" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 17, 2021

စစ်ကောင်စီလုပ်ရပ်တွေကြောင့် ရိုဟင်ဂျာအရေး တရားစီရင်နိုင်ဖို့ ပိုမိုအားသာ (ဦးထွန်းခင်)

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
17 ဒီဇင်ဘာ၊ 2021
BROUK ဥက္ကဋ္ဌဦးထွန်းခင် (ယာ) နဲ့ အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana တို့ အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တရားရုံးအပြင်ဘက်မှာတွေ့ရစဉ်။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၁)

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အာဂျင်တီးနားတရားရုံးမှာ စစ်ခေါင်းဆောင် တွအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာတွေ ဖွင့်ထားတဲ့အမှုအတွက် သက်သေအထောက်အထားတွေကို ပိုမိုအားကောင်းစေတယ်လို့ ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင် က ဗွီအိုအေကိုပြောပါတယ်။ အာဂျင်တီးနား နိုင်ငံမြို့ တော် Buenos Aires က ပြည်ထောင်စုတရားရုံးမှာ (ဒီဇင်ဘာလ ၁၆) ရက် ကြာသပတေးနေ့က ဗြိတိန် အခြေ စိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌဦးထွန်းခင်က သူကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့တာတွေကို ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကတင်ပြထားပါတယ်။

ကိုယ်တိုင်ထွက်ဆိုချက်ပေးခဲ့တဲ့ ဦးထွန်းခင်က အရင်စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်ကတည်းက ဖိနှိပ်မှု တွေနဲ့ နိုင်ငံသားအဖြစ်ပိတ်ပင်ခံခဲ့ရတဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကို တရားရုံးကို တင်ပြခဲ့တယ် လို့ ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင်တရားလိုအဖြစ် အမှုဖွင့်ထားတဲ့ မြန်မာ ရိုဟင်ဂျာအဖွဲ့အနေနဲ့ ၂၀၁၇ ခု နှစ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာရွာတွေကို နယ်မြေရှင်းလင်းရေးဆိုပြီး စစ်တပ်က အင်အားသုံးဖိနှိပ်ခဲ့တဲ့ အခြေအ နေတွေကိုလည်း တင်ပြခဲ့ကြောင်း ဦးထွန်းခင်က အခုလိုပြောပါတယ်။

“ရွာပေါင်း ၃၈၀ မီးရှို့ခဲ့ပြီးတော့ အထူးသဖြင့် သူလာတူလီ၊ မုံလူရွာ၊ မိုဒါပြင်ရွာ၊ ပြီးတော့ ကျူတင်ဆိုတဲ့ ဒီလိုရွာတွေရော တခြားရွာတွေ အများကြီးမှာပေါ့နော် ရိုဟင်ဂျာအမျိုးသမီးတွေကို အများကြီး မုဒိန်းကျင့်ခဲ့တာတို့၊ ထောင်ပေါင်းများစွာ ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တယ်၊ ပြီးတော့ ရိုဟင်ဂျာ ယောက်ကျားလေးတွေ ကိုဆိုရင် လည်လှီးပြီးသတ်ဖြတ်ခဲ့တယ်။ ရိုဟင်ဂျာကလေးငယ်တွေကို အရှင်လတ်လတ်မီးရှို့ခဲ့တယ်။ ပြီးတော့ လူကြီးပိုင်းရိုဟင်ဂျာတွေကိုဆရင် အများကြီး မီးလောင်တဲ့အချိန်မှာ အိမ်ထဲကနေပြီး ပြေးမရတော့ သူတို့ကို ထွက်ခွင့်မပေးဘဲနဲ့ အရှင်လတ်လတ် မီးရှို့ခဲ့တာတွေ ဘာတွေ အဲဒါတွေကို သေသေချာချာ အသေးစိတ်ကို ကျနော် ထွက်ဆိုခဲ့ပါတယ်ခင်ဗျ။”

စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ အာဂျင်တီးနားတရားရုံးမှာ ပထမဆုံးသက်သေဖြစ်တဲ့ ဦး ထွန်းခင်ရဲ့ထွက်ဆိုချက်တွေဟာ အလွန်အရေးကြီးကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ အကျိုးဆောင်၊ အာဂျင်တီး နား လူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana က ဗွီအိုအေကို ပြောပါတယ်။

"ဒီထွက်ဆိုချက်ပေးတဲ့အချိန်ဟာ တော်တော်လေးကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင်မြန်မာစစ်တပ် က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ရာမှာသက် သေအဖြစ် ပထမဆုံးထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အရမ်းအရေးကြီးပါတယ်။ ဦးထွန်းခင် ထွက်ဆိုချက် ပေး တဲ့အချိန်ဟာ တနာရီခွဲလောက်ကြာခဲ့ပါတယ်။ နောက်ပြီး သူထွက်ဆိုချက်ပေးသမျှ တရားရုံးက မှတ်တမ်း တင်ထားပါတယ်။"

ဒါ့အပြင် စစ်ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ် သက်လို့ အာဂျင်တီးနားတရားရုံးက လက်ခံစစ်ဆေးနေတဲ့အလားအလာမှာ မျှော်လင့် ချက်တွေ အများကြီးရှိ နေကြောင်းလည်း Mr. Quintana က ပြောပါတယ်။

"တကယ်တော့ ဒီအမှုကို အယူခံတရားရုံးက စုံစမ်းစစ်ဆေးအမှုဖွင့်ဖို့ ဆုံးဖြတ်ပြီး ရက်အနည်းငယ်အကြာမှာ အခုလိုသက်သေထွက်ချက်ပေးဖို့ ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားတရားရုံးက ဒီအမှုကို တော် တော်ကိုမြန်မြန်ဆန်ဆန်ကိုင်တွယ်နေတယ်လို့ ကျနော်မြင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြစ်မှုကျူး လွန်တယ်ဆိုတဲ့ အထောက်အထားတွေပိုပြီးရဖို့ သူတို့ စုဆောင်းနေတယ်လို့ တရားရုံးက ကျနော်တို့ကိုပြော ပါတယ်။ ဒါကြောင့် တရားရုံးက ဆုံးဖြတ်ချက် ချဖို့ အချိန်ကြာမယ်လို့ ကျနော်တို့မထင်ပါဘူး။ မဝေးတော့တဲ့ အနာဂတ်မှာ တရားရုံးဘက်က ခိုင်မာတဲ့ ဆုံးဖြတ် ချက်ရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

အာဂျင်တီးနားတရားရုံးကနေ ရိုဟင်ဂျာအမှုကို ကိုင်တွယ်ဖို့ မဆုံးဖြတ်ခင် သြဂုတ်လတုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးခြောက်ဦးရဲ့ ဗွီဒီယိုကွန်ဖရင့်နဲ့ထွက်ဆိုချက်တွေ ကိုလည်း ကြားနာခဲ့ပါတယ်။ အဲဒီအမျိုးသမီးခြောက်ဦးလုံးဟာမြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရပြီး မိသားစုဝင်တွေပါ အသက်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရသူတွေဖြစ်တယ်လို့လည်း ဦးထွန်းခင် ကပြောပါတယ်။

“ဒီအမှုက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့စွဲထားပေမယ့် တကယ်တန်း အခု ပိုပြီးအားကောင်း တာတခုက ကျေ တာ့ ဒီစစ်တပ်က ၂၀၂၁ ခု၊ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံမှာ အခုဆိုရင် စစ်တပ်အာ ဏာ သိမ်းမှုကို ဆန္ဒပြနေတဲ့ ကျနော်တို့ညီငယ်၊ ညီမငယ်တွေရယ်၊ ပြီးတော့ PDF တွေရယ်၊ ပြီးတော့ တခြား စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေတဲ့လူတွေကို ဒီညဖမ်းလိုက်၊ နောက်နေ့မနက် အလောင်းပို့လိုက် ဒီလိုဟာတွေ ကလည်း သူတို့မှာ သတင်းတွေလည်းရထားတယ်။ အဲဒီအတွက် ဒီကိစ္စ အတော်လေး အားကောင်းတဲ့အေ နအထားမှာရှိတယ်။”

အာဂျင်တီးနားတရားရုံးမှာဖွင့်ထားတဲ့ အမှုအတွက် သူတို့ တင်ပြထားတဲ့ အဓိကတရားခံအမည်စာရင်းထဲ အ ရင်ဆုံးစတင်စစ်ဆေးမယ့်သူတွေထဲမှာ လက်ရှိ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အ ပါ အ ဝင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် အောင်ကျော်ဇော်၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ တပ်မဟာ ၃၃ က ဗိုလ်မှူးချုပ် အောင်အောင်၊ တပ်မ ၉၉က ဗိုလ်မှူးချုပ်သန်းဦး ပါဝင်တယ်လို့ ဦးထွန်းခင်ကပြောပါတယ်။ ဒါအပြင် IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ကနေမြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူး လွန်မှုတွေနဲ့ ပတ်သက်လို့ စုဆောင်းထားတဲ့ အချက်အလက်တွေကို အာဂျင်တီးနား တရားရုံးကို ပံံ့ပိုးပေးသွား ဖို့ ရှိကြောင်းလည်း ဦးထွန်းခင်က ပြောပါတယ်။ ဒါကြောင့် IIMM ကပေးမယ့် အချက်အလက်တွေနဲ့ အတူ သူတို့ တရားစွဲဆိုထားတဲ့အမှုမှာ နောက်ထပ် စစ်ဘက်တာဝန်ရှိသူတွေရဲ့ နာမည်စာရင်းတွေကိုဆက်ပြီး ထည့်သွင်းသွားဖို့ရှိတယ်လို့လည်း သူကဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းမှုလုပ်ရပ်တွေဟာ သူတို့ စွဲထားတဲ့ အမှုအတွက် သက်သေတွေ အဖြစ် ပိုမို ခိုင်မာစေကြောင်းလည်း ဦးထွန်းခင်က ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးုတုံးသတ်ဖြတ်မှုဆိုတဲ့စွဲချက်ကို ကုလသမဂ္ဂတရားရုံး ICJ က ၂၀၁၉ ခုနှစ် ကတည်း လက်ခံစစ်ဆေးနေတာဖြစ်ပေမယ့် အခုအမှုကတော့ နိုင်ငံအနေနဲ့ ရင်ဆိုင်ရတာမဟုတ်ဘဲ ရိုဟင်ဂျာတွေ အေ ပါ် ပြစ်မှုကျူးလွန်မှုမှာ တာဝန်ရှိသူတဦးချင်းစီကို တရားစွဲတာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကဗွီအိုအေကိုပြောပါတယ်။

"အာဂျင်တီးနားမှာ စွဲထားတဲ့အမှုကတော့ တာဝန်ရှိသူတဦးချင်းစီကို တရားရုံးကနေအပြစ်ပေးဆုံးဖြတ်နိုင်တဲ့ ပထမဆုံးအမှုဖြစ်ပြီး မြန်မာနိုင်ငံတွင်း ပြစ်မှုကျူးလွန်မှုမှာ တာဝန်ရှိတဲ့သူတွေကို ဖမ်းဆီးဖို့ အမိန့်ချမှတ်နိုင် ပါ တယ်။ ဒါမှမဟုတ် နိုင်ငံတကာရဲတပ်ဖွဲ့ကနေ ဖမ်းဝရမ်းထုတ်ပြီး ပြင်ပနိုင်ငံထွက်ပြီးခရီးသွားမယ်ဆိုရင် ဖမ်း ဆီးဖို့ အမိန့်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် လျော်ကြေးပေးဖို့ ဒါမှမဟုတ် ဒီအချက်အားလုံးကို ကျခံဖို့ အမိန့်ပေးနိုင် ပါတယ်။ ဒါကြောင့် လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှု သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် လူသတ် မှု၊ ညှင်းပမ်းနှိပ်စက်မှု သို့မဟုတ် အခြား ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စတာတွေ ဖြစ်ပွားခဲ့တယ် လို့ အာဂျင်တီးနားတရားရုံးက တွေ့ရှိခဲ့မယ်ဆိုရင် ကျူးလွန်ခံရသူတွေအတွက် နောက်ဆုံးမှာ တရားမျှတမှု စတင်ရရှိမှာဖြစ်ပါတယ်။"

အခုလို အာဂျင်တီးနားတရားရုံးက အမှုကို စတင် စုံစမ်းစစ်ဆေးနေတာနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က တရားဝင်သဘောထား တုံ့ပြန်တာမရှိသေးပေမယ့် ၂၀၁၉ ခုနှစ်က ရိုဟင်ဂျာတွေကနေ အမှုကို စတင်လျှောက် ထားချိန်မှာတော့ သူတို့ဘက်က ခုခံချေပဖို့ မရှိကြောင်း မြန်မာစစ်တပ်က အရင်က ပြောဆိုထားပါတယ်။

၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူမျိုးတုံးသတ် ဖြတ်မှုနဲ့ လူသားထုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် Universal Jurisdiction နိုင်ငံတကာဥပဒေချိုး ဖောက်မှုမှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့ ဥပဒေအောက်မှာ မြန်မာ စစ်ဘက်နဲ့ အရပ်ဘက်ခေါင်း ဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာရိုဟင်ဂျာ အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ လ ၁၃ ရက်နေ့မှာ အာဂျင်တီးနားဗဟိုတရားရုံးကို လျှောက်ထားခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြော ကြားခဲ့ပေမယ့် NUG အမျိုးသားညီညွတ်ရေးအစိုးရကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုကြောင်းနဲ့ သူတို့အတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */