားဝင် ထုတ်ပြန်တာတွေ ရှိပါတယ်။ ၂၀၂၃ နှောင်းပိုင်းကစလို့ ဝင်လာသူတွေ စုစုပေါင်းလိုက်ရင် နှစ်သောင်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

ဆိုတော့ ... အဓိပ္ပာယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ထဲ လက်ခံ ထားရတယ် ဆိုတဲ့ အချက်တင်မက ဒုက္ခသည်တွေ ဆက်လက် ဝင်ရောက်နေတဲ့ အရေးဟာ အခုအချိန်ထိ ဆက်လက် ကြီးထွားနေတဲ့ အရေးကိစ္စ ဖြစ်နေပါတယ်။

ဒုက္ခသည် ပြန်လည်လွှဲပြောင်းရေး ဆိုတာကတော့ ပိုပိုပြီးလို့တောင် အလှမ်းဝေးသွားပါတယ်။

ဒီတော့ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ရင် ဘယ်လို အဖြေမှ ရှိမနေတော့ဘူး ... ဘင်္ဂလားဒေ့ရှ် အတွက် ဝန်ပိ နေတာကလွဲပြီး ထွက်ပေါက် မရှိတော့ဘူးလို့ ခံစား လာရစေပါတယ်။ ဒါ့ကြောင့်လည်း ဘင်္ဂလားဒေ့ရှ်ရဲ့ မတူတဲ့ အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေကြားမှာ လက်တွေ့မကျတဲ့ စကားတွေ၊ ကိုယ် ဖြစ်ချင်တာတွေကို စိတ်ကူးပြီး ပြောတာမျိုးတွေ ထွက်လာလေ့ ရှိပါတယ်။ တချို့စကားမျိုးတွေဟာ မြန်မာဘက်ခြမ်းက သူတွေ အတွက် အထင်အမြင်လွဲစရာတွေလည်း တန်ပြန် ဖြစ်လာစေပါတယ်။

အဲဒီ ထဲမှာ ခင်ဗျား ဥပမာပေးတဲ့ safe zone ဆိုတဲ့ အပြောမျိုးလည်း ပါပါတယ်။ ထိခိုက်လွယ် အသိုင်းအဝိုင်းကို စစ်ဒဏ်ကနေ အကာအကွယ် ပြုပေးဖို့ ဆိုတဲ့ အခြေခံ အတွေးအခေါ်မျိုးနဲ့ ပြောတာမျိုး ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အာရ်ကန် အာမီ အတွက်ကျတော့ ဒါဟာ ခြိမ်းခြောက်မှု၊ စွက်ဖက်မှု အဖြစ် မှတ်ယူသွားစေပါတယ်။

တချို့စကားမျိုးတွေ ဟာ ဘယ်လောက် အတိုင်းအတာထိ နားလည်မှု လွဲစေလဲ ... အလွယ် ပြောသင့်တဲ့ စကားလား ဆိုတာကို ဘင်္ဂလားဒေ့ရှ်ထဲက တချို့သူတွေ အပြည့်အဝ နားလည်ပုံ မရပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကတင် ဘင်္ဂလားဒေ့ရှ်ရဲ့ ဂျမားအတ်တီ အစ္စလာမ်မီ Jamaat-e-Islami ဆိုတဲ့ အကြီးဆုံး အစ္စလာမ် ဘာသာရေး အခြေခံ ပါတီကြီးရဲ့ ပြောဆိုချက် တစ်ခု ထွက်လာခဲ့ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံ အပြီး သူတို့ ပြောဆိုချက်ထဲမှာ ရိုဟင်ဂျာတွေ အတွက် သီးသန့် ပြည်နယ် ရှိသင့်တယ် ဆိုတာမျိုး ပါဝင်ပါတယ်။ အဲဒီလို ပြောဆိုဖို့ ကနဦး အကြံဥာဏ်မျိုး သူတို့ ဘယ်လို ရရှိသလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အဲဒီလို အပြောမျိုးတွေဟာ အတော်လေး ဆိုးရွားတယ် .... အခြေအနေတွေကို ပိုပြီးတော့တောင် ထိခိုက်သွားစေနိုင်တဲ့ မပြောသင့် မပြောအပ်တဲ့ စကား ဆိုပြီး တစ်ယောက်ယောက်က သူတို့ကို ထောက်ပြ အကြံပေးတယ် ထင်ပါတယ် .... ချက်ခြင်း ဆိုသလိုပဲ နောက်တစ်ရက်ကျတော့ သူတို့ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး ဆိုပြီး လျှောချသွားပါတယ်။

ကျွန်တော် ပြောချင်တာက ဘင်္ဂလားဒေ့ရှ်ရော မြန်မာမှာပါ နှစ်ဘက် နိုင်ငံရေး အသိုင်းအဝိုင်းတွေထဲ တစ်ဘက်နဲ့တစ်ဘက်ရဲ့ မျက်မှောက်ရေးရာ အခြေအနေတွေ အပေါ် ခြုံငုံ နားလည်နိုင်မှု အားနည်းပါတယ်။ တစ်ဘက် နိုင်ငံထဲမှာ တကယ်တမ်း ဘာတွေ ဖြစ်နေလဲ ... ဘယ်လို စကားမျိုးတွေက ဘယ် လို အဓိပ္ပာယ် သက်ရောက် စေလဲ ဆိုတာ ခွဲခြား မသိမြင် ကြပါဘူး။ အဲဒီတော့ နားလည်မှု၊ အထင်မြင်လွဲမှု တွေ ဆိုတာ အလွယ်တကူပဲ ဖြစ်လာနိုင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */