Wednesday, May 14, 2025

ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနား ဖမ်းဝရမ်းထုတ်မှုက အမှားအယွင်းလား

Mizzima
May 14, 2025
 

ဓာတ်ပုံ – ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်ကတည်းက စစ်တပ်၏အကျဉ်းချမှုကို ခံထားရသည်။ (Loviny Christophe/ABACA/picture alliance)

ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှစ်ရပ်လုံးက လွှတ်ပေးရေး တောင်းဆိုထားသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် နိုင်ငံရေးအကျဉ်းသားတဦးအား နိုင်ငံတကာဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် ရှားပါးဖြစ်စဉ်တရပ် ဖြစ်သည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလတွင် ထိုဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ပြီး အာဂျင်တီးနားတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

တရားရုံး၏ ဆုံးဖြတ်ချက်တွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုစွဲချက်များဖြင့် အလိုရှိနေသော မြန်မာနိုင်ငံသား ၂၅ ဦး၏အမည်စာရင်းကို ထုတ်ပြန်ထားသည်။ အဆိုပါစာရင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာမက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမီအထိ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်အဖြစ် ထိရောက်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာ ဏာ သိမ်းပြီးနောက် ယခုအချိန်ထိ အကျဉ်းချခံထားရသည်။

အာဂျင်တီးနားတရားရုံးက မည်သည့်နေရာတွင် ကျူးလွန်ခဲ့သည်ဖြစ်ပါစေ အချို့သော ကြီးလေးသော ပြစ်မှုများကို တရားစွဲနိုင်သည့် ဥပဒေမူဘောင်ပေါ်အခြေခံကာ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဝရမ်းထုတ်နိုင်သော စီရင်ပိုင်ခွင့်ကို ကျင့်သုံးသည်ဟု ဆိုသည်။

အဆိုပါ အမှုသည် မြန်မာနိုင်ငံရှိ လူနည်းစု ရိုဟင်ဂျာလူမျိုးစုအား ခွဲခြားဆက်ဆံမှုအပေါ် အဓိကထား ခြင်းဖြစ် သည်။ မွတ်စလင်ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် အများစုနေထိုင်ကြပြီး မြန်မာနိုင်ငံအသိ အမှတ်ပြု နိုင်ငံသားနှင့်တိုင်းရင်းသားလူမျိုးစုဖြစ်ခွင့်ရရေးအတွက် ဆယ်စုနှစ်များစွာ အတားအဆီးများနှင့် ကြုံနေသည်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာပြဿနာ

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်ကတည်းက စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု ပါတီများက တဖက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတဖက် နိုင်ငံရေး ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ နှစ်ပေါင်းများစွာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေပြီးနောက် ၂၀၁၆ ခုနှစ်တွင် စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီမှုရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အရပ်သားအစိုးရကို ဦးဆောင်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ကို ဦးဆောင်ခဲ့သည်။ စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမှီအခိုကင်းပြီး အရာရောက်သည့် နိုင်ငံရေးအခွင့်အရေးများ ရရှိထားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရိုဟင်ဂျာသောင်းကျန်းသူများသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ နယ်ခြားစောင့်ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစစ်ဆင်ရေးများ စတင်ခဲ့သည်။ ထို့ကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး ၇၀၀,၀၀၀ ဝန်းကျင်ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ကြရကာ လူမျိုးရေးတင်းမာမှုပဋိပက္ခများဖြစ်သဖြင့် ကိန်းဂဏန်းအတိအကျ မသိရပေ။

စစ်တပ်က အင်အားအလွန်အကျွံအသုံးပြုမှုကို ငြင်းဆိုခဲ့သော်လည်း ရိုဟင်ဂျာအပေါ် မြန်မာ၏လုပ်ရပ်သည် ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ကုလသမဂ္ဂက ‌သတ်မှတ်ထားသည်။ သို့သော် အဆိုပါ စစ်ဆင်ရေးသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သလား၊ ဒေါ်အောင်ဆန်းစုကြည်တွင် ဘယ်လောက်ထိ တာဝန်ရှိသလဲ ဟူသော မေးစရာ မေးခွန်းနှစ်ခု ရှိနေသေးသည်။

လူမျိုးတုံးသတ်ဖြတ်မှုကိစ္စ

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေသည်ဆိုသည့် စိုးရိမ်မှုများသည် ၂၀၁၇ ခုနှစ် မတိုင်ခင်ကတည်းက ကြားနေရသည်။ ၂၀၁၅ ခုနှစ်တွင် လူ့အခွင့်အရေးအဖွဲ့အစည်း Fortify Rights က ထုတ်ပြန်ခဲ့သော Yale Law School မှ Allard K. Lowenstein ၏ အစီရင်ခံစာတွင် “ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် ခိုင်လုံသော အထောက်အထားများ ရှိသည်” ဟု ဖော်ပြထားသည်။

အဆိုပါအသံများသည် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ပိုမိုကျယ်လောင်လာခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂ၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဟုဆိုကာ မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် စတင်တရားစွဲဆိုခဲ့သည်။ သို့သော် ICJ သည် ထိုအမှုကို စီရင်ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘဲ လူမျိုးတုံးသတ်ဖြတ်မှုရှိခဲ့သည်ဆိုသည်ကို ဥပဒေသဘောအရ အတည်မပြုနိုင်သေးပေ။

သို့သော် Fortify Rights ၊ မြန်မာ-ရိုဟင်ဂျာအဖွဲ့ယူကေ (BROUK) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း တောမတ်စ်အိုဟေးကင်တားနားတို့ကမူ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု အခိုင်အမာယုံကြည်ထားသည်။

အာဂျင်တီးနားနိုင်ငံသား ကင်တားနားက ၎င်း၏နိုင်ငံသည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ရပ်၏ အရေးကြီးမှုအပေါ် သိရှိနားလည်ကြောင်း RFA သို့ ပြောခဲ့သည်။

တာဝန်ယူမှု တာဝန်ခံမှုကိစ္စ

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ်များ အစောပိုင်းမှ စ၍ ၂၀၁၇ ခုနှစ် ဖြစ်ရပ်များအထိ ကမ္ဘာတဝန်းတွင် လူသိများ ထင်ရှားသော လူ့အခွင့်အရေးထောက်ခံလှုပ်ရှားသူတဦးဖြစ်သည်။ ရိုဟင်ဂျာများကို သတ်ဖြတ်သည့် ပြင်းထန်သော အကြမ်းဖက်မှုကာလများအတွင်း မြန်မာအရပ်သား အစိုးရကို ဦးဆောင်နေသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရခေါင်းဆောင်တဦးအနေဖြင့် စစ်တပ်ကို ဆန့်ကျင်ပြောဆိုရန် တွန့်ဆုတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံအား ကာကွယ်ရန် ၂၀၁၉ ခုနှစ်က The Hague အထိပင် သွားရောက်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ငြင်းဆိုခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကိုမူ ဝန်ခံခဲ့သည်။

နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုအခြေအနေနှင့်ပတ်သက်ပြီး “မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အရပ် သားတွေက အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာပါ” ဟု Financial Times နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာ ကိုယ်စားလှယ်များမပါဘဲ မြန်မာနိုင်ငံက ဖွဲ့စည်းထားသော လွတ်လပ်သောစုံစမ်းရေးကော်မရှင် (ICOE) ၏ အစီရင်ခံစာကို ထောက်ပြခဲ့သည်။

အစီရင်ခံစာတွင် “အရပ်သားများကို သတ်ဖြတ်ခြင်း၊ အင်အားအလွန်အကျွံသုံးခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် မွတ်စလင်များ၏ နေအိမ်များကို ဖျက်ဆီးခြင်း” များလုပ်ဆောင်သည်ဟု မှတ်တမ်းတင်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်က “ICOE က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေမတွေ့ဘူး” ဟု Financial Times သို့ ပြောသည်။

ရိုဟင်ဂျာများအပေါ် မြန်မာစစ်သားများက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု ယုံကြည်ထားသူများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ငြင်းဆိုမှုက သူမအား ကြံရာပါအဖြစ် သတ်မှတ်ခံရစေသည်။ သို့သော် လူမျိုးတုံး သတ်ဖြတ်မှု မဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပျက်ခဲ့သည်ဟု ဝန်ခံသော ရပ်တည်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခြင်းတွင် အပြစ်ရှိသည်ဟု အဓိပ္ပါယ်သက်ရောက်နေသလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

အာဂျင်တီးနားတရားရုံးအမိန့်နှင့်ပတ်သက်၍ သိရသမျှ

စီရင်ချက်နှင့် စီရင်ချက်ချရသည့် တိကျသောသက်သေအထောက်အထားများမှာ ထင်သာမြင်သာ မရှိသေကြောင့် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်သည့် အာဂျင်တီးနားတရားရုံး၏ ဆုံးဖြတ်ချက်နောက်ကွယ်မှ အကြောင်း အရင်းများမှာ ရှင်းလင်းပြည့်စုံမှု မရှိပေ။ DW က အချက်အလက်ထပ်မံရရှိရေး အာဂျင်တီးနားတရားရုံးနှင့် အာဂျင်တီးနားလူ့အခွင့်အရေးကော်မရှင်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိပေ။

ဖမ်းဝရမ်းထုတ်ပြီး လပိုင်းအကြာ၌ မြန်မာ့အရေးကျွမ်းကျင်သူနှင့် ယူကေသံအမတ်ကြီးဟောင်းဖြစ်သည့် ဒဲရက် တွန်ကင်က ဖမ်းဝရမ်းထုတ်ရန် ဖြစ်နိုင်ခြေရှိခဲ့သည့် ရင်းမြစ်များကို ဆန်းစစ်ခဲ့ကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ စာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။ “တရားရုံး၏ ဆုံးဖြတ်ချက် အခြေခံခဲ့ပုံရသည့် တရားရုံးလျှောက်ထားလွှာတွင် ငြင်းခုံဖွယ် မေးခွန်းထုတ်ဖွယ် အကြောင်းအရာများနှင့် ထင်မြင်ယူဆချက်များစွာ ပါဝင်နေပြီး အချို့နေရာများတွင် မှားယွင်းမှုများရှိကြောင်း” ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများ၏ ပြောဆိုချက်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့သည်ကို သက်သေပြနေသည်ဆိုသောစွပ်စွဲချက်နှင့်ပတ်သက်ပြီး တွန်ကင် “ဒါဟာ မမှန်ပါဘူး၊ တရားရုံးလျှောက်လွှာထဲမှာ ဘာသက်သေအထောက်အထားမှ မပါဘူး” ဟု ပြောသည်။

ထိုအချိန်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်အတွင်းဖြစ်ရပ်များနှင့်ပတ်သက်ပြီး တိုက်ရိုက်တာဝန်ရှိသည်ဆိုသော စွပ်စွဲချက်များကိုလည်း တွန်ကင်က ငြင်းဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုတာ လုံးဝ လက်ခံလို့မရပါဘူး။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးကိုလည်း အသိအမှတ်ပြုလက်ခံခဲ့တာမဟုတ်ဘူး” ဟု တွန်ကင်က ရေးသားထားသည်။

ဖမ်းဝရမ်းထုတ်မှုသည် ယခုအချိန်ထိ သက်ရောက်မှု တစုံတရာမရှိသေးပေ။ မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် ဆက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လတွင် အသက် ၈၀ ပြည့် မွေးနေ့ကို အကျဉ်းသားတဦးအနေဖြင့် ဖြတ်သန်းရပေဦးမည်။ အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံတကာဖမ်းဝရမ်းသည် တိုက်ပွဲများနှင့် ပြည့်နှက်နေသည့် သံသရာရှည်လွန်းလှသော နိုင်ငံရေးလောကတွင် မထင်မရှား အကြောင်းအရာတခုအဖြစ် အဆုံးသတ်သွားနိုင်ပေသည်။

DW မှ Is Argentina’s warrant against Aung San Suu Kyi a mistake? အား Brownie ဘာသာပြန်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */