Tuesday, June 20, 2023

ကျိုက်ထိုစစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာခြောက်ဦး ဖမ်းဆီး ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2023.06.20

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ခြောက်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ People Media
 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၉ ရက် မနက် ၈ နာရီခန့်ကရိုဟင်ဂျာ ခြောက်ဦးဖမ်းမိတယ်လို့ စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာတွေနဲ့ တယ်လီဂရမ် ချန်နယ်တွေ မှာ ရေးသားဖော်ပြထားပါတယ်။

အသက်မပြည့်သေးသူတစ်ဦးအပါအဝင် အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းကလည်း အဲဒီခြောက်ဦးဟာ ရန်ကုန် ကနေ မြ၀တီကိုသွားမယ့် ရတနာမော်တော်ယာဉ်လိုင်းရဲ့ ခရီးသည်တင်ကား ဝမ်းဗိုက်အခန်းကနေ လိုက်လာတာ လို့ RFA ကို ဒီနေ့အတည်ပြုပါတယ်။

"ကားပေါ်မှာ သူတို့တင်လာတာ။ လိုင်းကားရဲ့ အောက်ခြေမှာထည့်လာတာ။ တရားဝင်စစ်ဆေးတော့ တွေ့ရှိတာ လေ၊ မှန်ပါတယ်ခင်ဗျ"

ဖမ်းမိထားတဲ့ ရိုဟင်ဂျာခြောက်ဦးကို သတ်မှတ်နယ်မြေအလိုက် တရားစွဲတင် ပြစ်ဒဏ်ချမှတ်ပြီးတာနဲ့ သက်ဆိုင်ရာ နေရပ်ပြန်ပို့ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာခြောက်ဦးကို ကျိုက်ထိုရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ နယ်မြေသစ်ကိုရှာဖို့ကြိုးစားရင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထောင်ချခံရတာတွေ ခံနေရပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုသွားရင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာနှစ်ထောင်နီးပါးရှိပြီး အဲဒီအထဲက ရိုဟင်ဂျာ ငါးရာနီးပါးကတော့ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */