" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 13, 2020

ကြားဖြတ်အစီအမံ လိုက်နာ၊ မလိုက်နာ

7DAY DAILY
အယ်ဒီတာ့အာဘော်
Saturday, February 8, 2020 -

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အဆင့်အမြင့်ဆုံးတရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကမြန်မာအပေါ် ကြားဖြတ်အစီအ မံလေးချက်လိုက်နာရန် နှစ်ပတ်ကျော်ရှိပြီဖြစ်သော်လည်း မြန်မာက လိုက်နာမည်၊ မလိုက်နာ မည်ကို ယနေ့အထိ တရားဝင်ဖြေကြားခြင်းမရှိ သေးပေ။

မြန်မာနိုင်ငံသည် ၂၀၁၇ သြဂုတ်ကစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ (ရိုဟင်ဂျာ) ဘင်္ဂါလီပေါင်းသိန်းနှင့်ချီ၍ ထွက် ပြေး အောင်  ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို  ချိုးဖောက်ခဲ့သည်ဆိုကာ အိုအိုင်စီနိုင်ငံများနောက်ခံဖြင့် ဂမ်ဘီယာက ICJ တွင် တရားစွဲထားသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီ ( ရိုဟင်ဂျာ )ခြောက်သိန်းကျော်အတွက် ဂျီနိုဆိုက် ထပ်မံမကျူး လွန်နိုင်ရန် ဆိုကာ ကြားဖြတ်အစီ အမံ (Provisional Measures)   ခြောက်ချက်ကို ဂမ်ဘီယာ နိုင် ငံက တောင်း ဆိုခဲ့သည်။ ICJ တွင် ဂျီနိုဆိုက်စွပ်စွဲချက်ဖြင့် တရားစွဲဆိုသော အမှုတိုင်းနီးပါး ကြားဖြတ်အစီအမံ တောင်းခံ ပါက တရားသူကြီး ၁၇ ဦးပါသောတရားရုံးက ကြားဖြတ်အစီအမံချပေးလေ့ရှိသည်။ မြန်မာကို လည်း ကြား ဖြတ်အစီအမံလေးချက်အား ဇန်နဝါရီ ၂၃ ရက်တွင် ချမှတ်ခဲ့ သည်။

ဂမ်ဘီယာနိုင်ငံကတောင်းဆိုချက်များထဲမှ ကုလသမဂ္ဂ၏ အချက် အလက်ရှာဖွေရေးအဖွဲ့နှင့် အခြားကုလ အဖွဲ့ အစည်းများ၏ စုံစမ်းစစ် ဆေးမှုများအားလုံးကို မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ နှင့် ဂမ်ဘီယာ သည် မည်သည့်လက်တုံ့ပြန်ဆောင်ရွက်ချက်ကိုမျှ မပြု လုပ်ရန် တောင်းဆိုချက်နှစ်ချက်မှလွဲ၍ကျန်လေးချက်ကို မြန်မာနိုင်ငံ လိုက်နာရန် ချမှတ်ခဲ့ခြင်းဖြစ်၏။ ထိုလေးချက်ကိုလည်း စကားလုံးအနည်း ငယ် ပြောင်းထားသည်ကို တွေ့ရသည်။ ထိုလေးချက်အကျဉ်းမှာ (၁) မြန်မာပိုင်နက်အတွင်း ဘင်္ဂါလီ (မူရင်း တွင်ရိုဟင်ဂျာ)များကိုဂျီနိုဆိုက် ကွန်ဗင်းရှင်းနှင့်အညီ အစွမ်းရှိသမျှကာကွယ်ပေးရန်၊ (၂) တပ်မတော် အပါ အဝင် လက်နက်ကိုင်အဖွဲ့အစည်းများ က ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ)အပေါ် ဂျီနိုဆိုက်ကျူးလွန်ခြင်း (သို့မ ဟုတ်) ကျူးလွန်ရန်ကြိုးပမ်းခြင်းများ မရှိ စေရန် အစိုးရက လုပ်ဆောင်ရန်၊ (၃) မြန်မာအစိုးရသည် ဂျီနိုဆိုက် ကျူးလွန်သည်ဟုစွပ်စွဲချက်များနှင့်သက်ဆိုင် သည့် သက်သေ အချက်အလက်များကို ဖျက်ဆီးခြင်း မပြု ရန်နှင့် (၄) တရားရုံးက ချမှတ် လိုက်သည့် အပေါ် ဆောင်ရွက်မှုအခြေအနေကို လေးလအတွင်း အစီရင် ခံရန်၊ အပြီးသတ်အမိန့်မချခင်အထိ ခြောက်လတစ်ကြိမ် အစီရင်ခံရန် တို့ဖြစ်သည်။

ဤနေရာတွင် မေးခွန်းပေါ်လာသည်မှာ ထိုလေးချက်တွင်  မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာ ထိခိုက်စေ သော အချက် ပါဝင်လား၊  မပါ ဝင်လားနှင့် လိုက်နာမည်လား၊ မလိုက်နာမည်လားဆိုခြင်းပင်။ တရားရုံး သို့ ကိုယ်တိုင် သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ အတိုင် ပင်ခံရုံးပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေအပါ အ ဝင် ကိုယ်စား လှယ်အဖွဲ့ဝင်လေးဦးနှင့် ဦးဆောင်ဆွေးနွေးသူဦးကိုကို(စက်မှုတက္က သိုလ်) တို့၏ နိုင်ငံပိုင်မီဒီယာ များမှထုတ်လွှင့်သည့် ‘ICJ ၏ ကြားဖြတ်စီမံ ဆောင်ရွက်ချက်ချမှတ်ခြင်းဆိုင်ရာ အ တွေ့အကြုံများ’ စကားဝိုင်း၌ မြန် မာကိုယ်စားလှယ်အဖွဲ့ဝင်များက ထိုလေးချက်တွင် နိုင်ငံအချုပ်အခြာ အာ ဏာထိခိုက်သောအချက်မပါဝင် ဟု ဆိုပါသည်။ မချမှတ်ခဲ့သော နှစ် ချက်ထဲမှ မြန်မာနိုင်ငံက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့နှင့် အခြားကုလစုံစမ်းစစ်ဆေးမှုများအားလုံးကို မြန်မာနိုင်ငံက ပူးပေါင်း ဆောင်ရွက်ရန်ဆိုသောအချက်ပါခဲ့လျှင်မူ မြန်မာလိုက်နာရန် ဘေးကျပ် နံကျပ်ကြုံရနိုင်သည်။

ချမှတ်ခဲ့သော အချက်လေးချက်မှ ပထမနှစ်ချက်သည် မြန်မာနိုင်ငံ က ၁၉၅၆ ခုနှစ်တွင် ဂျီနိုဆိုက်ကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှုတား ဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း)တွင် ပါဝင်လက်မှတ်ရေး ထိုးက တည်းက လိုက်နာမည်ဟု  ကတိကဝတ်ပြုထားသောအချက်အများ စုပင်ဖြစ်သည်။

ဂျီနိုဆိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတစ်ခုတည်းကို သာဆိုလိုသည်မ ဟုတ် ဘဲ ပိုမိုကျယ်ပြန့်ပါ သည်။ ဂျီနိုဆိုက်ဆိုသည်မှာ (၁) အုပ်စုဝင်များကို သတ်ဖြတ်ခြင်း၊ (၂) အုပ်စု ဝင်များကို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်နာကျင်စေသော ဘေးရန်များသင့်စေခြင်း၊(၃)အစုအဖွဲ့တစ်ခုလုံးဖြစ်စေအစိတ် အပိုင်း ဖြစ်စေ ရုပ်ဝတ္ထုပိုင်းဆိုင်ရာပျက်စီးရန် တွက်ချက်ဖန်တီးသောဒဏ်ရာအ နာတ ရဖြစ်စေမှုများ၊ (၄) အုပ်စု တွင်း ကလေးမွေးဖွားမှုကို တားဆီးရန် ရည်ရွယ်သည့်ကန့်သတ်မှုများ ချမှတ်ခြင်း၊ (၅) အုပ်စုတစ်ခုအတွင်း မှ ကလေးများကို အခြားအုပ်စုကို အတင်းအကျပ်လွှဲပြောင်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

ကြားဖြတ်အစီအမံလေးချက်၏ ပထမနှစ်ချက်မှာ မြန်မာလက်မှတ် ရေးထိုးခဲ့သော ဂျီနိုဆိုက်ကွန်ဗင်းရှင်း၏ ပုဒ် မ (၂)၊ (၃)၏ အဓိပ္ပာယ်နှင့် မကွာခြားလှပေ။ ထိ့ုကြောင့် မြန်မာက လိုက်နာပါမည် ကတိပြုထား သောအ ချက် ကို ICJ က လိုက်နာရန် ထပ်မံအမိန့်ချသလိုဖြစ်နေသည်။ ထိုင်နေသူကို ထိုင်ပါဟု ပြောသကဲ့သို့ပင်ဟု ဦးကျော် တင့်ဆွေက ပြော သည်။ နံပါတ်(၃)အချက်ဖြစ်သော သက်သေအချက်အလက်များကိုဖျက် ဆီးခြင်း မပြု လုပ်ရန် ဆိုခြင်းမှာလည်း ICJ ဆုံးဖြတ်ချက်မတိုင်ခင် သုံး ရက်အလိုတွင် လွတ်လပ်သောစုံစမ်း စစ်ဆး ရေးကော် မရှင် (ICOE)က အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတသို့ တင်ပြခဲ့ပြီး သမ္မတက အစီရင်ခံစာပါအချက်များ ကို စုံစမ်းဖော်ထုတ်ရန်၊ အပြစ်ရှိသူကို တရား စွဲအရေးယူရန် စစ်ဥပဒေချုပ်ရုံးနှင့် ပြည် ထောင်စုရှေ့နေ ချုပ် ရုံးကို ညွှန် ကြားထားသည်။ ထို့ကြောင့် ICOE အစီရင်ခံစာကို အခြေခံ၍ စုံစမ်းစစ် ဆေး နေပြီး အပြစ်ရှိသူများကို ပြည် တွင်း၌ ပြဋ္ဌာန်းထားသောဥပဒေနှင့် အညီ အရေးယူမည်ဟု မြန်မာကိုယ်စား လှယ် အဖွဲ့မှ အဖွဲ့ဝင်ပြည် ထောင် စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဒေါက်တာသီတာဦးက စကားဝိုင်း တွင် ပြောသည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၀၁ တွင် သက် သေခံအထောက်အထားများကို ဖောက်ဖျက် ပါက ထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ် အထိချ မှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုပြောသည်။ ထို့ကြောင့် နံပါတ်(၃)အချက်မှာလည်း ပြည် တွင်း၌ ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်၍ တာဝန်ပိုလာခြင်းမဟုတ်ဟု ၎င်းကသုံးသပ်သည်။

နံပါတ်(၄)အချက်အစီရင်ခံစာတင်ရမည်ဆိုခြင်းမှာလည်း ရခိုင် ပြည်နယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည် များ နှင့်ပတ်သက်၍ နိုင်ငံ တကာသိအောင် တင်ပြရန်ခက်နေချိန်တွင် ကုလသမဂ္ဂ၏ဘောင်အတွင်း မှအစီရင် ခံစာ တင် ရခြင်းမှာ ကိုယ့်ဘက်မှ ရှုထောင့်၊ လုပ်ရပ်နှင့်ဇာတ် လမ်းကို နိုင်ငံတကာသိအောင် ပြုလုပ်နိုင် သောအခွင့် အရေးဟု စကား ဝိုင်းပါဝင်ဆွေးနွေးသူများက ပြောသည်။ ဂျီနိုဆိုက်အမှုအတွက် တရား မရင် ဆိုင်မီ ကြား ဖြတ် အစီအမံများအပေါ် မြန်မာမည်သို့ဆောင်ရွက်နေ ကြောင်း အစီရင်ခံစာ တင်ရခြင်း ဖြစ် ကြောင်း မြန်မာဘက်မှ ဂျီနိုဆိုက် မကျူးလွန်ကြောင်းရှင်းပြနိုင်ရန် အခွင့်အလမ်းဟုပင် ဦးကျော်တင့်ဆွေ က သုံးသပ်သည်။

ဂျီနိုဆိုက်မကျူးလွန်ရန်၊ ဂျီနိုဆိုက်ကျူးလွန်ရန်အားထုတ်မှုများရှိ ပါက တားဆီးရန်ဆိုသောအချက်များမှာ ICJ က လိုက်နာရန်အမိန့်မချ လျှင်လည်း နိုင်ငံအတွင်းရှိ မည်သည့်လူမျိုးစုအတွက်ဖြစ်စေ လူ့ကျင့်ဝတ် နှင့် ဥပဒေအ ရ လိုက်နာရမည့်အချက်များဖြစ်သည်။ ထိုလေးချက်ကို လိုက်နာခြင်း၊ မလိုက်နာခြင်းနောက် ကွယ် တွင်မူ ကြီး မား သောအကျိုး ဆက်များရှိမည်ဖြစ်သည်။ လိုက်နာလျှင် ပြည်တွင်းရှိ အမျိုးသားရေးအင် အား စုများ၊အတိုက် အ ခံများ၊ နိုင်ငံရေးအမြင်မတူသူအချို့က နိုင်ငံအ ချုပ်အခြာအာဏာထိပါးမှုဟု ဝေဖန် ပြစ် တင်ခြင်းမျိုးရှိ နိုင်ပါ သည်။ မလိုက်နာလျှင်မူ နိုင်ငံတကာတွင် မြန်မာဂုဏ်သိက္ခာနှင့် ပုံရိပ်ပိုမိုထိခိုက် နိုင်ပြီး နိုင်ငံတကာ(အထူးသဖြင့် အနောက်နိုင်ငံများ)မှ အကူအညီ၊ ရင်း နှီးမြှုပ်နှံမှု၊ ခရီးသွားများလျော့ပါး သွားပါ လိမ့်မည်။ အထူးသဖြင့် ဥရောပ သမဂ္ဂမှ မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသောကုန်သွယ်မှုအခွင့်အရေး (GSP)ကို ပြန်လည်ရုပ်သိမ်းသွား နိုင်ပါ သည်။ GSP ရုပ်သိမ်းခံရပါက ကုန်သွယ်ရေးတွင် အဓိကပို့ ကုန်ဖြစ် နေသော အထည်ချုပ်ကဏ္ဍမှ သိန်း နှင့်ချီ သော မြန်မာလုပ်သားစုဝင်များ၏ မိသားစုဘဝများအပေါ် ကြီးမား စွာထိခိုက်နိုင်ပါသည်။ ဥရောပသမဂ္ဂက မြန် မာကို ကြားဖြတ်အစီအမံ များလိုက်နာရန်နှင့် ICOE အစီရင်ခံ စာကို ကြိုဆိုပြီး ဆက်လက်ဆောင် ရွက်ရန် ပြီးခဲ့ သည့်တစ်ပတ်ကပင် တိုက်တွန်းထားသည်။ အိုအိုင်စီတွင် အဖွဲ့ဝင်နိုင်ငံ ၅၆ နိုင်ငံရှိပြီး ဥရောပသမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံ ရှိ၍ ကြားဖြတ်အစီအမံကို မလိုက်နာ ရင် ဆင်းရဲပြီး အင်အားနည်းသော မြန်မာသည် နိုင်ငံပေါင်း ၈၀ ကျော်နှင့် ဆန့်ကျင်ဘက်ဖြစ်နိုင်သောအခြေ အနေပင်။

ထို့ထက်ပိုအရေးကြီးသည်မှာ ဂမ်ဘီယာက မြန်မာကို ဂျီနိုဆိုက် ကျူးလွန်သည်ဆိုကာ တရားစွဲဆိုထားသော အမှု မှာမစသေး၍ ကြား ဖြတ်အရေးပေါ်အစီအမံများကို မြန်မာက မလိုက်နာသည်မှာ အမှန်တ ကယ် ကျူး လွန်ထား သောကြောင့်ဟု မှတ်ယူသွားမည်ကိုလည်း စိုးရိမ်စ ရာရှိသည်။ ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲ ထားမှုအ တွက် ဂမ်ဘီ ယာက ယခုနှစ်ဇူလိုင် ၂၈ ရက်နှင့် မြန်မာက ၂၀၂၁ ဇန်နဝါရီ ၂၅ ရက် တွင် ကနဦး လျှောက်လဲချက် ပေးရမည်ဖြစ်သည်။  ထိုအမှုတွင် မြန်မာ နိုင်ရန် အရေးကြီးသည်။

မြန်မာပေးမည့်အဖြေကို ICJ နှင့် ကမ္ဘာကစောင့်ဆိုင်းနေချိန်တွင် ဇန်နဝါရီ ၂၅ ရက် နံနက်က ဘူးသီးတောင် မြို့နယ် ကင်းတောင်ကျေး ရွာသို့ လက်နက်ကြီးကျ၍ ဘင်္ဂါလီ( ရိုဟင်ဂျာ )အမျိုးသမီးနှစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာ ရရှိပြီး ထိုဖြစ်ရပ်အပေါ် တပ်မတော်နှင့် AA လက်နက်ကိုင်အ ဖွဲ့တို့က အပြန်အလှန်စွပ်စွဲထားသည်။

ထို့အပြင် ဇန်နဝါရီ ၃၁ ရက်က ဘူးသီးတောင်မြို့နယ်သိန်းတန်ကျေး ရွာရှိ ဘင်္ဂါလီ( ရိုဟင်ဂျာ ) အမျိုးသမီး အချို့ ကို အ ကြမ်းဖက်အဓမ္မပြုကျင့်မှု ဖြစ်ပွား ပြီး AA လက်နက်ကိုင်အဖွဲ့က ကျူးလွန်ကြောင်း တပ်မတော်ကသတင်း ထုတ်ပြန်ပြီး AA ကမူ ငြင်းဆိုထားသည်။ ထိုဖြစ်ရပ်များအမှန် ဖြစ်ခဲ့ပါကို ICJ အမိန့်ချပြီး ရက် ပိုင်း အ ကြာ တွင် ဖြစ်၍ မည်သူက ကျူး လွန်သည်ဖြစ်စေ အလွန်ယုတ်မာပြီး သူရဲဘောကြောင်သော လုပ် ရပ်ဖြစ် သည်။ ICJ တွင် တရားစွဲခံရသည်မှာ တစ်နိုင်ငံလုံးကိုစွဲခြင်းဖြစ်ပြီး အိုင် စီစီနှင့် အာဂျင်တီးနားရှိ နိုင်ငံတ ကာ တရား ရုံးများတွင် လူပုဂ္ဂိုလ်များကို ဦးတည်သော တရားစွဲဆိုမှုများလည်း ဆက်လာဦးမည်ဖြစ်၏။ ကမ္ဘာတွင် ပုံရိပ်နှင့် ဂုဏ်သိက္ခာ ကျ ဆင်းနေသော နိုင်ငံသည် လမ်းကြောင်းမှန်ပေါ် ရောက်ရေးအတွက် နိုင်ငံ့ခေါင်းဆောင် များ သာမက ပြည်သူ များလည်း အမြင်ကျယ်ရန်၊ အမြော်အမြင်ရှိရန်နှင့် သတ္တိရှိရန် လိုပါသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */