" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 20, 2023

မိုခါမုန်တိုင်းဒဏ် ကုစားရန် မြို့တော်စစ်တွေ၌ပင် စစ်ကောင် စီ မစွမ်းနိုင်

Myanmar Now
June 19, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ပျက်စီးမှုများကို မေ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images
 

အလွန်ပြင်းထန်သော မိုခါမုန်တိုင်း တိုက်ခိုက်ပြီး တစ်လကျော်ရှိလာချိန်တွင် နိုင်ငံတကာအကူအညီများကို ပိတ်ဆို့ ထားသည့် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ပင် ဆန် ၆ ပြည်၊ စားသုံးဆီ ၁ လီတာ၊ မိုးကာစ အနည်းငယ်မှလွဲ၍ ထူထောင်ရေးအကူအညီများ ထိရောက်စွာ မပေးနိုင်ဟု စုံစမ်းသိရှိရသည်။

မေ ၁၄ ရက် မွန်းလွဲပိုင်းက တစ်နာရီ မိုင် ၁၄၀ ကျော် လေတိုက်နှုန်းဖြင့် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်း ဝင် ရောက် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့တွင် အသက်၊ အိုး အိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်း အဓိကဖြတ်သန်းရာဒေသဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း မြို့တော်စစ်တွေ အပါအဝင်ဒေသအနှံ့အပြား ၌ အိုးအိမ်ပျက်စီးဆုံးရှုံးမှု လွန်စွာများပြားခဲ့ကာ ကုလနှင့် မိတ်ဖက်အဖွဲ့အစည်းများကို စစ်ကောင်စီက သွားလာခွင့် ကို ပိတ်ပင်ထားသည်။

မုန်တိုင်းကြောင့် တစ်နိုင်ငံလုံးတွင် လူ ၁၀၀ ကျော် သေဆုံးကာ သာသနိက၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ လေဆိပ်၊ ဈေး၊ ဆက်သွယ်ရေးတာဝါတိုင်နှင့် ရုံးဌာနအဆောက်အအုံ စုစုပေါင်း ၅၀,၀၀၀ နီးပါး ပျက်စီးသည်ဟု စစ်ကောင်စီက မေလလယ်တွင် ထုတ်ပြန်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

သို့သော် ယနေ့ (ဇွန် ၁၉) အထိ ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ အစိုးရရုံးဌာန၊ စာသင်ကျောင်းနှင့် ဆေးရုံဆေး ခန်း၊ ဝန်ထမ်းလိုင်းခန်းများကိုပင် ပြီးစီးအောင် မပြုပြင်နိုင်သေးပေ။ စစ်တွေတွင် စာသင်ကျောင်းအချို့ ပြန်ဖွင့် နိုင် ပြီဖြစ်သော်လည်း မပြုပြင်ရသေး၍ လုံးဝပိတ်ထားသည့် ကျောင်းများ၊ စာသင်ချိန် နှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်သင်ကြား နေရသည့် ကျောင်းများရှိနေသေးသည်။

“အစိုးရအဆောက်အအုံတွေ ရဲတန်းလျားတွေတောင် (စစ်ကောင်စီက) မပြင်နိုင်သေးဘူး။ စစ်တွေမြို့ပေါ်မှာ တောင် အကူအညီတွေက ထင်သလောက် မရောက်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်တွေ မြို့ အခြေစိုက် ပရဟိတအဖွဲ့တစ်ခုမှ အမျိုးသားက ပြောသည်။

စစ်တွေမြို့မဈေးကြီးကို စစ်ကောင်စီက ပြန်မပြင်နိုင်သေး၍ ဈေးသူဈေးသားများ အဆင်ပြေသလို ဖွင့်လှစ်ရောင်း ချနေသလို ဘင်္ဂလားပင်လယ်ရှုခင်းများကို ကြည့်ရှုနိုင်သည့် ကမ်းနားလမ်း၊ စစ်တွေအားကစားကွင်းကဲ့သို့သော ထင်ရှားသည့် အဆောက်အအုံများလည်း ပျက်စီးလျက်သာ ရှိနေသေးသည်။

“တစ်ပြည်နယ်လုံးလောက်ဖြစ်ပျက်နေတာကို စစ်ကောင်စီက လုံလုံလောက်လောက်ပေးနိုင်မှာ မဟုတ်ဘူး။ အလှူ ရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မှသာ ဖြစ်မှာ” ဟု စစ်တွေမြို့ အောင်မင်္ဂလာရပ် ကွက် အာဏာ ပိုင်များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ရိုဟင်ဂျာများနေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်များမှာ မုန်တိုင်းအတွင်း အားလုံးနီးပါး ပျက်စီးခဲ့ရပြီး ယနေ့အထိ ၄၀ ရာခိုင်နှုန်းဝန်းကျင်သာ ပြန်လည်ပြင်ဆင်ရသေးကြောင်း၊ စစ်ကောင်စီက စာရင်းလာကောက်ထား သော်လည်း ဆန်၊ ဆီ အနည်းငယ်မှအပ အခြားကူညီမှုမရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ငွေကြေးတတ်နိုင်တဲ့သူတွေပဲ ပြင်နိုင်သေးတယ်။ ကုန်ဈေးနှုန်းတွေက ပြန်ကျပြီဆိုပေမဲ့ (မုန်တိုင်းမတိုက်မီက ထက်) သုံးဆလောက် တက်နေသေးတယ်”။

စစ်တွေမြို့ပေါ်ရှိ ဓာတ်အားပေးတိုင်အများစု ပြန်ပြင်ပြီးဖြစ်၍ ဇွန်လ ပထမပတ်မှစကာ လျှပ်စစ် ပုံမှန်ပြန်ရနေပြီ ဖြစ်သော်လည်း မိုးရာသီအတွင်း အိုးအိမ်ပျက်စီးမှုများကို ပြန်မပြင်နိုင်သေး၍ နေရေးစားရေး ဒုက္ခတွေ့နေရသည့် ပြည်သူများစွာရှိနေသေးကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။

“အိမ်တွေပျက်သွားတဲ့ ဆင်းရဲတဲ့သူတွေက ခုထိ စာသင်ကျောင်းမှာ နေတဲ့သူတွေရှိတယ်။ ဘုန်းကြီးကျောင်း တွေမှာ နေနေတဲ့သူတွေလည်း ရှိသေးတယ်။ မြို့ပေါ်မှာတောင်မှ မလုပ်နိုင်သေးဘူးဆိုတော့ နယ်တွေမှာ ပိုဆိုး မယ့် အခြေအနေရှိပါတယ်” ဟု ပရဟိတသမားတစ်ဦးက ပြောသည်။

အကူအညီပေးရေးအဖွဲ့အစည်းများ၏ သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်ရာ အသေးစိတ်အချက် အလက်များကို သီးခြားအတည်မပြုနိုင်သေးပေ။ ထို့အတူ စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၃ ခု၏ အခြေအနေများကိုလည်း မေးမြန်းနိုင်ခြင်း မရှိသေးပါ။

စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားလာရာတွင် အဓိကကျသည့် မြို့အထွက်မှ တံတားကိုမူ စစ် ကောင်စီက ပြန်ပြင်ပြီးပြီဟု စုံစမ်းသိရှိရသည်။ ထိုတံတားသည် ခေါင်းဒက္ကာ ရိုဟင်ဂျာဒုက္ခသည်စခန်းအနီးတွင် ရှိသည်။

“တကယ်ကူနိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပိတ်ပင်ထားတာကတော့ မကောင်းဘူး။ သူတို့ဆီ ခွင့်ပြု ချက် တင်ရင်လည်း ချမပေးဘူး။ အဲဒါက ကူညီကယ်ဆယ်ရေးမှာ ဟန့်တားမှု ဖြစ်နေတယ်” ဟု အထက်ပါ ပရဟိတ သမားက ပြောသည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) ကလည်း ရခိုင်နှင့် ချင်းပြည်နယ်အတွက် ကူ ညီ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးရေး၊ နိုင်ငံပြင်ပမှ ထောက်ပံ့ရေးပစ္စည်းများရယူရေး အစီအစဉ်များကို စစ်ကောင်စီ ခွင့်ပြုခြင်းမရှိ၍ ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများနှင့်အတူ အရေး ပေါ်အကူအညီများ လိုအပ်နေချိန် စစ်ကောင်စီက ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများကို ယခုလ ၇ ရက်မှစ၍ မုန်တိုင်းသင့်ဒေသများသို့ သွားလာခွင့် ပိတ်ပင်ခဲ့သည်။

မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်နေပြီး ဇွန် ၁၆ ရက်အထိ ဒေါ်လာ ၂၁ ဒသမ ၇ သန်းသာ ရရှိထားသေးကြောင်းလည်း ကုလက ထုတ်ပြန်ထားသည်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */