" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 24, 2022

ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၁) + (၂ ) + ( ၃ ) + ( ၄ ) + ( ၅ )


ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၁)
― တောင်ကြီး ဦးထွန်းမြင့်

“လူသည် သဘာ၀အားဖြင့် နိုင်ငံရေးသတ္တဝါဖြစ်သည်” ဟု အရစ္စတိုတဲလ် က ဆိုသည်။ကျွန်တော်သည် လည်း နိုင်ငံရေးသတ္တဝါ တကောင်ပင်ဖြစ်သည်။ ဆိုင်းသံကြားလျှင် ထကချင်သူကဲ့သို့ ကျွန် တော်သည်လည်း ကိုယ် ရေးကိုယ်တာ အကြပ်အတည်းတွေကြားမှ ရှမ်းပြည် အမျိုးသားရေး လှုပ်ရှားမှုများ တလှုပ်လှုပ်ဖြစ်တိုင်း ထ ၍ကချင်ပါသည်။

“ရှမ်းပြည်” အမျိုးသားရေးရာ လှုပ်ရှားမှုကြီးသည် ဒီရေအလား တလှိမ့်လှိမ့် တက်လျှက်ရှိလာလေပြီ။ “ရှမ်းဆိုး”ဟုခေါ်ဝေါ်နေသည့် ရှမ်းသူပုန်ထမှုကြီးသည်လည်း ရှမ်းပြည်အမျိုးသားရေးရာ လပ်ရှားမှုကြီး၏ အစိတ် အပိုင်းတခုဖြစ်သည်။

မကြာမှီက နိုင်ငံတော်၀န်ကြီးချုပ်ဦးနု တောင်ကြီးသို့ရောက်ရှိနေစဉ် ရှမ်းသူပုန်အရေးနှင့် ပတ်သက်၍ ဆွေးနွေးသည်ဟု ကြားသိရသည်။ ရှမ်းသူပုန်အင်အား ဘယ်လောက် ရှိမည် ထင်သလဲဟု ဦးနုကမေးမြန်းရာ တာ၀န်ခံပုဂ္ဂိုလ်တဦးက လက်နက်ကိုင်အင်အား ၂၅,၀၀၀ခန့်ရှိမည်ဟု ဖြေကြားသည်ဟု တဆင့်စကားကြားသိရသည်။

မည်သို့ပင်ဖြစ်စေ ရှမ်းသူပုန်အရေးသည် မသေးငယ်တော့ပေ။ ရှမ်းသူပုန်ထသည့် အရှေ့ပိုင်းဒေသနှင့် ကျွန် တော်နေထိုင်သည့် ဒေသမှာ အလှမ်းကွာလှသဖြင့် ရှမ်းသူပုန်အရေးနှင့် ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ် ဘာမျှမသိပါ။ ရှမ်းသူပုန်ထနေသည်မှာ တနှစ်ကျော်ကြာမြင့်လာပါပြီ။ ယနေ့အထိ ၎င်းတို့၏ ဝါဒလမ်းစဉ်နှင့် ပတ် သက် ၍ ကြေညာချက် တစောင်တလေမှ ကျွန်တော်မဖတ်ရသေးပါ။ ထိုအရပ်ဒေသမှ ရောက်ရှိလာသော မိတ် ဆွေသင်္ဂဟများထံမှ ကြားသိရသလောက်ဆိုလျှင် ရှမ်းသူပုန်တို့တွင် အခြေခံဝါဒ လမ်းစဉ်ဟူ၍ရှိဟန်မ တူ ပေ။ ဗမာမုန်းတီးရေးတွင် အခြေခံပြီး ဖြစ်ပေါ်လာဟန် တူပေသည်။ နောက်ပိုင်းတွင် ရှမ်းသမ္မတနိုင်ငံ ထူထောင်လိုသည်ဟု ကြားသိရသည်။

ရှမ်းသူပုန်အရေးနှင့် ပတ်သက်ပြီး ကျွန်တော်၏ နိုင်ငံရေးအရ တွေ့မြင်သုံးသပ်ချက်ကို စာတမ်းတစောင်သပ် သပ်ရေးသားရန် ကြံရွယ်ထားခဲ့ပါသည်။ သို့သော် အဘက်ဘက်၏ အထင်မှားမှု ငြိုငြင်မှုကိုစိုးရိမ်၍ မရေးဖြစ်ခဲ့ပါ။

ရှမ်းသူပုန်တို့တွင် သီးခြားသမ္မတနိုင်ငံ ထူထောင်လိုစိတ်ရှိသလို၊ ရှမ်းမျိုးချစ်ပုဂ္ဂိုလ် မြောက်များစွာတို့တွင်လည်း သီးခြားသမ္မတနိုင်ငံ ရိုးသားစွာ ထူထောင်လိုသော ဆန္ဒ ယနေ့ပေါ်လွင်လျှက် ရှိလေသည်။

လူမျိုးတမျိုးသည် မြေဧရိယာ အဘယ်မျှသေးငယ်၍ လူဦးရေအဘယ်မျှ နည်းပါးစေကာမူ ကိုယ့်တိုင်းပြည်၊ ကိုယ့်လွတ်လပ်ရေး၊ ကိုယ့်အချုပ်အခြာ အာဏာဖြင့် နေထိုင်လိုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ကျွန်တော့် အား “မင်းသီးခြားလွတ်လပ်တဲ့ သမ္မတနိုင်ငံ အဖြစ်နဲ့မနေချင်ဘူးလား” ဟုမေးလျှင် နေချင်ပါသည် ဟု ဖြေပါမည်။ သို့သော် ဤသည်မှာ ဆန္ဒပိုင်းသာ ဖြစ်သည်။ တကဲ့ဖြစ်ရပ်နှင့် ဖြစ်နိုင်သည်က တခြား ဖြစ်ပါသည်။

လူမျိုးကွဲပြားတိုင်း သီးခြားနိုင်ငံ တည်ထောင်ကြမည်ဆိုလျှင် ယနေ့ကမ္ဘာပေါ်တွင် သီးခြားနိုင်ငံပေါင်း ထောင်သောင်းမက ပေါ်ပေါက်လာပါမည်။ အနုမြူခေတ်၊ ဂြိုလ်တုခေတ်၊ ဒုံးပျံခေတ်တွင် နဂိုရ်ကွဲပြားနေသည့်နိုင်ငံများပင် တနည်းမဟုတ်တနည်းဖြင့် ပူးပေါင်းလျှက် ရှိကြသည်။
 
တနေ့တွင် သီးခြားတိုင်းပြည် သီးခြားအစိုးရ သီးခြားလူမျိုးများပင် ရှိတော့မည် မဟုတ်ပေ။ရှမ်းအမျိုးသားမျာ းသည် ဗီဇဆန္ဒ အလျှောက် သီးခြားသမ္မတနိုင်ငံ ထူထောင်လိုကြသည်ကို မည်သူက အပြစ်တင်၀န့်ကြမည်နည်း။ လူမျိုးကြီးဝါဒ ကင်းစင်သော ဗမာအမျိုးသားများကလည်း ကြည်ဖြူစွာ ခွင့်ပြုကြပေလိမ့်မည်။ ရှမ်းသီးခြားသမ္မ တနိုင်ငံကို ရှမ်းအမျိုးသားများတွင်လိုချင်ဆန္ဒပြင်းပြလာသည်မှာ ကျဉ်းမြောင်းသော အမျိုးသားဝါဒကြောင့် ဖြစ်ပေါ်လာသည် မဟုတ်ပါ။

ရှမ်းအမျိုးသားများတွင် နစ်နာချက်တွေရှိသည်။ ထိုနစ်နာချက်များတွင် သီးခြားသမ္မတနိုင်ငံသည် စတင်၍ အမြစ်တွယ်လာသည်။ ဗမာလူမျိုးကြီးဝါဒနှင့် ဖိနှိပ်ရေးဝါဒသည် ဖွံ့ဖြိုးကြီးထွားလာအောင် မြေတောင်မြှောက်ပေးလိုက်သည်။

လူမျိုးကြီးဝါဒသမားများသည် မိမိတို့၏ မှားယွင်းသော ဝါဒကိုမမြင်၊ ရှမ်းအမျိုးသားရေး ဆန္ဒကို နယ်ချဲ့ပယောဂဟူ၍၎င်း၊ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒဟူ၍၎င်း ခေါ်ဝေါ်သမုတ်ကြသည်။ ကျွန်တော်နှင့် ရင်းနှီးသော အလံနီရဲဘော် တဦး၏ လက်သုံးစကားကဲ့သို့“ရွှေတောင်ကြောင့်။ ရွှေရောင်တောက်ရခြင်း” ပင်ဖြစ်ပါသည်။ ဗမာလူမျိုးကြီးဝါဒသည် ယနေ့ဗမာပြည်တွင် လက်ျာဂိုဏ်းတွင်သာမက လက်ဝဲဂိုဏ်းတွင် ပေါ်ပေါက်နေသည်။
ရှမ်းပြည်တွဲရေးခွဲရေး ပြသာနာတွင်၎င်း၊ ဖဆပလ၊ ပထစ တွင် သာမက ပမညတနှင့် တောတွင်းပါတီများထဲ ၌ပင် လူမျိုးကြီးဝါဒရှိကြသည်။ ယနေ့ ရှမ်းပြည်အမျိုးသားရေးကိစ္စတွင် ဘီလူးစည်း လူ့စည်း ခွဲခြားပေးလိမ့်မည်။ ရှမ်းပြည်နယ် အမျိုးသားစိတ်ရှိသူ မှန်သမျှသည်ရှမ်းပြည်နယ်အတွက် နစ်နာချက်များရှိသည်ကို နားလည်ကြသည်။

သူ့ရှုဒေါင့် ကိုယ့်ရှုဒေါင့်မှ နစ်နာချက်များ ဖေါ်ထုတ်ကြသည်။ အဖြေရှာကြသည်။သို့နှင့် လွတ်လပ်ရေး ရပြီး ၁၂ နှစ်ကျော် ၁၃ နှစ်သို့ ချဉ်းနင်း၀င်ရောက်လာသည်။ အချို့အစိပ်အပိုင်းက ဗမာကို နင်းကန်မုန်းပစ်လိုက်သည်။ လက်နက်စွဲကိုင် သူပုန်ထကြသည်။ ဗမာဆို အကုန်သတ်ချင်စိတ်ပေါ်လာသည်။ လုံချည်၀တ်ထားလျှင် ရှမ်းတိုင်းရင်းသားများကိုပင်ချမ်းသာမပေး သတ်ပစ်လိုက်သည်။ အချို့အစိပ်အပိုင်းသည် တောခို သူပုန်မထသော် လည်း ရှမ်းပြည်အခြေအနေကို အင်္ဂလိပ်နယ်ချဲ့မှ ဗမာနယ်ချဲ့သို့ ပခုံးပြောင်းလိုက်တာပဲဟု မြင်ကြသည်။အချို့ ကလည်း ရှမ်းပြည်သည် ကိုယ်ပိုင်ပြဌာန်းခွင့် အသင့်အတင့်ရှိသည်။ ဗမာကိုလိုနီဟု မခေါ်ဆိုနိုင်သော်လည်း ရှေးခေတ်ပဏ္ဍာဆက်နိုင်ငံ အဆင့်လောက်တွင်ရှိသည် ဟုဆိုသည်။ ယင်းသို့ အမျိုးမျိုး ကွဲပြားနေသော ဥပဒေဘောင်တွင်းရှိ ရှမ်းပြည်အမျိုးသားရေးသမားများသည်ယနေ့ဆုံစည်းလာကြသည်။ အံ့သြဘွယ်ရာ တူညီသော ပြဿနာတခုကို မြင်တွေ့လာကြသည်။

ထိုပြဿနာကား အခြားမဟုတ်။
ယနေ့ရှမ်းပြည်။ ဗမာပြည် ပူးပေါင်းပုံ ပူးပေါင်းနည်းသည် ရှမ်းအမျိုးသားတို့၏ ဆန္ဒနှင့် ကိုက်ညီသော ပူးပေါင်းနည်းမဟုတ်။ ပြည်ထောင်စုဖွဲ့စည်းပုံ နည်းစနစ်လည်း မမှန်ကန်။ အာဏာခွဲဝေမှုလည်း မမျှတ ဟူ၍ တညီ တညွတ်တည်း ဖေါ်ထုတ်လာကြ၏။ တူညီသောပြဿနာအတွက် တူ ညီသော အဖြေရရန် စုပေါင်း၍ အဖြေရှာနေကြလေပြီ။

ရရှိမည့်အဖြေသည် ပြည်ထောင်စုအတွက် အကျိုးရှိမည်လော။ အကျိုးမဲ့မည်လော ဟူသည်ကို အခြေအနေအရပ်ရပ်က အဆုံးအဖြတ်ပေးကြပေမည်။

ဗမာပြည်ရှိ ပါတီအဖွဲ့အစည်းများသည် ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ ကူညီဖေးမကြလျှင် ပြည်ထောင်စုအတွက် အကျိုးရှိမည့် အဖြေထွက်လာပေမည်။ သို့မဟုတ်ဘဲ လူမျိုးကြီးဝါဒ လက်ကိုင်ထား၍ ဖိနှိပ်ဖျက်ဆီးလျှင် ပြည်ထောင်စုအတွက် အကျိုးမဲ့သောအဖြေထွက်လာပေလိမ့်မည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်းက ကျင်းပခဲ့သော ပါလီမန်ပြည်သူ့လွှတ်တော် ညီလာခံတွင် ပြည်ထောင် စုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်စိစစ်ရန်ကိစ္စ ပေါ်ပေါက်လာခဲ့သည်။

မူလက တရုတ် ဗမာ နယ်ခြားသတ်မှတ်ရေးကိစ္စ။ ဗုဒ္ဓဘာသာ နိုင်ငံတော် ဘာသာ ပြုလုပ်ရေးကိစ္စနှင့် အခြားကိစ္စ ၃-၄ ရပ် အတွက်သာအခြေခံ ဥပဒေကိုပြင်ဆင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း၊ ကယား အမျိုးသားများတွင်လည်း ၎င်းတို့နှင့်သက်ဆိုင်သောဏ္ဍများ အတွက် အခြေခံဥပဒေကို ပြင်ဆင်လိုလာကြသည်။

ထိုအခြေအထိ ပြသာနာမှာ သိပ်မကြီးလှသေးပါ။ သို့ရာတွင် ပြသာနာအရပ်ရပ် ညှိနိင်းရာမှ လူမျိုးစုတိုင်း တန် းတူညီမျှမှု မရှိသည်ကို၎င်း။ ဖွဲ့စည်းပုံစနစ် မမှန်ကန်သည်ကို၎င်း တွေ့မြင်ကြကာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတခုလုံးကို ပြင်ဆင်လိုကြသည် အထိ ကြီးကျယ်လာခဲ့သည်။

ပြည်ထောင်စုအစိုးရက ၀န်ကြီး ဒေါက်တာဦးအေးမောင် ခေါင်းဆောင်သော အခြေခံဥပဒေပြင်ဆင်ရေး ကော် မတီတရပ် ဖွဲ့စည်းလိုက်သည်။ ပြည်နယ်၀န်ကြီးများ ပါ၀င်သော ပြည်နယ်များ ပြန်လည်သုံးသပ်ရေးကော်မီတီဖွဲ့ကာ ပြည်နယ်လူထုများထံမှ အကြံပေးချက်များကိုကြေညာ၍တောင်းခံခဲ့သည်။ ရှမ်းပြည်နယ်ဥက္ကဌ စပ်ခွန်ချိုက ထိုထက်တဆင့်တက်၍ ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ် အမတ်များအားလုံး။ အမတ်များမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ၂-ဦးစီ။ ရှမ်းပြည်ရှိ ပါတီ အဖွဲ့အ စည်းများအားလုံးမှ ကိုယ်စားလှယ် ၃ ဦးစီနှင့် ရှမ်းပြည်ရေးတွင် စိတ်ပါ၀င်စားသော တသီးပုဂ္ဂလများနှင့်တကွ ပင်လုံစာချုပ်ရေးထိုးခဲ့သော ပုဂ္ဂိုလ်များ၊ ယခင်တိုင်းပြည်ပြုလွှတ်တော်အမတ်များ အားလုံးကို ဖိတ်ခေါ်၍ အမျို းသားညီလာခံသဘောမျိုး ကျင်းပခဲ့သည်။

ထိုညီလာခံသဘင်သို့ တက်ရောက်သော ကိုယ်စားလှယ် အားလုံးကပင် လက်ရှိဖွဲ့စည်းပုံစနစ်ကို မကြိုက်ကြပါ၊ ပိုမိုတိကျသော ပြည်ထောင်စုစနစ် (Federation) ကိုလိုချင်ကြောင်း တင်ပြကြသည်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွင် တမျိုးသားလုံးသည် တစည်းတလုံးတည်း ရှိကြသည့်အတိုင်း တူညီသောအခြေခံမူကိုညှိနှိုင်းပြီး အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအား အကြံ ပေးရန် ပါတီအဖွဲ့အစည်းတခုလျှင် ကိုယ်စားလှယ် ၃ ဦးစီနှင့်တသီးပုဂ္ဂလ ၅ ဦးပါ၀င်သော ကော်မီတီတရပ်ကို ထိုညီလာခံသဘင်မှ ဖွဲ့စည်းလိုက်သည်။ ထိုကော်မီတီသည် လုပ်ငန်းများစတင်လျှက် ရှိပေသည်။ လူမျိုးတိုင်း တန်းတူညီမျှမှုပေါ်တွင် အခြေခံသော ပြည်ထောင်စုမူကို ရှာဖွေကြလိမ့်မည် ဟု ကျွန်တော် ထင်သည်။

မည်သို့ပင်ဖြစ်စေ အမျိုးသားညီလာခံသဘင်တွင် အများကဆန္ဒပြင်းပြသည့် သီးခြားရှမ်းသမ္မတနိုင်ငံကို နောက် ပိုင်းသို့ပို့လိုက်ပြီး တန်းတူညီမျှသည့် ပြည်ထောင်စုမူကို လိုလားကြသည်မှာ ကောင်းသောလက္ခဏာဟု ကျွန် တော်မြင်ပါသည်။ အမှန်မှာ ကျွန်တော်တို့တတွေသည်။

၁၉၄၇ ခုနှစ်က အလုပ်ကို ယခုမှလုပ်နေကြရပါသည်။
၁၉၄၇ ခုနှစ် တိုင်းပြည်ပြုလွှတ်တော်တွင် ကျွန်တော်တို့သည်
(၁) နိုင်ငံရေး အတွေ့အကြုံ နုနယ်သေးခြင်း
(၂) ဥပဒေကျွမ်းကျင်မှု မရှိသေးခြင်း
(၃) ဖဆပလ ခေါင်းဆောင်များအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်း
(၄) တနှစ်အတွင်းလုံး၀ လွတ်လပ်ရေးရရန်သာ ဇောကြီးနေခြင်းကြောင့် လက်ရှိအခြေခံဥပဒေကို ခပ်ပေါ့ပေါ့ ပင်လက်ခံလိုက်ကြသည်။

နယ်ချဲ့လက်အောက်က အမြန်ဆုံးလွတ်ရန်သာ အရေးကြီးသည်။ နယ်ချဲ့မရှိသည့် နောက်ပိုင်း သွေးရင်းသား ရင်း၊ ညီအကို အချင်းချင်း မူးတင်းပဲတင်း လုပ်ကြလိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်ကား ထိုသို့မဟုတ်ပါ။ ပင်လုံညီလာခံနှင့် တိုင်းပြည်ပြုလွှတ်တော်တွင် ထားရှိခဲ့သောစိတ်ထားများ ပပျောက်ကုန်ပြီး ဥပဒေစကားလုံးများကိုသာ အတိအကျ ပြောဆိုလာကြပေသည်။
ပြည်ထောင်စုထောက်ပံ့ကြေးနှင့် ပတ်သက်၍ ပြည်နယ်များ အထူးသဖြင့် ကျွန်တော်တို့ရှမ်းပြည်နယ် တွင် မကြ ာခဏဆိုသလို ပွစိ ပွစိ ဖြစ်သည်ကို အကြောင်းပြုပြီး ဗိုလ်ခင်မောင်ကလေး ဘဏ္ဍာရေး၀န်ကြီး အဖြစ်ဆောင် ရွက်နေစဉ်က Cabinet အဖွဲ့သို့စာတမ်းတစောင်တင်ပြသည်ဟု သိရသည်။ ဗိုလ်ခင်မောင်ကလေးက ၎င်းစာ တမ်းတွင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာခွဲဝေမှု ဇယားများကို အခြေခံကာ တွက်ချက်ပြီး ပြည် ထောင်စုအစိုးရသည် ရှမ်းပြည်အား ပေးရန်တာ၀န် ဘာမျှမရှိသည် သာမက ရှမ်းပြည်ကပင်ပြည်ထောင် စုအစိုး ရသို့ နှစ်စဉ် သိန်း ၅၀ ကျော် ပြန်ပေးရဦးမည် ဟု ဖေါ်ပြထားကြောင်း ကြားသိရသည်။ လက်ရှိ ဖွဲ့စည်းပုံစနစ်နှင့် ဇယားများအရ ဗိုလ်ခင်မောင်ကလေး၏ တွက်ချက်မှုသည် မှန်ကောင်းမှန်ပေလိမ့်မည်။

လက်ရှိ ဖွဲ့စည်းပုံစနစ်တွင် ဗမာပြည်နယ်နှင့် ဗမာအစိုးရဟူ၍ သီးခြားမရှိဘဲ ဗမာအစိုးရသည် ပြည်ထောင်စုအစို းရနှင့် လုံး၍ထားလိုက်သည်။ ဗမာပြည်နယ် ဗမာအစိုးရဟူ၍ သီးခြားမထားရှိသည့်အတွက် ဗမာပြည်နယ်နှင့် ဗမာအစိုးရအတွက် အသုံးစရိတ်များလည်း သီးခြားမရှိပေ။
 
များသောအားဖြင့် ပြည်ထောင်စု အသုံးစရိတ်အဖြစ် လုံး၍ပြထားလိုက်ရာ ပြည်နယ်အားလုံးနှင့် ဆိုင်သည့် အ ခွန် တော်ရငွေမှ ပြည်နယ်များရရန် မရှိတော့ဘဲ ဗိုလ်ခင်မောင်ကလေး တင်ပြသကဲ့သို့ ပြည်နယ်များက ပြန်၍ပင် ပေးရဦးမလိုလို ဖြစ်နေသည်။

၀န်ကြီးချုပ်ဦးနုကလည်း ဗိုလ်ခင်မောင်ကလေးကဲ့သို့ပင် သဘောထားဟန်တူသည်။ ပြည်နယ်များ ထောက်ပံ့ရေးဘုတ်အဖွဲ့ အစည်းအဝေးတွင် ဦးနုက အခြေခံဥပဒေတွင် ထောက်ပံ့ကြေးပေးရမည်လို့ ဆိုမထားဘူး။ ကျုပ်တို့ပေးချင်မှ ပေးနိုင်သည်။ ဒီလောက်ပေးတာ ခင်ဗျားတို့ကျေးဇူးတင်ဖို့ကောင်းသည် ဟု ပြောကြောင်းကြားသိရသည်။

ရှမ်းပြည်နယ် အစိုးရတွင် ပြည်တွင်းအခွန်တော်ကလည်း ဘာမှမရ။ ပြည်ထောင်စု ထောက်ပံ့ကြေးကလည်း မလောက်မငှ ဖြစ်နေ၍ ၀င်ငွေပိုလာရန် ရှမ်းပြည်တွင် စီးကရက် စက်တစက် တည်ထောင်ရန် ကြံစည်ခဲ့သည် ဟုဆိုသည်။ ထိုစီးကရက် စက်တစက် တည်ထောင်လျှင်တနှစ်လျှင်၀င်ငွေ သိန်းပေါင်းတရာ ခန့်ရရှိမည်ဟု ခန့်မှန်းကြသည်။

နှစ်စဉ် ပြည်ထောင်စု ထောက်ပံ့ကြေးရော ပြည်တွင်းအခွန်တော်ပါမှ သိန်းပေါင်း ၂၀၀ ခန့်သာ၀င်ငွေရှိသော ရှမ်းပြည်နယ်အစိုးရအဖို့ တနှစ်သိန်း ၁၀၀ ၀င်ငွေ ပိုရှိလျှင် ပြည်သူ့အကျိုးပြုလုပ်ငန်း မြောက်များစွာ လုပ်နိုင်လာမည် မဟုတ်ပါလော။ သို့သော် ထိုစီးကရက်စက်စီမံကိန်းနှင့် ပတ်သက်၍ ဗမာအာဏာပိုင်များက “ရှမ်းပြည်မှာ ခင်ဗျားတို့စီးကရက်စက် တည်ချင် တည်နိုင်တယ်။ ဒါပေမယ့် အဲဒီစီးကရက် စက်ကထွက်လာတဲ့ စီးကရက်တွေကို ဗမာပြည် လာမရောင်းရဘူး။ လာရောင်းရင် ကျုပ်တို့အခွန်ကောက်ရမယ်” ဟုပြောသည့်အတွက်ထို စီမံကိန်းပျက်သွားသည်ဟု ကြားသိ ရသည်။

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ရှမ်းပြည်နယ် အစိုးရသည် စက်ရုံ အလုပ်ရုံ၊ သတ္တုတွင်းလုပ်ငန်းများ လုပ်နိုင်ခွင့်မရှိဟု သိနားလည်ခဲ့သည်။ ယခု ပြည်ထောင်စု အစိုးရခေတ်ကျမှ ဒေါက်တာအေးမောင်က လုပ်နိုင်ခွင့်ရှိကြောင်း ပြောသည်ဟု သိရသည်။ သို့သော် ထိုစက်ရုံ၊အလုပ်ရုံ၊ သတ္တုတွင်းများ လုပ်ကိုင်ရန် ငွေရင်းရှာဖွေခွင့်နှင့် ထွက်ကုန်ပစ္စည်းများ ဗမာပြည်သို့လွတ်လပ်စွာ ရောင်းခွင့်မရှိလျှင် ဦးအေးမောင်၏ လုပ်နိုင်ခွင့်ရှိသည် ဆိုခြင်းသည် မည်သို့အဓိပ္ပါယ် ရှိပါတော့မည်နည်း။

ရှမ်းပြည်တွင် စက်မှုလုပ်ငန်းများ မထွန်းကားသေး၍ ကုန်ကျစရိတ်ကာမိမည် မဟုတ်သဖြင့် လောပီတလျှပ်စစ်ဓါတ်အားကို ရှမ်းပြည်သို့ လွှတ်ပေးနိုင်မည် မဟုတ်ကြောင်း ၀န်ကြီးဦးရာရှစ်ကပြောသည် ဟု ဆိုသည်။ ဤအတိုင်းသာ ဆိုလျှင် ရှမ်းပြည် အင်းလေးရေကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာသော လောပီတလျှပ်စစ်ဓါတ်အားကို ရှမ်းပြည်တွင် စက်မှုလုပ်ငန်းများ ထွန်းကားလာသည့်ကာလမှ အသုံးပြုနိုင်ပေတော့မည်။

ဤသည်တို့ကား လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဗမာလူမျိုးကြီးဝါဒတို့ကြောင့် ရှမ်းပြည်အတွက် နစ်နာနေသည့် အချက်တို့ဖြစ်သည်။ အခြေခံဥပဒေကို ပြန်လည်စီစစ်၍ ပြင်ဆင်ရန် အခွင့်အရေး ရလာသည့်အခါ ဒီမိုကရေစီကို လေးစားသောအားဖြင့်ရှမ်းပြည်အမျိုးသား အပေါင်းတို့သည် အခြေခံဥပဒေကို သဲသဲမဲမဲ ပြင်ဆင်ရန် ကြိုးပမ်းကြသည်မှာ သဘာ၀လည်းကျသည်။ တရားလည်းတရားသည်ဟု ကျွန်တော် ထင်ပါသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး (ဝါ) တန်းတူညီမျှ၍ တပြေးညီစွာ တိုးတက်သော ပြည်ထောင်စုဖြစ်ပေါ်ရေးအပေါ်တွင် ရှမ်းပြည်အမျိုးသား အပေါင်းတို့သည် အမျိုးသားညီညွတ်ရေးကို တစည်းတလုံးတည်း တည်ဆောက်လိုက်ကြပေပြီ။
 
ဤအမျိုးသားညီညွတ်ရေးကြီးသည် ခိုင်မာကြီး ထွားလျှက်ရှိလေသည်။ ဗမာလူမျိုးကြီးဝါဒ၏ လက်ပါးစေများသည် ဤအမျိုးသား ညီညွတ်ရေးကြီးကို ဖြိုခွဲရန် ကြိုးပမ်းကြပေလိမ့်မည်။

ဗမာပြည်သူလူထုအပေါင်းသည် ပြည်ထောင်စုတည်မြဲရေးကို ကြီးစွာအန္တရာယ်ပြုသော ဗမာလူမျိုးကြီးဝါဒကို ဝိုင်း၀န်းတိုက်ဖျက်ကာ တန်းတူညီမျှ၍ တပြေးညီစွာ တိုးတက်သော ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ရိုး သားစွာကြိုးပမ်းနေသော ကျွန်တော်တို့ရှမ်းပြည်အမျိုးသားများအား ဖေးမကူညီလိမ့်မည်ဟု မျှော်လင့်ပါသည်။
ကျွန်တော့် အနေဖြင့် တန်းတူညီမျှ၍ တပြေးညီစွာ တိုးတက်သော ပြည်ထောင်စုကြီးပေါ်ပေါက်ရေးကို အ ထောက်အကူပြုစိမ့်သောငှါ နိုင်ငံပေါင်း ၂၀ ကျော်၏ ဖွဲ့စည်းပုံစနစ်နှင့် ကမ္ဘာ့ဥပဒေပညာရှင်ကြီးများ၏ စာအုပ်စာတမ်းများကို မှီငြမ်းပြုကာ ရှမ်းပြည် တမျိုးသားလုံးလိုလားသော “ပြည်ထောင်စုစနစ်” ဆောင်းပါးကို ဆက် လက်၍ရေးသား ဖေါ်ပြလိုက်ပါသည်။

ကျွန်တော်သည် ဥပဒေပညာ တတ်ကျွမ်းနားလည်သူမဟုတ်သည့်အားလျော်စွာကျွန်တော်၏ဆောင်းပါးတွင် အဓိပ္ပါယ်ဖေါ်ပြချက်နှင့် ဥပဒေကိုးကားချက်များ မှားယွင်းနေပါလျှင် ဥပဒေပညာရှင်များသည် ကျွန်တော့်အား ခွင့်လွှတ်ကြပါရန် လေးစားစွာကြိုတင်၍ တောင်းပန်ထားအပ်ပါသည်။

[ဆက်လက်ဖော်ပြပါမည်။ ၁၉၆၁-ခုနှစ်က ရေးသားသော ဆောင်းပါးဖြစ်ပါတယ်။ Dr. ဆလိုင်းလျန်မှုန်း ဆာခေါင်း ရေးသားသော “စစ်မှန်သော ပြည်ထောင်စုစနစ်ဆီသို့ (တတိယတွဲ)”၊ စာမျက်နှာ-၅၂ မှ ကူးယူပါတယ်။ ၎င်းစာအုပ်မှာ အတွဲ ၁၂ တွဲ ရှိပါတယ်။]
-
၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာမသိမ်းမီကာလတွင် ပြည်ထောင်စုအတွင်း Federal နှင့် ပတ်သက်၍ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာတွေ တောင်းဆိုခဲ့သလဲ စသည်တို့ကို အဖက်ဖက်မှ အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။

အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ

ဆဝါးခန့်မှန်းနိုင်ကြပါရန် ထိုစဉ်အချိန်က ပါဝင်ပတ်သက်ခဲ့သူအချို့၏ သဘောထားမှတ်ချက်မှာကို စုဆောင်တင်ပြသွားမည် ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း၊ မမှန်မကန် ပြင်ဆင်ရေး သားခြင်း ပြုမည်မဟုတ်ပါကြောင်း အာမခံပါတယ်။

မိမိတို့ ခံစားချက်အရ အမြင်အမျိုးမျိုး ရှိနိုင်သော်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏ အပြောအဆို အပြုအမူကြောင့် မိမိတို့ချစ်သော ပြည်ထောင်စုအား မထိခိုက်ပါစေရန် တိုင်းရင်းသားအချင်းချင်း အမုန်းပွားစေနိုင်သော Comment များကို မပေးကြပါရန်
ကြိုတင်မေတ္တာရပ်ပါတယ်။
-------------------------

ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၂)
― တောင်ကြီး ဦးထွန်းမြင့်
၂.၁ ပြည်ထောင်စု သဘောတရား
ကျွန်တော်တို့လိုလားသော ပြည်ထောင်စုစနစ်

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ကြရာ၌ “မူ” ကို မပျက်စီးစေဘဲ ပြင်ဆင်ကြရမည်ဟု အစိုးရက စည်းကမ်းသတ်မှတ်ထားသည့်အတွက် ထို “မူ” နှင့်ပတ်သက်၍ ပြဿနာပေါ်ခဲ့သည်။ အခြေခံဥပဒေ၏ “မူ” ဆိုတာဘာလဲဟု မေးကြ မြန်းကြသည်။ ဥပဒေပါရဂူတဦးက မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ “မူ” ဟာ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးဘဲဖြစ်သည်ဟု အဖြေပေးသည်။ အချို့က အခြေခံဥပဒေ၏ နိဒါန်းသည် အခြေခံဥပဒေ၏ “မူ” ပင်ဖြစ်သည်ဟု ပြောကြသည်။

အထက်ပါတို့မှာ ပြဿနာအဖြေ အပြည့်အစုံမဟုတ်၊ အစိတ်အပိုင်းသာ ဖြစ်သည်ဟု ကျွန်တော်ယူဆသည်။
၁၉၄၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တိုင်းပြည်ပြုလွှတ်တော် ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းသည့် လမ်းညွှန်ပြဌာန်းချက် အဆိုတွင် ပါရှိသော အချက် (၇) ချက် သည်သာ အခြေခံဥပဒေ၏ “မူ” များဖြစ်ပါသည်။
လမ်းညွှန်ပြဌာန်းချက်အဆိုတောင်တန်းသားများနှင့် ကရင်နီနယ်များ အပါအ၀င် ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံသားတို့၏ ကိုယ်စား လှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသ ဆန္ဒနှင့်လျော်ညီစွာ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို စီစဉ်ရေး ဆွဲရန် အလို့ငှာ စုံညီစုဝေးကြလျှက် အောက်ပါပြဌာန်းချက်များကို ချမှတ်ကြကြောင်း။

(၁) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် “မြန်မာပြည်ထောင်စုနိုင်ငံတော်” ဟုခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်။ ထို့ပြင်-

(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များ ပါ၀င်စေလျှက်၊ သို့ သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။ ထို့ပြင်-

(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့် တကွအပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။ ထို့ပြင်-

(၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သား မှန်သမျှသည် လူမရေးရာ၌၎င်း၊ စီးပွားရေးရာ၌၎င်း၊ နိုင်ငံရေးရာ၌၎င်း၊ တရားမျှတမရှိစေလျှက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေသက်ရောက်မတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိ တူညီစေရမည့် အပြင် တရားဥပဒေနှင့်သော်၎င်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်၎င်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ၀တ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီး ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ ထို့ပြင်-

(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။ ထို့ပြင်-

(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေတို့တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကို၎င်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို၎င်း၊ တရားဓမျွနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရမည်။ ထို့ပြင်-

(၇) ရာဇ၀င်တွင် ထင်ရှားခဲ့သော မြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ဂုဏ် ကြက်သရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့် အပြင်၊ လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်း သာပြည့်ဝရေးတို့ကို တာ၀န်အလျှောက်၊ စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်း ချင်း၊ ဆိုင်ရာတရားဓမ္မ နှင့် ကျင့်၀တ်သိက္ခာကိုအခြေပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရလျှက် နိုင်ငံတကာတို့နှင့် မိတ်၀တ်မပျက် တွဲဘက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိုမူ (၇) ချက်နှင့် အညီအညွတ် ရေးဆွဲထားကြောင်း ဦးနုက တိုင် းပြည်ပြုလွှတ်တော်ညီလာခံတွင် ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေမူနှင့်ပါတ်သက်၍ ကျွန် တော်တို့သည် အငြင်းပွါးနေစရာ၊ စိတ်တွင် စနိုးစနောင့်ဖြစ်နေစရာ မလိုတော့ပေ။

လက်ရှိ အခြေခံဥပဒေကို ကျွန်တော်တို့လိုလားသော ပြည်ထောင်စုစနစ်သို့ ပြင်ဆင်ပြောင်းလဲရာ၌ ဗိုလ်ချုပ်အောင်ဆန်း ချပေးခဲ့သော အခြေခံ “မူ” များနှင့် ဆန့်ကျင်စရာ ထိခိုက်စရာ မရှိနိုင်ဟု ကျွန်တော်ယူဆပါသည်။
Constitution ကိုမြန်မာဘာသာဖြင့် “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” ဟု ခေါ်ဝေါ်ထားရာ အဓိ ပ္ပါယ်အပြည့်အ၀ ဖေါ် ပြထားပြီး ဖြစ်သည်။ နိုင်ငံတော်အား ဘယ်လိုပုံစံဖြင့် ဖွဲ့စည်း၍ ဘယ်လို “မူ”၊ ဘယ်လို “စည်းမျဉ်း” ဖြင့် အုပ်ချုပ်မည် စသည်တို့ကို ရေးဆွဲထားသော အခြေခံဥပဒေသည် (Constitution) ပင်ဖြစ်သည်။

မစ္စတာအော်စတင်က အခြေခံဥပဒေသည် အစိုးရ အဆောက်အအုံကို တည်ဆောက်ပေးသည်ဟု ဆိုသည်။ မစ္စတာဒီစေး ကမူ နိုင်ငံ၏ အချုပ်အခြာအာဏာများ ကို ခွဲဝေရာတွင်၎င်း၊ လက်တွေ့ကျင့်သုံးရာတွင်၎င်း၊ တိုက် ရိုက် သို့တည်းမဟုတ် သွယ်ဝိုက်၍ သက်ဆိုင်စေသော စည်းကမ်းဥပဒေ အားလုံးကို အခြေခံဥပဒေ ဟုခေါ်ကြောင်း အဓိပ္ပါယ် ဖေါ်ပြထား၏။

ကမ္ဘာ့ဥပဒေပညာရှင်များ၏ အဓိပ္ပါယ်ဖေါ် ပြချက်မှာ ကျွန်တော်တို့လို လူပြိန်းများအဖို့ သိနားလည်ရန် ခက်ခဲပါသည်။ မြန်မာ အခေါ်အဝေါ်သည်သာ ဖတ်လိုက်ရုံဖြင့် အဓိပ္ပါယ် အလုံးစုံကို ငုံမိသွားသည်၊ သိနားလည် သွားစေသည်ဟု ကျွန်တော်ယူဆပါသည်။ ရှေး ခေါမပညာရှင်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်ကို စိုးမိုးအုပ်ချုပ်သူ အရေအတွက်ပေါ်မူတည်၍ ခွဲခြားကြသည်။ အချုပ်အခြာ အာဏာသည် လူတဦးတယောက်ထံတွင် ထားရှိလျှင် ဧကရာဇ် စနစ် (Monarchy) ဟုခေါ်တွင်ကြပြီး၊ လူတစုထံတွင် ထားရှိလျှင် အရစ္စတိုကရေစီ (Aristocracy) ဟုခေါ်တွင်ကြသည်။ လူများစုတွင် အချုပ်အခြာအာဏာ အပ်နှံထားသော စနစ်ကို ပေါ်လီတီသို့မဟုတ် ဒီမိုကရေစီ ဟုခေါ်တွင်ကြသည်။ ဧကရာဇ်စနစ်နှင့် အရစ္စတိုကရေစီ တို့သည် ကမ္ဘာမြေပြင်မှ တဖြည်းဖြည်း တိမ်ကောပပျောက်ခဲ့ပြီး ဖြစ်သည်။

မျက်မှောက်ခေတ် ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်များတွင် ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ၂ မျိုးသာ တွေ့နိုင်ပေတော့ သည်။ ဒီမိုကရေစီစနစ်သည်လည်း တိုင်းပြည် တပြည်နှင့်တပြည် မတူကွဲပြားခြားနားကြသည်။ ဒီမိုကရေစီ အမျိုးမျိုး အမည်နာမ အမျိုးမျိုးဖြင့် ခေါ်တွင်ကြသည်။ ဥပမာ ဆိုဗီယက်ဒီမိုကရေစီ၊ ပြည်သူ့ဒီမိုကရေစီ၊ ဒီမိုကရေစီသစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီ၊ အနောက်ပိုင်းဒီမိုကရေစီများ၊ မကြာမီက အင်ဒိုနီးရှားသမ္မတ ဆူကာနိုက (Guided Democracy) ပဲ့ကိုင်ဒီမိုကရေစီဟု ထွင်လိုက်ပြန်သည်။

အာဏာရှင်စနစ်တွင်လည်း လူတန်းစားပေါ်တွင် အခြေခံ၍ ဖက်ဆစ်အာဏာရှင်စနစ်၊ ပစ္စည်းမဲ့ အာဏာရှင် စနစ်၊ ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ် ဟူ၍ ကွဲပြားလေသည်။ မကြာသေးမီက အချို့နိုင်ငံများတွင် စစ်အာ ဏာရှင်စနစ်သည် ခေတ်စားလာသည်။

ဒီမိုကရေစီိ ဆိုတာ

အချုပ်အခြာအာဏာသည် ပြည်သူပြည်သားများထံတွင် တည်ရှိလျှင် သာမန်အားဖြင့် ဒီမိုကရေစီဟူ၍ နားလည်ကြသည်။ သို့ရာတွင် အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ အစိုးရအဖွဲ့အား ရွေးကောက်တင်မြှောက်ခွင့်ရခြင်းအားဖြင့် ဒီမိုကရေစီသည် ပြည့်ဝြပီဟု မယူဆ နိုင်သေးပေ၊ ရွေးကောက်တင်မြှောက်ထားသော အစိုးရအဖွဲ့အား ပြည်သူပြည်သားများက တနည်းနည်းဖြင့် ပြန်လည်ချုပ်ကိုင်ထားနိုင်မှ ဒီမိုကရေစီသည် ပြည့်စုံပြီးဟု ဆိုနိုင်လေသည်။

ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးရာ့ ဒီမိုကရေစီနိုင်ငံဟူ၍ ခေါ်တွင်သော နိုင်ငံများတွင်ပင် တနိုင်ငံနှင့် တနိုင်ငံ တူညီမမရှိကြချေ။ အင်္ဂလန်တွင် ကျင့်သုံးသော ဒီမိုကရေစီသည် အမေရိကန်တွင် ကျင့်သုံးသော ဒီမိုကရေစီနှင့် ခြားနားသည်၊ ထိုနည်းတူစွာ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ အပြည့်အ၀ဆုံး ဆိုသည့် ဆွစ်ဇာလန်နိုင်ငံတွင် ကျင့်သုံးသည့် ဒီမိုကရေစီမှာ အင်္ဂလန်၊ အမေရိကန်တို့တွင် ကျင့်သုံးသည့် ဒီမိုကရေစီနှင့် မတူခြားနားပြန်သည်။

တဖန် အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ ဆွစ်ဇာလန် အစရှိသည့် အနောက်ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးသည့် ဒီမိုကရေစီနှင့် အရှေ့ဒီမိုကရေစီ ဟုခေါ်သည့် ဆိုဗီယက် ယူနီယံနှင့် ပြည်သူ့ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးသည့် ဒီမိုကရေစီနှင့် အခြေခံအားဖြင့် ခြားနားပြန်သည်။

ဒီမိုကရေစီ ဖွဲ့စည်းပုံစံနစ်

ဒီမိုကရေစီပေါ် အခြေခံ၍ ဖွဲ့စည်းထားသော အုပ်ချုပ်ပုံစံနစ်များတွင် Federal ခေါ် ပြည်ထောင်စုစံနစ်နှင့် Unitary ခေါ် တပြည်ထောင်စံနစ် (ဝါ) အစိုးရ တဖွဲ့တည်းဟူ၍ ၂ မျိုး ၂ စားရှိကြသည်။

ဆိုဗီယက် ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ယူဂိုဆလားဗီးယား၊ သြစတေလ်လီးယား အစရှိသည့် နိုင်ငံများမှာ ပြည်ထောင်စုစံနစ်ဖြင့် ဖွဲ့စည်းထားကြသည်။ ဗြိတိန်၊ ပြင်သစ်၊ ဘယ်ဂျီယံ၊ ချက်ကိုဆလိုဗေးကီးယား၊ အီတလီ၊ တရုတ်ပြည် စသည်တို့မှာ တပြည်ထောင်စံနစ် (ဝါ) အစိုးရတဖွဲ့ စံနစ်ဖြင့် ဖွဲ့စည်းထား ကြသည်။

ပြည်ထောင်စု စံနစ်

ပြည်ထောင်စုစံနစ်ဆိုသည်မှာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံများ၊ တန်းတူရည်တူ ဆန္ဒအလျှောက် ပူးပေါင်းဖွဲ့စည်းကာ ဗဟိုပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာနှင့် အခွင့်အရေးများ အတိ အကျ ခွဲဝေပေးထားသော စံနစ်ဖြစ်သည်။

ပထဝီအနေအထား ခြားနားမကြောင့်၎င်း၊ နိုင်ငံရေး စီးပွားရေး အကျိုးမတူညီမျှကြောင့်၎င်း၊ လူမျိုးရေး ကွဲပြားခြားမကြောင့်၎င်း၊ ပြည်ထောင်စုစံနစ်ကို ရွေးချယ် ဖွဲ့စည်းကြသည်။

ပြည်ထောင်စုစံနစ်တွင် ပါ၀င်ဖွဲ့စည်းသော ပြည်နယ်များ၏ လူဦးရေ အနည်းအများ၊ နယ်အကျယ်အ၀န်း စသည်တို့သည် တန်းတူညီမျှမအတွက် အတားအဆီး ဖြစ်စရာ အကြောင်းမရှိချေ။

ကျွန်တော်တို့ရှမ်းပြည်တွင် ဗမာသည်လူဦးရေများပြား၍ ဗမာနှင့်ပေါင်းလျှင် အစဉ်အမြဲ နစ်နာနေမည်ဟု ယူဆသူများရှိဘိသကဲ့သို့ မြန်မာပြည်တွင်လည်း နယ်စပ်ဒေသ ပြည်နယ်များတွင် လူဦးရေ အလွန်နည်းသဖြင့် ဗမာနှင့် တန်းတူအခွင့်အရေး မပေးထိုက်ဟု ယူဆသူများရှိကြသည်။

အမေရိကန်ပြည်ထောင်စုတွင် နီဗားဒါးပြည်နယ်သည် လူဦးရေ တသန်းပိုပိုသာ ရှိသည်။ ဝိုင်ယိုမင်းနှင့် ဒဲလားဝဲယားတွင် နှစ်သိန်းခွဲ စီသာရှိကြသည်။ နယူးယောက်ပြည်နယ်မှာ ၁၃ သန်းခွဲရှိသည်။

ဆွစ်ဇာလန်ပြည်ထောင်စုတွင်လည်း (Cahton) ခေါ် ပြည်နယ် ၂၂- နယ်ရှိသည့်အနက် ဇူးရစ်နှင့် ဘန်းပြည်နယ်များမှာ နယ်ကြီးများဖြစ်ပြီး ဗေးလေးမှာ နယ်ငယ်ကလေးသာဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုတွင်လည်း ရုရှားပြည်နယ်စုသမ္မတနိုင်ငံသည် အလွန်ကြီးမားပြီး အက်စတိုးနီးယားသမ္မတနိုင်ငံမှာ အလွန်သေးငယ်ပါသည်။

ပြည်နယ်အကြီးအငယ် လူဦးရေ အနည်းအများမှာ ပြည်ထောင်စုစံနစ် ဖွဲ့စည်းရေးတွင် အရေးမကြီးပါ။ ဗဟိုပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ အကြား အာဏာနှင့် အခွင့်အရေးများ မျှမျှတတ ခွဲဝေမှုသာလျှင် အရေးကြီးပါသည်။

အာဏာခွဲဝေနည်း

ပြည်ထောင်စုစံနစ်တွင် အာဏာနှင့် အခွင့်အရေး ခွဲဝေပုံ ခွဲဝေနည်းမှာ ၃ မျိုး ၃ စား ရှိသည်။
(၁) ပြည်ထောင်စုစစ်စစ် နိုင်ငံများတွင် (Extreme type of federal system) ဗဟိုပြည်ထောင်စုအား အများနှင့်ဆိုင်သော အာဏာနှင့် အခွင့်အရေးများသာ ပေးထားပြီး ကျန်အာဏာနှင့် အခွင့်အရေးများအားလုံး (Residual Powers) ကို ပြည်နယ်များတွင် အပ်နှင်းထားသည်။

ဥပမာ- ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စု၊ သြစတေးလီးယား။

(၂) ပြည်ထောင်စု မစစ်တစစ်နိုင်ငံများ၊ တနည်းအားဖြင့် ပြည်ထောင်စု အပျော့စား နိုင်ငံများတွင် (Weak type of federal system) ပြည်နယ်များအား အသင့်အတင့် အာဏာနှင့် အခွင့်အရေးများ ခွဲဝေပေးပြီး ကျန်အာဏာ  နှင့် အခွင့်အရေး အားလုံးကို ဗဟိုပြည်ထောင်စုက သိမ်းပိုက်ထားသည်။

ဥပမာ- ကနေဒါ၊ တောင်အာဖရိက ပြည်ထောင်စု၊ ပြည်ထောင်စု မြန်မာနိုင်ငံ။
(၃) ဗဟိုပြည်ထောင်စုအတွက် သီးသန့်အာဏာများနှင့် ပြည်နယ်များအတွက် သီးသန့်အာဏာများဟူ၍ ခွဲခြားသတ်မှတ်ထားသည်သာမက ဗဟိုပြည်ထောင်စုရော ပြည်နယ်များပါ ဆောင်ရွက်နိုင်သည့် အာဏာများ (Concurrent Powers) ဟူ၍ သတ်မှတ် ထားသည်။
ဥပမာ- ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား။

ယင်းသို့ ၃ မျိုး၊ ၃ စား အာဏာနှင့် အခွင့်အရေးများ ခွဲဝြေကသော်လည်း မည်သည့်အမျိုးအစား ပြည်ထောင်စုဘဲဖြစ်ဖြစ် ပြည်နယ်များအတွက် ခွဲဝေထားသော အာဏာနှင့် အခွင့်အရေးများကို ဗဟိုပြည်ထောင်စုမှ ၀င်ရောက်စွက်ဖက်ခွင့် မရှိချေ။ တနည်းအားဖြင့် ပြည်နယ်များ၏ ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်ချယ်လှယ်ခွင့် မရှိပေ။ တနည်းအားဖြင့် ပြည်နယ်များသည် လုံး၀ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိကြသည်။

သဘောတရားအားဖြင့် ပြည်ထောင်စုစံနစ်တွင် ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေး (Complete Autonomy) ရရှိကြသည် ဆိုသော်လည်း ပြည်ထောင်စု မစစ်တစစ် စံနစ် (ဝါ) ပြည်ထောင်စု အပျော့စားစံနစ်တွင် ပြည်နယ်များသည် အခွင့်အာဏာများ အလွန်နည်းပါးပြီး၊ အင်အားနည်းလွန်းသည့်အတွက် ပြည်နယ်အဆင့်မှ ပဏ္ဍာဆက်နိုင်ငံ (Vassal State) အဖြစ်သို့၎င်း၊ လက်အောက်ခံနယ်ပယ် (Province) အဆင့်သို့၎င်း၊ ကျရောက်ကုန်ကြသည်။

ဥပမာ- ကနေဒါ၊ မြန်မာ၊ တောင်အာဖရိက။
ပြည်ထောင်စုစံနစ် ဆိုသည့်အတိုင်း သီးခြားပြည်ထောင်များ စုပေါင်းထားရာ ပြည်ထောင်စု အစိုးရဟူ၍၎င်း၊ ပြည်နယ် အစိုးရဟူ၍၎င်း၊ ပြည်ထောင်စု ပါလီမန်ဟူ၍၎င်း၊ ပြည်နယ်ပါလီမန်ဟူ၍၎င်း၊ ပြည်ထောင်စု တရားရုံးဟူ၍၎င်း၊ ပြည်နယ်တရားရုံးဟူ၍၎င်း၊ သီးခြားစီ ရှိကြရလေသည်။

ပြည်နယ်များသည် ယင်းကဲ့သို့ သီးခြားအစိုးရ (အုပ်ချုပ်ရေး)၊ သီးခြားပါလီမန် (ဥပဒေပြုရေး)၊ သီးခြားတရားရုံး (တရားစီရင်ရေး) များထားရှိပြီး လုံး၀ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိခြင်းသည်ပင် ပြည်ထောင်စုစံနစ်၏ အဓိက အနှစ် သာရ ဖြစ်ပေသည်။

ပြည်ထောင်စု ပါလီမန်

ပြည်ထောင်စု ပါလီမန်များတွင် လွှတ်တော် ၂-ရပ် ပါ၀င်ကြစမြဲ ဖြစ်သည်။ ထိုလွှတ်တော် ၂ ရပ်ကို တိုင်းပြည်အမျိုးမျိုးတွင် အမည်နာမအမျိုးမျိုးဖြင့် ခေါ်တွင်ကြသည်။ လွယ်ကူစေရန် အထက်လွှတ်တော်နှင့် အောက် လွှတ်တော် ဟူ၍ပင် ခေါ်ဝေါ်ကြပါစို့။

အောက်လွှတ်တော်ကို လူဦးရေပေါ် အခြေတည်၍ ရွေးကောက်တင်မြှောက်ကြသည်။ Proportional Representation ပြည်နယ်များသည် လူဦးရေ အချိုးအစားအလိုက် အမတ်ဦးရေစေလွှတ်ခွင့် ရကြသည်။ အထက်လွှတ်တော်သည် ပြည်နယ်များ ကြီးသည်-ငယ်သည် မဟူ၊ တူညီသော အမတ်ဦးရေ စေလွှတ်ကြသည်။ အထက်လွှတ်တော်သည် ပြည်နယ်ကြီးက ပြည်နယ်ငယ်များအား ကြီးနိုင် ငယ်ညှဉ်းဆဲမျိုး မရှိစေရန် အောက် လွှတ်တော်အား မဲတင်းပေးရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်။ တနည်းအားဖြင့် ပြည်နယ်များအား ကာကွယ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထို့ကြောင့် လွှတ်တော် ၂ ရပ်ကို သဘောတရားအားဖြင့် တန်းတူရည်တူ အခွင့်အာဏာတူ ထားကြသည်။ သို့ရာ တွင် လက်တွေ့အားဖြင့် လွှတ်တော် ၂ ရပ်သည် အခွင့်အာဏာချင်း မတူကြပေ။

အမေရိကန်ပြည်ထောင်စုတွင် အထက်လွှတ်တော်သည် အောက်လွှတ်တော်ထက် ပို၍ အခွင့်အာဏာ ရှိသည်။ ပို၍ ဂုဏ်ရှိသည်။ အောက်လွှတ်တော် အမတ်များသည် တနေ့တွင် အထက်လွှတ်တော်အမတ်ဖြစ်ရန် မျှော်မှန်းကြသည်။

ဆိုဗီယက်ယူနီယံနှင့် ဆွစ်ဇာလန်တွင် သဘောတရားရော လက်တွေ့ပါ လွှတ်တော် ၂ ရပ်သည် တန်းတူရည်တူ ရှိကြသည်။ တူညီသော အခွင့်အာဏာ ရှိကြသည်။

ကျန်ရှိသော ပြည်ထောင်စုများ (ကနေဒါ၊ သြစတေးလီးယား၊ တောင်အာဖရိက၊ မြန်မာနိုင်ငံ)တွင် အောက် လွှတ်တော်သည် အထက်လွှတ်တော်ထက် အာဏာပို၍ရှိသည်။ အခြေခံဥပဒေတွင် ငွေဥပဒေကြမ်းများ အောက် လွှတ်တော်တွင်သာ စတင် တင်သွင်းရမည် ဟု ပြဌာန်းထားသည်။ မြန်မာနိုင်ငံ အခြေခံဥပဒေတွင် ထိုထက်ကဲ၍ ပြည်ထောင်စု အစိုးရသည် အောက်လွှတ်တော်ကိုသာ တာ၀န်ခံကြောင်း ပြဌာန်းထားသည်။

အထက် လွှတ်တော်သို့ အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်တနယ်လျှင် အမတ် ၂ ဦးစီ၎င်း၊ ကနေဒါပြည် ထောင်စုတွင် ၂၄ ဦးစီ၎င်း၊ ဆွစ်ဇာလန် ပြည်ထောင်စုတွင် ၂ ဦးစီ၎င်း၊ သြစတေးလီးယား ပြည်ထောင်စုတွင် ၆ ဦးစီ၎င်း၊ တောင်အာဖရိက ပြည်ထောင်စုတွင် ၈ ဦးစီ၎င်း၊ အသီးသီး စေလွှတ်ခွင့် ရှိကြသည်။
မြန်မာပြည်တွင် (မူ) နှင့် အချိုးအစား မရှိပေ။

ပြည်ထောင်စုအစိုးရ

ပြည်ထောင်စုအစိုးရတို့တွင် သမ္မတအား အာဏာအလုံးစုံ အပ်နှင်းသောအစိုးရနှင့် ပါလီမန်အား အာဏာအပ်နှင်းသော အစိုးရဟူ၍ ၂ မျိုး ၂ စားရှိသည်။

အမေရိကန်ပြည်ထောင်စုအစိုးရသည် သမ္မတအား အာဏာအပ်နှင်းသော အစိုးရ အမျိုးအစားဖြစ်ပြီး၊ အခြားပြည်ထောင်စု အစိုးရများသည် ပါလီမန်အား အာဏာအပ်နှင်းသော အစိုးရ အမျိုးအစားများဖြစ်ကြသည်။အမေ ရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပုံ ရွေးကောက်နည်းမှာ ကမ္ဘာပေါ်တွင် မည်သည့် နိုင်ငံနှင့်မှမတူ တမူခြားပေသည်။ အမေရိကန် သမ္မတရွေးကောက်ပုံ ရွေးကောက်နည်းကို ရှေ့တွင် အမေရိကန်ပြည်ထောင်စုအ ကြောင်း လေ့လာသည့်အခါ အကျယ်ဖေါ်ပြပါဦးမည်။

အမေရိကန်သမ္မတသည် ပြည်ထောင်စုပါလီမန် လွှတ်တော်တရပ်ရပ်၏ အမတ်ဖြစ်ရန်မလို၊ တိုင်းသူပြည်သားက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။ သမ္မတသည် မိမိ၏အစိုးရအဖွဲ့ကို မိမိစိတ်ကြိုက်အတိုင်း အမတ်မဟုတ်သူများထဲမှ ခန့်အပ်ထားသည်။ သမ္မတအစိုးရသည် ပါလီမန်အား တာ၀န်မခံပေ၊ ပါလီမန်၏ ဥပဒေကြမ်းနှင့် ပြဌာန်းချက်များကို ပယ်ချရန် သမ္မတတွင် ဗီတိုအာဏာရှိလေသည်။ သမ္မတက ဗီတိုအာဏာဖြင့် ပယ်ချလိုက်သော ဥပဒေကြမ်းများကို လွှတ်တော် ၂ ရပ်က ၃ ပုံ ၂ ပုံ မဲဖြင့် ပြန်၍ ဆုံးဖြတ်လျှင် သမ္မတက သဘောမတူသော်လည်း အတည်ဖြစ်လေသည်။ ဤနည်းဖြင့် သမ္မတအာဏာကို ပါလီမန်က သိမ်းကွပ်ထားသည်။ အခြား ပြည်ထောင်စုအစိုးရများသည် ပါလီမန်အား အာဏာအပ်နှင်းသော အစိုးရများဖြစ်သည်။ အစိုးရအဖွဲ့သည်ပါ လီမန်အား တာ၀န်ခံရသည်၊ တနည်းအားဖြင့် အစိုးရအဖွဲ့သည် ပါလီမန်၏ အာဏာအောက်တွင်ရှိသည်။ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများသည် ပါလီမန်အမတ်များ ဖြစ်ရသည်။ ပါလီမန်တွင် မဲဆန္ဒ အများစု၏ ထောက်ခံမရမှသာ အစိုးရအဖွဲ့သည် တည်တံ့ခိုင်မြဲနိုင်လေသည်။

ပြည်ထောင်စု တရားစီရင်မှု

ကမ္ဘာပေါ်ရှိ ပြည်ထောင်စု နိုင်ငံများတွင် ( မြန်မာပြည်မှအပ ) ဗဟိုပြည်ထောင်စုနှင့် ပြည်နယ်များအတွက် တရားရုံးများ သီးခြားရှိကြသည်။ ဗဟိုပြည်ထောင်စု အတွက် အမြင့်ဆုံး တရားရုံး (တရားလွှတ်တော်ချုပ်) မှ နောက်ဆုံးတရားရုံးအထိ တစင်တဖွဲ့ရှိသကဲ့သို့ ပြည်နယ်များတွင်လည်းအမြင့်ဆုံးတရားရုံး (တရားလွှတ်တော်ချုပ်) မှ နောက်ဆုံး တရားရုံးအထိ တစင်တဖွဲ့ သီးခြားစီရှိကြသည်။ ပြည်ထောင်စုတရားရုံး များသည် ပြည် ထောင်စုနှင့် သက်ဆိုင်သော အမှုကိစ္စများကိုသာ တရားစီရင်ကြပြီး ပြည်နယ်တရားရုံးများသို့ ၀င်ရောက် စွက် ဖက်ခြင်း မပြုကြပေ။ ပြည်နယ်အတွင်း တရားစီရင်မှုသည် ပြည်နယ် တရားလွှတ်တော်ချုပ်များတွင်ပင် အဆုံ းသတ်ကြသည်။

အခြေခံဥပဒေ ပြင်ဆင်နည်း

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အခြေခံဥပဒေကို ၂မျိုး ၂ စားခွဲခြားကြသည်။ အ ခြေခံဥပဒေကို အခြားဥပဒေများ ပြုသကဲ့သို့ ပါလီမန်မှ အလွယ်တကူ ပြင်ဆင်နိုင်လျှင် ၎င်းအခြေခံဥပဒေကို ပြင်ဆင်လွယ်စေသော အခြေခံဥပဒေ (Flexible Constitution) ဟုခေါ်သည်၊ ဗြိတိန်ပြည်နှင့် အီတလီပြည်တွင် အခြေခံဥပဒေကို သာမန်ဥပဒေများ အတည်ပြု ပြင်ဆင်သကဲ့သို့ ပါလီမန်က ပြင်နိုင်သော အာဏာ ရှိကြသည်။
အခြားနိုင်ငံများတွင် (ဥပမာ-အမေရိကန်၊ ပြင်သစ်၊ ဆိုဗီယက်ယူနီယံ၊ ဆွစ်ဇာလန်၊ မြန်မာနိုင်ငံ) အခြေခံဥပဒေကို အခြားဥပဒေများနည်းတူ ပြင်ဆင်နိုင်ခွင့်မရှိချေ။

အခြေခံဥပဒေပြင်ဆင်နိုင်သောနည်းကို အခြေခံဥပဒေတွင် အထူးသတ်မှတ် ပြဌာန်းထားလေသည်။ ထိုအခြေခံ ဥပဒေမျိုးကို ကြပ်တည်းသော အခြေခံဥပဒေ (Rigid Constitution) ဟု ခေါ်တွင်ကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေများကို အထူးသဖြင့် အလွယ်တကူ ပြင်ဆင်ခြင်းမပြုနိုင်ရန် ပြဌာန်းထားကြသည်။ ထိုကြောင့် ပြည်ထောင်စုပါလီမန် အခြေခံဥပဒေများသည် များသောအားဖြင့် ကြပ်တည်းသော အခြေခံဥပဒေများ ဖြစ်ကြသည်။

ခွဲထွက်ခွင့်

ပြည်ထောင်စုနိုင်ငံဆိုသည်မှာ လွတ်လပ်သော ပြည်ထောင်စုများ ဆန္ဒအလျှောက် ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပေရာ၊ သဘောတရားအားဖြင့် ဆန္ဒအလျှောက် ပြန်လည်ခွဲထွက် နိုင်ခွင့်လည်းရှိရပေမည်။ သို့သော် ယခု မျက် မှောက် ကာလတွင် ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား ပြည်ထောင်စုနှင့် မြန်မာပြည်ထောင်စုတို့၏ အခြေခံဥပဒေများတွင်သာ ပြည်နယ်များ ခွဲထွက်လိုက ခွဲထွက်နိုင်သော အခွင့်အရေးများ ပြဌာန်း ဖေါ်ပြထားလေသည်။

တပြည်ထောင်စံနစ်

ကျွန်တော်တို့လိုလားသော ပြည်ထောင်စုစစ်စစ်မျိုးမှ မရလျှင် လက်ရှိ ပြည်ထောင် စုမစစ်တစစ်အတိုင်း ဆက်နေမည့်အစား ခွဲထွက်ပြီး သီးခြားသမ္မတနိုင်ငံ ထူထောင်လျှင် ထူထောင်၊ သို့မဟုတ် Unitary ခေါ် တပြည် ထောင်စံနစ်လုပ်ပစ်လိုက် ဟူ၍ စိတ်လိုက် မာန်ပါ ပြောဆိုသောပုဂ္ဂိုလ်အချို့ ရှမ်းပြည်တွင် ရှိကြသည်။

Unitary ခေါ် တပြည်ထောင်စနစ် (ဝါ) အစိုးရတဖွဲ့စနစ် ဆိုသည်မှာ အာဏာနှင့် အခွင့်အရေးများကို ဗဟိုအစိုးရသည် တဦးတည်းအာဏာပိုင်အဖြစ်ဖြင့် အသုံးပြုသည်။ မိမိသဘောအလျှောက် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းပြီး အာဏာအပ်နှင်းလိုက အပ်နှင်းနိုင်သည်။ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များသို့ အပ်နှင်းထားသော အာ ဏာများကိုလည်း အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်လေသည်။ ဒေသန္တရအုပ်ချုပ်ရေးမထားဘဲ တိုင်းမင်းကြီး ခရိုင်၀န်များမှတဆင့် အုပ်ချုပ်စေလိုကလည်း အုပ်ချုပ်စေနိုင်လေသည်။ တနည်းအားဖြင့်ဆိုလျှင် တပြည် ထောင် စံနစ်တွင် ဒေသန္တရအစိုးရများသည် ဗဟိုအစိုးရ၏ လက်ခုတ်တွင်းမှ ရေကဲ့သို့ သွန်လိုသွန် မှောက်လိုမှောက်နိုင်သော ဘ၀တွင် ကျရောက်နေသည်။ “ကျားသနားမှ နွားချမ်းသာ” ဘ၀မျိုးပင် ဖြစ်သည်၊ တပြည် ထောင်စံနစ်မှာ သဘော တရားရေးအားဖြင့် ယင်းသို့ဖြစ်သော်လည်း လက်တွေ့အုပ်ချုပ်ကြရာတွင် ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ နိုင်ငံများရှိ ဒေသန္တရအစိုးရများသည် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များနည်းတူ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာများ ရရှိနေကြသည်ဟု ဆိုကြသည်။

တပြည်ထောင်စံနစ်သည် လက်ရှိ မြန်မာပြည်ထောင်စုအတွက် ဘယ်နည်းနှင့်မျှ မသင့်လျှော်ပေ။ ဗမာပြည်မတွင် လူမျိုးကြီးဝါဒ လွှမ်းမိုးနေသမျှ ကာလပတ်လုံး ပြည်နယ်များတွင် ဗမာအပေါ်မသင်္ကာမနှင့် စိုးရိမ်မျှ လွှမ်းမိုးနေသမျှ ကာလပတ်လုံး တပြည်ထောင်စံနစ်သည် အောင်မြင်လိမ့်မည်မဟုတ်ပေ။ အခြေအနေပို၍ပင် ဆိုးသွမ်းစေလိမ့်မည်။

၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာမသိမ်းမီကာလတွင် ပြည်ထောင်စုအတွင်း Federal နှင့် ပတ်သက်၍ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာတွေ တောင်းဆိုခဲ့သလဲ စသည်တို့ကို အဖက်ဖက်မှ အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ ဆဝါးခန့်မှန်းနိုင်ကြပါရန် ထိုစဉ်အချိန်က ပါဝင်ပတ်သက်ခဲ့သူအချို့၏ သ ဘောထားမှတ်ချက်မှာကို စုဆောင်တင်ပြသွားမည် ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း၊ မမှန်မကန် ပြင်ဆင်ရေးသားခြင်း ပြုမည်မဟုတ်ပါကြောင်း အာမခံပါတယ်။

မိမိတို့ ခံစားချက်အရ အမြင်အမျိုးမျိုး ရှိနိုင်သော်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏ အပြောအဆို အပြုအမူကြောင့် မိမိတို့ချစ်သော ပြည်ထောင်စုအား မထိခိုက်ပါစေရန် တိုင်းရင်းသားအချင်းချင်း အမုန်းပွားစေနိုင်သော Comment များကို မပေးကြပါရန် ကြိုတင်မေတ္တာရပ်ပါတယ်။


ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၃)
― တောင်ကြီး ဦးထွန်းမြင့်
၂.၂ အခြားတိုင်းပြည်များမှ ပြည်ထောင်စုစနစ်ကို လေ့လာသုံးသပ်နှိုင်းယှဉ်ခြင်းပြည်ထောင်စုစံနစ် ကို လေ့လာကြသည့်အခါ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်ပြည်ထောင်စုအစိုးရကို စံနမူနာအဖြစ်ထားပြီး လေ့လာလေ့ရှိသည်။ ကနေဒါနှင့် သြစတေးလီးယားတို့ကို အရံပြည်ထောင်စုများအဖြစ်ထားပြီး လေ့လာကြသည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်ပြည်ထောင်စုတို့မှာ ပြည်ထောင်စု စစ်စစ်ကြီးများ ဖြစ်ကြ၍၎င်း၊ ကနေဒါနှင့်သြစတေးလီးယား တို့မှာ ပြည်ထောင်စုဆိုသော်လည်း အာဏာခွဲဝေပုံ ခွဲဝေနည်းမှာ တပြည်နှင့်တပြည် ဖြောင့်ဖြောင့် ဆန့်ကျင့်နေ၍၎င်း၊သာဓကတင်ပြရန် လွယ်ကူသောကြောင့်ဖြစ်သည်။

ဆိုဗီယက်ယူနီယံသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး ပြည်ထောင်စုစံနစ်ဖြစ်သည် ဟု ဆိုရပေမည်၊ ဆိုဗီယက်ယူနီယံသည် အမေရိကန်၊ ဆွစ်ဇာလန်တို့ကဲ့သို့ လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော (ပြည်နယ်များ) စုပေါင်းထားသည် သာမဟုတ် ထိုထက်မက လွတ်လပ်၍အချုပ်အခြာ အာဏာပိုင်သော (Federal Republics) ပြည်ထောင်စုများ စုပေါင်းထားလေသည်။

ဆိုဗီယက်ယူနီယံသည် ပြည်ထောင်စု ၃ ဆင့်ဖြစ်သည် ဟု ဆိုရပေမည်။ ဥပမာဆိုဗီယက်ယူနီယံတွင် ပါဝင်သော ရုရှားပြည်ထောင်စုတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသများ ပေါင်းစည်းထားသော ပြည်ထောင်စုသမ္မတနိုင်ငံ (၁၂) နိုင်ငံ ပါဝင်လျှက်ရှိသည်။ ယူကရိန်း၊ အဇာဘိုင်ဂျန်၊တာဂျစ်၊ ခါဇတ်၊ ဘိုင်လိုရုရှား၊ တပ်ခမင်း၊ ခါဇစ် သမ္မတနိုင်ငံ များသည်လည်း အလားတူ ပြည်ထောင်စုများ ဖြစ်ကြသည်။ ဆိုဗီယက်ယူနီယံတွင် ပါဝင်သော ပြည်ထောင်စု သမ္မတနိုင်ငံများသည် လွတ်လပ်စွာခွဲထွက်နိုင်သော အခွင့်အရေးရှိကြသည်သာမက နိုင်ငံခြားများနှင့်တိုက်ရိုက်ဆက်သွယ်ခွင့် သံတမန်လဲလှယ်ခွင့်များ ရရှိကြပြီး ကိုယ်ပိုင်စစ်တပ်များ ဖွဲ့စည်းခွင့်ပင် ရရှိထားကြလေသည်။

ကျွန်တော်တို့ မြန်မာပြည်ထောင်စုသည် လက်ရှိအခြေအနေအရ ဆိုဗီယက်ယူနီယံ ကဲ့သို့ မြင့်မား တိုးတက်သောအဆင့်သို့ တက်လှန်းရန်မမျှော်မှန်းနိုင်သေးပါ၊ အမေရိကန်နှင့် ဆွစ်ဇာလန် ပြည်ထောင်စု ပုံစံမျိုးရရှိနိုင်ရန် အထူးကြိုးပမ်းကြရပေဦးမည်။

အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန် ပြည်ထောင်စုတို့၏ ပုံစံနှင့် စံနစ်များကို အကြမ်းအားဖြင့် လေ့လာကြည့်ပါစို့။

(က) အမေရိကန် ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စုသည် အမေရိကန် လွတ်မြောက်ရေးစစ်ပွဲမှ ပေါက်ဖွားလာခဲ့သည်။ လွတ်မြောက်ရေးစစ်ပွဲ မတိုင်မှီကဆိုလျှင် နောင်တွင် အမေရိကန်ပြည်ထောင်စု ဟု ခေါ်တွင်သော ပြည်နယ် (၁၃) နယ်မှာ ဗြိတိ သျှ၏ သီးခြားကိုလိုနီများ ဖြစ်ကြသည်။ ကိုလိုနီတခုလျှင်သီးခြားဘုရင်ခံနှင့် သီးခြားဥပဒေပြုအဖွဲ့ရှိကြသည်။

၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကိုလိုနီ (၁၃) နယ်သည် စုပေါင်း၍ “လွတ်လပ်ရေး ကြေညာစာတမ်းကြီး”ကို တညီတညွှတ်တည်း ထုတ်ပြန် ကြေညာလိုက်ကြသည်။

သို့ဖြင့် ဗြိတိသျှကိုလိုနီ (၁၃) နယ်မှာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအသီးသီး ဖြစ်လာကြသည်။ သို့ရာတွင် လွတ်မြောက်ရေးစစ်ပွဲ ဆုံးခန်းတိုင်အောင် ဆက်လက် ဆင်နွှဲရန်နှင့် ရပြီးသော လွတ်လပ်ရေးကိုထိန်း သိမ်းကာကွယ်ရန်အတွက် (၁၃) နိုင်ငံသည်ပူးတွဲဆောင်ရွက်ရန် လိုအပ်သည့်အတိုင်း ၁၇၇၇ ခုနှစ်၊ နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် မိတ်သဟာယ ပဋိညဉ်စာချုပ်တရပ်ကို ရေးဆွဲချုပ်ဆိုကြသည်။

စာချုပ်အပိုဒ် (၁) တွင် ွှမိတ်သဟာအဖွဲ့အား အမေရိကန်ပြည်ထောင်စုဟု ခေါ်တွင်စေရမည်ဟု ဖေါ်ပြထား သည်။ သို့ရာတွင် ထိုအချိန်အထိ အမေရိကန်ပြည်ထောင်စုမှာ “ပြည်ထောင်စု” (Federation) မဟုတ်သေးပေ။ မိတ်သဟာအဖွဲ့ (Confederation) သာဖြစ်သေးသည်။

စာချုပ်အပိုဒ် (၂) တွင် ပြည်နယ်အသီးသီးသည် မိမိတို့၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို မိမိတို့၏ လက်ဝယ်တွင်ထားရှိကြောင်း၊ ထို့ပြင် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်သို့ အတိအကျ လွှဲအပ်ထားသော အာဏာနှင့်အခွင့်အရေး အားလုံးကို သိမ်းပိုက်ထားကြောင်းဖေါ်ပြထားသည်။

တနည်းအားဖြင့်ဆိုသော် ပြည်နယ်အသီးသီးသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံများအဖြစ် ဆက်လက်တည်ရှိပြီး အားလုံးနှင့်သက်ဆိုင်သော ကိစ္စများလောက်သာ ကွန်ဂရက်လွှတ်တော်သို့ လွှဲအပ်ထားကြလေသည်။

မည်သည့်ကိစ္စများကို လွှဲအပ်ထားသည်ကို ဖေါ်ပြထားခြင်းမရှိဘဲ ကွန်ဂရက်လွှတ်တော်တွင် စုဝေးကြသည့် အခါတွင်မှ မည်သည့်ကိစ္စများကို အတူတကွဆောင်ရွက်ကြမည် ဟူ၍သာ သဘောတူထားကြသည်။စာချုပ် အပိုဒ် (၃) တွင် အကျိုးတူပူးတွဲကာကွယ်ရေး၊ လွတ်လပ်ရေး၊ ခိုင်မြဲရေးနှင့် အပြန်အလှန် သို့မဟုတ် အများအ ကျိုးစီးပွားတို့အတွက် ခိုင်မာသော မဟာမိတ်အဖွဲ့အဖြစ်ဖွဲ့စည်းကြောင်း၊ ကျူးကျော်စော်ကားမှု တိုက်ခိုက်မှုအန္တရာယ်များ ပေါ်ပေါက်လာလျှင် တဦးကိုတဦးယိုင်းပင်းကူညီရန် သဘောတူညီကြောင်း ဖေါ်ပြထားသည်။

လွတ်မြောက်ရေးစစ်ပွဲကြီး ပြီးဆုံးသွားသည့်နောက်ပိုင်းတွင် စစ်ဘေးစစ်ဒဏ်နှင့် ပြဿနာအရပ်ရပ်တို့ကို ဖြေရှင်းသည့်အခါ ကွန်ဂရက်သို့လွှဲအပ်ထားသော အာဏာများ မလုံလောက် ဖြစ်လာလေသည်။ သို့သော် ဗြိတိသျှကိုလိုနီဘဝမှ လွတ်လပ်ခါစ ပြည်နယ်များသည်တသီးပုဂလြစိတ်ဓါတ် ပြင်းထန်နေဆဲဖြစ်သည်။ တချို့ ပြည် နယ်များသည် ကွန်ဂရက်အား လွှဲအပ်ထားသည့် ထိုမျှလောက်သော အာဏာကိုပင် များသေးသည်ဟု ယူဆကြသည်။ ပြ၏နာနှင့် အခက်အခဲများသည် ကြီးမားသည်ထက်ကြီးမားလာရာ၊ ၁၇၈၇ ခုနှစ် ဖေဖေါ်ဝါရီလတွင်ကျင်း ပသောကွန်ဂရက် လွှတ်တော်က မိတ်သဟာအဖွဲ့သည် ပြည်ထောင်စုတည်မြဲရေးနှင့် အုပ်ချုပ်ရေး ကိစ္စအရပ်ရပ်အတွက် အပြည့်အဝ ဖြည့်စွမ်းနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုကြောင့်မိတ်သဟာအဖွဲ့ ပဋိညဉ်စာချုပ်ကို ပြန်လည်စီစဉ် သုံးသပ်ပြီး ပြည်ထောင် စုတည်တန့်ခိုင်မြဲရေးနှင့် အုပ်ချုပ်ရေး ကိစ္စအရပ်ရပ်အတွက် လုံ လောက်သော ပြဌာန်းချက်များ ပါဝင်သည့် ပြည် ထောင်စုအခြေခံဥပဒေ တရပ်ကို ရေးဆွဲရန် လာမည့်မေလတွင် ဖီလာဒဲလ်ဖီးယားမြို့၌ ညီလာခံသဘင်ကျင်းပရန် ဆုံးဖြတ်ကြောင်း ကြေညာလေသည်။

ထိုညီလာခံသဘင်တွင် ဂျော့ဝါရှင်တန်အား ညီလာခံသဘင်၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ကြသည်။ မိတ်သဟာယအဖွဲ့ ပဋိညဉ်စာချုပ်ကို ပြန်လည် မစီစစ်တော့ဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအသစ်တခုကို ရေးဆွဲလိုက်ကြသည်။ လက်ရှိ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ထိုအခါကစ၍ ပေါက်ဖွားလာခဲ့သည်။

ယခု ပြည်ထောင်စု မြန်မာနိုင်ငံတွင် အချင်းချင်းစိုးရိမ်မှု မယုံကြည်မှုများ ရှိသလို ထိုစဉ်က အမေရိကန်ပြည် ထောင်စု (၁၃) ပြည်နယ်တွင်လည်းရှိခဲ့ကြသည်။ ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်မအဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့များ သီး ခြားလွတ်လပ်မှုရှိကြသော်လည်း အဆုံးစွန်အာဏာများပေးမထားဘဲ၊ တဌာနနှင့် တဌာန အပြန်အလှန် ချုပ် ထိန်းထားကြသည်ကို အမေရိကန် အခြေခံဥပဒေတွင် တွေ့မြင်နိုင်ပေသည်။ (Checks and Balances)အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေကို ရေးဆွဲကြသည့်ပုဂ္ဂိုလ်များသည် အောက်ပါမူကြီး ၄ ချက်ကို စွဲစွဲမြဲမြဲ နှလုံ းသွင်းထားခဲ့ကြသည်။

၁ ။ အချုပ်အခြာအာဏာကို ပြည်သူပြည်သားများက ပိုင်ဆိုင်ရေး။
၂ ။ ပြည်သူပြည်သားတိုင်း လုံးဝ တန်းတူညီမျှမှုရရှိရေး။
၃ ။ အုပ်ချုပ်ရေးအဖွဲ့က အာဏာကို မတရားသောနည်းဖြင့် သိမ်းပိုက်ခြင်း၊ အလွဲသုံးစားပြုခြင်းတို့မှ ကာ ကွယ်ရေး။
၄ ။ ပြည်နယ်များ၏ အခွင့်အရေးများကို ဗဟိုပြည်ထောင်စုမှ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရေး။ကွန်ဂ ရက်လွှတ်တော်

အမေရိကန်ကွန်ဂရက်ကို လွတ်မြောက်ရေးစစ်ပွဲ အတွင်းကဖွဲ့စည်းခဲ့သည်။ မူလက ဖွဲ့စည်းခဲ့စဉ်က ယခုခေတ် ပါလီမန်ကဲ့သို့ ဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းမဟုတ်ချေ။

ပါလီမန်ကဲ့သို့ ဆောင်ရွက်ရန် ရည်ရွယ်ခဲ့လျှင် ပါလီမန်ဟူ၍ပင် အမည်ပေးကောင်း ပေးခဲ့ပေမည်။ အမေရိကန် ခေါင်းဆောင်များသည် ကွန်ဂရက်ဟူသော အမည်ကို တမင်ကလာရွေးချယ်ခဲ့ကြသည်။ အထက်တွင်ဖေါ်ပြသကဲ့သို့ (၁၃) ပြည်နယ်များသည် ပြည်ထောင်စုဖွဲ့စည်းရန်မကြံရွယ်ခဲ့ပါ၊ မိတ်သဟာယ အဖွဲ့မျိုးသာ ဖွဲ့စည်းခဲ့သည်။ ထိုကြောင့် ယခုခေတ်နိုင်ငံရေး အဖွဲ့အစည်းများ တပ်ပေါင်းစုဖွဲ့သည့် နည်းတူ တူညီသော လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် ကွန်ဂရက်ဖွဲ့ကြခြင်းဖြစ်သည်။

အထက်တွင် ဖေါ်ပြသည့်အတိုင်း လွတ်မြောက်ရေးစစ်ပွဲပြီ်းသည့် နောက်ပိုင်းတွင် အခြေအနေအရ ပိုမို တိ ကျသော ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ခဲ့သည်။ ထိုကြောင့် တိကျသော အခြေခံဥပဒေကို ရေးဆွဲကြသည်။

ကွန်ဂရက်သည် မူလရည်ရွယ်ခဲ့သည်မှ လွှဲပြောင်းခါ ပါလီမန် အသွင်သို့ ဖြစ်လာခဲ့သည်။ အမေရိကန်ကွန်ဂရက်တွင် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representatives) ဟူ၍ လွှတ်တော် ၂ ရပ်ပါဝင်သည်။

အမေရိကန်ပြည်ထောင်စု စတင်တည်ထောင်စဉ်က ပြည်နယ် (၁၃) နယ်သာ ပါဝင်ခဲ့သော်လည်း၊ ယခုအခါ ပြည်နယ်ပေါင်း (၅၀) ပြည့်သွားလေပြီ။ အောက်လွှတ်တော်အတွက် လူဦးရေအချိုးအစားအရ အမတ်များရွေး ကောက်တင်မြှောက်ရရာ အမတ်ဦးရေ စုစုပေါင်း ၄၃၇ယောက်ရှိသည်။ အထက်လွှတ်တော်အတွက် ပြည် နယ် တနယ်လျှင် အမတ်ဦးရေ ၂ ယောက်စီ ရွေးကောက်ကြရသဖြင့် အထက်လွှတ်တော်အမတ် စုစုပေါင်း ၁၀၀ ရှိသည်။

အထက်လွှတ်တော်အမတ်၏ သက်တမ်းသည် ၆ နှစ် ဖြစ်သော်လည်း အထက်လွှတ်တော်သည် အစဉ်အမြဲတည်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အထက်လွှတ်တော်အမတ်သုံးပုံတပုံသည် ၂ နှစ်တကြိမ် အလှည့်ကျနှုတ်ထွက်ပေးရပြီး အသစ်ပြန်လည်ရွေးကောက်ရသောကြောင့် ဖြစ်လေသည်။ ဤနည်းဖြင့် အမေရိကန်အ ထက် လွှတ်တော်တွင် အတွေ့အကြုံရင့်ကျက်သောပုဂ္ဂိုလ်များ အစဉ်အမြဲတည်ရှိနေသည်။

အောက်လွှတ်တော် အမတ်၏သက်တမ်းမှာ ၂ နှစ်သာရှိသည်၊ အောက်လွှတ်တော် တရပ်လုံး၏ ရွေးကောက်ပွဲကို ၂ နှစ် တကြိမ်ရွေးကောက်ရသည်။ အမေရိကန် သမ္မတကို ၄ နှစ်တကြိမ် ရွေးကောက်ရရအောက်လွှတ်တော် အမတ်အားလုံးနှင့် အထက်လွှတ်တော်အမတ်သုံးပုံတပုံကို သမ္မတနှင့် တချိန်တည်း တကြိမ်ရွေးကောက်ကြပြီး သမ္မတ၏ သက်တမ်း တဝက်တိတိတွင် တကြိမ်ရွေးကောက်ရသည်။

အမေရိကန်လွှတ်တော် ၂ ရပ်စလုံးသည် ဥပဒေပြုရန် အာဏာတန်းတူ ရရှိကြသည်။ သို့သော် ငွေဥပဒေကြမ်းများကို အောက်လွှတ်တော်တွင်သာ စတင်တင်သွင်းနိုင်သည်။ ဥပဒေကြမ်းများကို လွှတ်တော် ၂ ရပ်စလုံးမှ အတည်ပြုပြီးသည့်နောက် သမ္မတထံသို့လက်မှတ်ရေးထိုးရန် ပေးပို့ရသည်။ သမ္မတသည် ဗီတိုအာဏာသုံးပြီး ဥပဒေကြမ်းကို ပယ်ချနိုင်ခွင့်ရှိသည်။ တနည်းအားဖြင့် လက်မှတ်မထိုးဘဲနေနိုင်သည်။ သို့ရာတွင် လွှတ်တော် ၂ ရပ်သည် သုံးပုံ နှစ်ပုံမဲဖြင့်ပြန်၍ အတည် ပြုလျှင် ထိုဥပဒေကြမ်းများသည် သမ္မတလက်မှတ်မထိုးသော်လည်း အလိုအလျှောက် အက်ဥပဒေအဖြစ် အ တည်ဖြစ်လေသည်။

အမေရိကန် ဒုတိယသမ္မတသည် ရာထူးအလျှောက် အထက်လွှတ်တော်၏ ဥက္ကဌ ဖြစ်သည်။ အမေရိကန် အထက်လွှတ်တော်၏ ထူးခြားချက်မှာ အထက်လွှတ်တော်သည် ဥပဒေပြုရေး ကိစ္စတခုတည်းသာမက တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး အာဏာများလည်း ရရှိထားသည်။
 
တရားစီရင်နိုင်ခွင့် ဆိုရာ၌ သာမန်တရားစီရင်ရေးကို ဆိုလိုခြင်းမဟုတ်ပါ၊သမ္မတ၊ ဒုတိယသမ္မတနှင့် အခြားပုဂ္ဂိုလ်လ်ကြီးများတို့အပေါ် ပြစ်တင် စွပ်စွဲချက်များပေါ်ပေါက်လာသော် အထက်လွှတ်တော်သည် တရားစီရင်ရသည်။ အထက်လွှတ်တော်တွင် စီမံခန့်ခွဲရေးကော်မတီ၊ ဘဏ္ဍာရေးကော်မီတီ၊ နိုင်ငံခြားဆက်သွယ်ရေးကော်မီတီ၊ စစ်ရေးကော်မီတီစသည်ဖြင့် အာဏာအပြည့်အစုံရှိသောကော်မီတီများ ဖွဲ့စည်းထားရသဖြင့် အုပ်ချုပ်ရေးဌာနများအပေါ် ကြီးမားစွာ သြဇာသက်ရောက်မှုရှိလေသည်။ ထို့ပြင် အမေရိကန် အထက်လွှတ်တော်ကသာ သမ္မတခန့်အပ်သော ဝန် ကြီး အစရှိသည့် ရာထူးကြီးများနှင့်နိုင်ငံခြားနှင့်ချုပ်ဆိုသော စာချုပ်စာတမ်းများကို အတည်ပြုရလေသည်၊ ထို့ကြောင့် အမေရိကန်အထက်လွှတ် တော်သည် လက်တွေ့့ အောက်လွှတ်တော်ထက် ပို၍အာဏာရှိပြီး ပို၍ ဂုဏ်ရှိသည်ဟု ဆိုကြသည်။ အောက် လွှတ်တော်မှာ အထက်လွှတ်တော်၏သဘောတူညီမှုမရှိလျှင် ဘာမျှမလုပ်နိုင်ချေ။

အမေရိကန်အစိုးရ

အမေရိကန်ပြည်ထောင်စုသည် ပြည်ထောင်စု စစ်စစ်ဖြစ်သည့်အတိုင်း ဗဟိုအစိုးရသည် အများနှင့်ဆိုင်သော အာဏာနှင့် အခွင့်အရေး အကန့်အသတ်အနည်းငယ်သာယူပြီး ကျန်အာဏာများအားလုံးကို ပြည်နယ်အစိုးရများသို့ အပ်နှင်းထားသည်။ ထို့ကြောင့် အမေရိကန်ဗဟိုအစိုးရတွင်ဌာန ၁၀ ခုနှင့်ဝန်ကြီး ၁၀ ဦးသာထားရှိလေသည်။ ၎င်းဌာန ၁၀ ခုမှာ (၁) ငွေတိုက်ဌာန၊ (၂) စစ်ဌာန၊ (၃) စာတိုက်ဌာန၊ (၄) ရေတပ်ဌာန၊ (၅) ပြည်ထဲရေးဌာန၊ (၆) စိုက်ပျိုးရေးဌာန၊ (၇) အလုပ်သမားဌာန၊ (၈) ကူးသန်းရောင်းဝယ်ရေးဌာန၊ (၉) တရားရေးဌာန၊(၁၀) နိုင်ငံခြား ရေးဌာန တို့ဖြစ်သည်။

ထိုဌာနအကြီးအကဲများကို အခြားနိုင်ငံ အုပ်ချုပ်ရေးများနှင့် နိင်းယှဉ်၍ဖြစ်စေ၊ မြန်မာအခေါ်အဝေါ်နှင့်ဖြစ်စေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ခေါ်ဝေါ်သော်လည်း အမှန်စင်စစ် အမေရိကန်သမ္မတ၏ အတွင်းရေးအတွင်းဝန်များ သာဖြစ်သည်။ ထိုဝန်ကြီးများသည် ကွန်ဂရက်လွှတ်တော်အမတ်များလည်းမဟုတ်၊ ကွန်ဂရက်လွှတ်တော်ကိုလည်း တာဝန်မခံ၊ သမ္မတကိုသာ တာဝန်ခံကြသည်။

ထိုဝန်ကြီးများသည် အမေရိကန်သမ္မတက အထက်လွှတ်တော်၏ “ သဘောတူညီချက် ” ဖြင့်ခန့်အပ်ထားသူများ ဖြစ်သည်၊ အထက်လွှတ်တော်၏ သဘောတူညီချက်ဆိုသည်မှာ အမှန်စင်စစ် လူကြားကောင်းရုံမျှသာဖြစ်သည်။ သမ္မတ၏ သဘောအတိုင်း ခန့်အပ်သူများကိုအထက်လွှတ်တော်က လိုက်ပြီးသဘောတူပေးရခြင်းသာ ဖြစ် သည်။

အထက်လွှတ်တော်သည် အမတ်များပါဝင်ဖွဲ့စည်းထားသော ကော်မီတီအသီးသီးမှတဆင့် ဤအစိုးရဌာနများကို သြဇာပေးနိုင်လေသည်။ ဒုတိယသမ္မတသည် ရာထူးအလျှောက် အထက်လွှတ်တော်၏ ဥက္ကဌဖြစ်လေရာ၊ သမ္မ တ မရှိသည့် အခါကြမှသာ တာဝန်ဝတ္တရားဆောင်ရွက်ရသည် မဟုတ်ဘဲ၊ အုပ်ချုပ်ရေးဌာနများအား တိုက် ရိုက် ကြိုးကိုင်နိုင်ခွင့်ရှိသည်။

အမေရိကန်သမ္မတ

အမေရိကန်သမ္မတဖြစ်ရန် အသက် ၃၅ နှစ်ပြည့်ရမည့်အပြင် အမေရိကန် ပြည်ထောင်စုတွင် ၁၄ နှစ်တိုင်တိုင် နေထိုင်သူလည်း ဖြစ်ရလေသည်။ ထို့ပြင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မဟုတ်ရဘဲ မွေးကတည်းက နိုင်ငံသားဖြစ်သူသာ သမ္မတအဖြစ် အရွေးခံနိုင်ခွင့်ရှိလေသည်။ အမေရိကန်သမ္မတနှင့် ဒုတိယသမ္မတတို့အား ၄ နှစ်တကြိမ် ရွေးကောက်တင်မြှောက်ရသည်။ ရွေးကောက်ပုံ ရွေးကောက်နည်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမေရိကန်သမ္မတနှင့် ဒုတိယသမ္မတကို ပြည်သူပြည်သားများက တိုက်ရိုက် ရွေးကောက်သည်ဆိုသော်လည်း၊ အမှန်အားဖြင့် ၂ ဆင့် ရွေးကောက်ရသည်။ ပဌမ အဆင့်တွင် ပြည်နယ်များသည် မိမိတို့ပြည်နယ်၏ ကွန်ဂရက်လွှတ်တော် ၂ ရပ်သို့ စေလွှတ်ခွင့် ရှိသောအမတ်ဦးရေနှင့် အညီအမျှ ရွေးချယ်သူ Electors များအား အများပြည်သူ မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ရသည်။ ဥပမာ ပြည်နယ်တနယ်သည် ကွန်ဂရက်လွှတ်တော်သို့ အမတ် ၃၀၊ အထက်လွှတ်တော်သို့အမတ် ၂ ဦး စေလွှတ်ခွင့်ရှိလျှင် ထိုပြည်နယ်တွင် ရွေးချယ်သူ ၃၂ ဦးရွေးကောက်တင်ရသည်။

ရွေးချယ်သူများသည် ကွန်ဂရက်လွှတ်တော်တရပ်ရပ်၏ အမတ် သို့တည်းမဟုတ် အကျိုးအမြတ်ရာထူးတခုခု၌ ထမ်းရွက်နေသူများ မဟုတ်စေရပါ။ ဒုတိယအဆင့်အနေဖြင့် ထိုရွေးချယ်သူများက တဖန် မိမိတို့ကြိုက်နှစ်သက်သော သမ္မတနှင့် ဒုတိယသမ္မတကိုမဲဆန္ဒပေးကြရသည်။

ယခုအခါ အမေရိကန်ကွန်ဂရက်တွင် အထက်လွှတ်တော်အမတ် ၁၀၀ နှင့် အောက်လွှတ်တော်အမတ် ၄၃၇ ဦးရှိရာလွန်ခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် အမေရိကန်မဲဆန္ဒရှင် ၆၇ သန်းကျော်တို့သည် ပြည်နယ်အသီးသီးတွင် ရွေးချယ်သူပေါင်း၊ ၅၃၇ ဦးကိုလျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်။

ဒီမိုကရက်တစ် သမ္မတလောင်း ကနေဒီသည် မိမိကိုမဲပေးမည့် ရွေးချယ်သူ သုံးရာကျော်ရထားသည့်အတွက် သမ္မတဖြစ်မည့်သူဟူ၍ ကမ္ဘာက အသိအမှတ်ပြုထားကြသည်။

အခြေခံဥပဒေအရဆိုလျှင် သမ္မတရွေးချယ်ရန် ရွေးချယ်သူများသည် လာမည့် ဇန်နဝါရီလ ဒုတိယ တနင်းလာနေ့တွင် သက်ဆိုင်ရာပြည်နယ်မျာ့း စုဝေး၍ မဲဆန္ဒပေးကြရပါမည်။

အမေရိကန်ပြည်ထောင်စုတွင် ပါတီစနစ်နှင့် ဒီမိုကရေစီကျင့်သုံးမှု အလွန်ရင့်ကျက်နေ၍သာ ဤစနစ်သည်အောင်မြင်ပြီး ယခုကပင် ကနေဒီအား သမ္မတဖြစ်မည့်သူဟူ၍ ကြေညာနိုင်ခြင်း ဖြစ်လေသည်။ ဗမာပြည်လို နေ ရာမျိုးမှာသာဆိုလျှင် နိုဝင်္ဘာလ ၇ ရက်နေ့ ဒီဘက်ပိုင်းတွင်အရွေးခံရသော ရွေးချယ်သူများအား တည်မြဲ သန့်ရှင်းကွဲစဉ်က အမတ်များကဲ့သို့ တံတိုင်း အထပ်ထပ်ကာထားပြီး အထူးစောင့်ရှောက်ထားရပေလိမ့်မည်။

အမေရိကန်သမ္မတရာထူးသည် ယခုအခါကမ္ဘာ့ ကံကြမ္မာကို ဖန်တီးနိုင်စွမ်းရှိလောက်အောင် တန်ခိုးထက်မြတ်နေပေသည်။ ၄ နှစ်သက်တန်းအတွင်း အမေရိကန်ပြည်သူတို့အပေါ် အာဏာရှင်တမျှ တန်ခိုးသြဇာကြီးမားပေသည်။

အမေရိကန်တရားစီရင်ရေး

အမေရိကန်ပြည်ထောင်စုတွင် ပြည်ထောင်စု တရားရုံးများတစင်တဖွဲ့ သီးခြား၊ ပြည်နယ်တရားရုံးများ တစင်တဖွဲ့သီးခြား ထားရှိလေသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အခွင့်အာဏာ ၃ ရပ်သာယူထားသည်။
(၁) အခြေခံဥပဒေ၊ တရားဥပဒေများနှင့် စာချုပ်စာတမ်းများမှ ပေါ်ပေါက်လာသော ကိစ္စများ။
(၂) သံတမန်များနှင့် ပင်လယ်ရေကြောင်း စီရင်ပိုင်ခွင့်အာဏာနှင့်သက်ဆိုင်သော ကိစ္စများ။
(၃) ပြည်ထောင်စုနှင့် ပြည်နယ်အငြင်းပွားမ၊ သို့မဟုတ် ပြည်နယ်အချင်းချင်း အငြင်းပွားမှု၊ သို့မဟုတ် ပြည် ထောင်စုနှင့် နိုင်ငံခြားများ အငြင်းပွားမှုကိစ္စများ။

အခြေခံ ဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရေးသည် အမေရိကန် တရားလွှတ်တော်ချုပ်၏ အဓိကတာဝန်ဖြစ်ပေသည်။

အမေရိကန် ပြည်နယ်များ

အမေရိကန်ပြည်နယ် ၅၀ မှာ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိသော သမ္မတနိုင်ငံများဖြစ်ကြသည်။ ပြည်နယ်သမ္မ တများကို ယခင်ကိုလိုနီ အစဉ်အလာတိုင်း ဂေါ်ဝါနာ (Governor) ဟုခေါ်ဝေါ်ကြသည်။ ပြည်နယ်သမ္မတများ သည် အများပြည်သူ ဆန္ဒမဲဖြင့်ရွေးကောက်တင်မြှောက်ခံရပြီး ပြည်နယ်အတွင်းတွင် ပြည်ထောင်စုသမ္မတကဲ့သို့ပင် တန်ခိုးအာဏာ အလွန်ကြီးမားပေသည်။

ပြည်နယ်တိုင်းသည် သူ့အခြေခံဥပဒေနှင့်သူ အတိအကျရှိကြသည်။ ဥပဒေပြုလွတ်တော်များလည်း အထက် လွှတ်တော်အောက်လွှတ်တော် ဟူ၍ရှိကြသည်။ တရားရုံးများလည်း တရားလွှတ်တော်ချုပ်မှ အောက်ရုံးအထိ တစင်တဖွဲ့ ရှိကြသည်။ ပြည်နယ်များသည်။
 
ကိုယ်ပိုင်ကာကွယ်ရေးအဖွဲ့များ (Militia) ထားနိုင်ခွင့်ရှ်ိသည်။ သို့သော် အမေရိကန်ပြည်နယ်များသည် ဆိုဗီ 
ယက် ယူနီယံမှာကဲ့သို့ နိုင်ငံခြားနှင့်တိုက်ရိုက် သံတမန်ဆက်သွယ်ခွင့်နှင့် ခွဲထွက်နိုင်သော အခွင့်အရေးများ ခံစားခွင့် မရှိကြချေ။

အမေရိကန်ပြည်ထောင်စုတွင် ဗဟိုနှင့်ပြည်နယ်များ အာဏာခွဲဝေရေး နှင့်ပတ်သက်၍ မစ္စတာဘရိုက်စ်က ပြည် နယ်များသည် အများဆုံးရပြီး ဗဟိုသည်အမြင့်ဆုံးကို ယူထားသည်။ ဤနည်းအားဖြင့် ဌာန ၂ ခုအကြားချိန်ခွင်ညှာကို ထိန်းသိမ်းထားသည်ဟု ပြောဆိုလေသည်။

The state gets the most but the nation the highest so that the balance between the two is preserved.

၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာမသိမ်းမီကာလတွင် ပြည်ထောင်စုအတွင်း Federal နှင့် ပတ်သက်၍ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာတွေ တောင်းဆိုခဲ့သလဲ စသည်တို့ကို အဖက်ဖက်မှ အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ ဆဝါးခန့်မှန်းနိုင်ကြပါရန် ထိုစဉ်အချိန်က ပါဝင်ပတ်သက်ခဲ့သူအချို့၏ သ ဘောထားမှတ်ချက်မှာကို စုဆောင်တင်ပြသွားမည် ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း၊ မမှန်မကန် ပြင်ဆင်ရေးသားခြင်း ပြုမည်မဟုတ်ပါကြောင်း အာမခံပါတယ်။

မိမိတို့ ခံစားချက်အရ အမြင်အမျိုးမျိုး ရှိနိုင်သော်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏ အပြောအဆို အပြုအမူကြောင့် မိမိတို့ချစ်သော ပြည်ထောင်စုအား မထိခိုက်ပါစေရန် တိုင်းရင်းသားအချင်းချင်း အမုန်းပွားစေနိုင်သော Comment များကို မပေးကြပါရန် ကြိုတင်မေတ္တာရပ်ပါတယ်။


ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၄)
― တောင်ကြီး ဦးထွန်းမြင့်
(ခ) ဆွစ်ဇာလန်ပြည်ထောင်စု

ဆွစ်ဇာလန် ပြည်ထောင်စု၏ အခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ဒီမိုကရေစီ အပြည့်ဝဆုံး ဖြစ်သည်ဟုဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ဆွစ်ဇာလန်ပြည်တွင် ပြည်သူပြည်သားများသည် ဒီမိုကရေစီအာဏာကို တိုက် ရိုက်အသုံးပြုခွင့် ရှိခြင်းကြောင့်ဖြစ်သည်။ (Direct Democracy)ဒီမိုကရေစီအာဏာ ကို ၃ နည်း ၃ မျိုး တိုက်ရိုက်အသုံးပြုကြသည်။

(၁) Landsgemeide ခေါ်လူထုအစည်းအဝေးကျင်းပ၍ ဆုံးဖြတ်နည်း။
(၂) Initiative မဲဆန္ဒရှင်များ လက်မှတ်ရေးထိုး၍ တောင်းဆိုနည်း။
(၃) Referendum ပြည်သူ့ ဆန္ဒပေးပွဲကျင်းပ၍ ဆုံးဖြတ်နည်း။

နံပါတ် ၁ နှင့် ၂ မှာကမ္ဘာပေါ်တွင် ဆွစ်ဇာလန်တပြည်တည့်းသာ ကျင့်သုံးသည်။ ပြည်သူ့ဆန္ဒပေးပွဲမှာ အချို့နိုင်ငံများတွင် သီးခြားကိစ္စအတွက် ကျင်းပပေးလေ့ရှိသည်။ မြန်မာပြည်ထောင်စု အခြေခံဥပဒေတွင် ပြည်နယ်ခွဲထွက်ရေးကိစ္စကို ဆုံးဖြတ်သည့်အခါ ပြည့်သူ့ဆန္ဒပေး ဆုံးဖြတ်စေရန် ပြဌာန်းထားသည်။ ပြည်သူလူထုက ဒီမိုကရေစီ အာဏာကို တိုက်ရိုက်အသုံးပြုနိုင်ခြင်းသည် ဆွစ်ဇာလန်ပြည်ထောင်စု၏ အထူးခြားဆုံးလက္ခဏာဖြစ်သည်။

ပြည်နယ် ၆ နယ်တွင် နှစ်စဉ်နှစ်တိုင်း ဧပြီလနောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကွင်းပြင်၌ လူထုစည်းဝေး၍ Landsgemeide ကျင်းပလေ့ရှိကြသည်။ ထိုလူထု စည်းဝေးပွဲတွင် အများပြည်သူနှင့်သက်ဆိုင်သော ကိစ္စများကို ဆွေးနွေးလေ့ရှိကြသည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ လိုအပ်လျှင် ပြည်နယ်၏ အခြေခံ ဥပဒေကိုပင် ထိုအစည်းအဝေးက ပြင်ဆင်ကြသည်။ တရားဥပဒေများကို ပြဌာန်းသည်။ အခွန်အတုတ်ကို စည်းကြပ်ခန့်ခွဲသည်။ ပြည်နယ်အစိုးရအပေါ်ထိထိရောက်ရောက် ကြိုးကိုင်ကြသည်။

ထိုလူထုစည်းဝေးပွဲများကိုလည်း စည်းကမ်းကျကျ ္ဗဍ္ဎေနရြရ သိက္ခာ သမါဓိရှိရှိဖြင့် ကျင်းပကြလေသည်။ ထိုကြောင့် ပါမောက္ခဘရွှတ် (Prof. Brooks) က ထိုစည်းဝေးပွဲများနှင့် ပတ်သက်၍ “ဒီမိုကရေစီ၏ အလွန်သဘာ ဝကျသော၊ အလွန်အရေးပါ အရာရောက်သော အလွန်နှစ်လိုဘွယ်ကောင်းသောလက္ခဏာ ဖြစ်ပါပေသည်” ဟု ထုတ်ဖေါ်ပြောကြားလေသည်။

ကျန်အခြားပြည်နယ်များတွင် လူထုစည်းဝေးပွဲ ကျင်းပမှုမျိုးမရှိသော်လည်း လက်မှတ်ရေးထိုး တောင်းဆိုနည်းနှင့် ပြည်သူ့ဆန္ဒပေးပွဲ ကျင်းပနည်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြလေသည်။

ပြည်နယ် ၁၁ နယ်တွင် တရားဥပဒေများ အတည်ပြုရန်ပြည်သူ့ဆန္ဒပေးပွဲ မလုပ်မနေရပေ၊ ပြည်နယ်အားလုံးသည် တရားဥပဒေ ပြုပေးရန် လက်မှတ်ရေးထိုးတောင်းဆိုနိုင်ခွင့် ရှိကြသည်။ သာမန်တရားဥပဒေအတွက် မဲ ဆန္ဒရှင်သုံးသောင်း လက်မှတ်ရေးထိုးတောင်းဆိုရပြီး အခြေခံဥပဒေပြင်ဆင်ရေးအတွက်၊ ငါးသောင်းက လက် မှတ်ရေးထိုး တောင်းဆိုရလေသည်။ ပြည်ထောင်စုအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူ့ဆန္ဒပေးပွဲ မကျင်းပဘဲ အတည်မပြုနိုင်ချေ။

ဆွစ်ဇာလန်ပြည်ထောင်စုသည် ၁၈၄၈ ခုနှစ် မတိုင်မှီ ပြည်ထောင်စု မဟုတ်သေးပါ၊ ရှေးတုံးကဆိုလျှင် အဲလ်ပ်စ် (Alps) တောင်တန်းတလျှောက်တွင် တည်ရှိသော ပြည်ထောင်ကလေးများသည် အကျိုးတူလုပ်ငန်းများအတွက် “တပ်ပေါင်းစု” သဘောဖွဲ့စည်း နေထိုင်ကြသည်။ ပြင်သစ်ဘုရင် နပိုလီယံသည် ဆွစ်ဇာလန်အား ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရှိရင်းပြည်ထောင်များကို ဖျက်သိမ်းကာ နယ်နိမိတ်အသစ် သတ်မှတ်ပေးပြီး၊ ၁၈ ခရိုင် ဖွဲ့ စည်းလိုက်သည်။ ထိုနောက် တပြည်ထောင်စံနစ် (Unitary) အခြေခံဥပဒေ ရေးဆွဲပေး လိုက်သည်။ ဆွစ်ဇာလန် အမျိုးသားများက လက်မခံ ငြင်းပယ်ကြသည်။ နပိုလီယံဘုရင်သည် ထိုအခြေခံဥပဒေကို ပြုပြင်ပြီး အတင် းအဓမ္မ လက်ခံစေပြန်ပါသည်။ သို့သော် မအောင်မြင်ချေ။ တဖန် နပိုလီယံဘုရင်သည် ပြည်ထောင်များအား ခွဲပြီး အခြေခံဥပဒေတခုစီဖြင့် အုပ်ချုပ်ပြန်သည်၊ နပိုလီယံဘုရင် ကျဆုံးသည်နှင့် တပြိုင်တည်း သူ၏စံနစ်လည်း ပျက်သုန်း သွားလေတော့သည်။ နပိုလီယံ၏ စိုးမိုးမှုအောက်တွင် ဆွစ်ဇာလန်ပြည်ထောင်အချင်းချင်း လက်တွဲ ဆောင်ရွက်ချက်များသည် နောင်ပြည်ထောင်စု ဖွဲ့စည်းရန် မျိုးစေ့ချပေးခဲ့သည်။

ဆွစ်ဇာလန်ပြည်ထောင်များသည် တပ်ပေါင်းစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြသည်၊ အမေရိကန်ပြည်ထောင်စု အစဦးပိုင်းကဲ့သို့ အကျိုးတူလုံခြုံရေး၊ နိုင်ငံခြားကျူးကျော် စော်ကားမှုများမှ ကာကွယ်ရေး၊ လွတ်လပ်ရေး၊ ထိန်း သိမ်းရေး၊ ပြည်တွင်းငြိမ်ဝပ်ပိပြားရေးတို့အတွက် ပူးတွဲလုပ်ဆောင်ကြသည်။ ပြည်ထောင်အသီးသီးကား ကိုယ် ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်အခြေခံဥပဒေဖြင့် အုပ်ချုပ်ကြသည်။

Federal Diet ခေါ်တပ်ပေါင်းစုလွှတ်တော်သို့ ပြည်သူ့ကိုယ်စားလှယ်များ စေလွှတ်ခြင်းမပြုဘဲ ပြည်ထောင်များ၏ သံတမန်များဆန်ဆန် တွေ့ဆုံကြသည်။ ထိုကာလအတွင်း အချို့ပြည်ထောင်များသည် လုံးဝခွဲထွက်၍ သီးခြားနေလိုကြသည်။ အချို့က တပ်ပေါင်းစုသဘောကို ဖျက်သိမ်းပြီး ပို၍စုစည်းသော ဒီမိုကရေစီနိုင်ငံ ထူထောင်လိုကြသည်။

၁၈၄၆ ခုနှစ်တွင် ခွဲရေးသမားနှင့် တွဲရေးသမားများ ပြည်တွင်းစစ်ခင်းကြသည်၊ တွဲရေးသမားကနိုင်ပြီး ဆွစ်ဇာလန်ပြည်ထောင်စုကို ၁၈၄၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်ကြသည်။ အမေရိကန်ပြည်ထောင်စု၏ နမူနာအတိုင်း ပြည် ထောင်စုပါလီမန်တွင် အထက်လွှတ်တော် (Council of States) နှင့်အောက်လွှတ်တော် (National Council) ဟူ၍ ဖွဲ့စည်းလိုက်သည်။ အောက်လွှတ်တော်ကို လူဦးရေအလိုက် ရွေးကောက် တင်မြှောက်ပြီး အထက်လွှတ် တော်ကို အမေရိကန် အထက်လွှတ်တော်အတိုင်း Canton ခေါ်တပြည်ထောင်လျှင် ၂ ဦးကြရွေးကောက်ကြသည်၊ ဝန်ကြီး ၇ ဦးပါဝင်သော ဗဟိုအစိုးရအဖွဲ့ဖြင့် အုပ်ချုပ်ကြသည်။

၁၈၄၈ ခုနှစ် အခြေခံဥပဒေသည် အခြေခံဥပဒေထက် မဟာမိတ်စာချုပ်နှင့် ပို၍တူသည်ဟုဆိုကြသည်။ ပြည် ထောင်များသည် ပြည်ထောင်စုဝင်သဘောထက် အချုပ်အခြာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် နေကြသည်။ ဗဟိုအစိုးရသည် ပြည်ထောင်စုပါလီမန်ကို တာဝန်မခံ၊ ပါလီမန်နှင့် ဆက်သွယ်လိုမှ ဆက်သွယ်သည်။ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည်လည်း အများအကျိုးထက် ကိုယ်ကိုးကွယ်သောဘာသာ၊ ကိုယ့်နေရင်း ဒေသအကျိုးကိုပို၍ သည်ပိုးဆောင်ရွက်ကြသည်။

၂၆ နှစ်တိုင်ခွဲရေးတွဲရေး ပဋိပက္ခသည် ဆက်လက်ပြင်းထန်ခဲ့သည်၊ နောက်ဆုံးတွင် ပြည်ထောင်စုသမားများက အောင်မြင်ပြီး ၁၈၇၄ ခုနှစ်တွင်လက်ရှိ ဆွစ်ဇာလန်ပြည်ထောင်စု အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲလိုက်ကြသည်။

ဆွစ်ပြည်ထောင်စုပါလီမန်

ဆွစ်ပြည်ထောင်စုတွင် ကန်တုံခေါ်ပြည်နယ် ၁၉ နယ်နှင့် ကန်တုံဝက် ၆ နယ်၊ တနည်းအားဖြင့် ကန်တုံ ၂၂ နယ် ပါဝင်ကြသည်။

National Assembly ခေါ်ပြည်ထောင်စုပါလီမန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ပါဝင်သည်၊ အထက်လွှတ်တော်သို့ ကန်တုံတနယ်လျှင်ကိုယ်စားလည် ၂ ဦးစီ ကန်တုံဝက် တနယ်လျှင် ၁ ဦးစီ စေလွှတ်နိုင်သည်။ ထိုကိုယ်စားလှယ်များ၏ လစာနှင့် စရိတ်ကို သက်ဆိုင်ရာပြည်နယ်က ကျခံရသည်။ အောက်လွှတ် တော်သို့ လူဦးရေအလိုက်ရွေးကောက်ရာ လူဦးရေ ၂၂၀၀၀ လျှင် ကိုယ်စားလှယ်တဦးကျ ရွေးကောက်နိုင်သည်။ သို့သော်လူဦးရေ ၁၁၀၀၀ ထက်ပိုလျှင် တဦးရွေးနိုင်ခွင့်ရှိသည်။

အာဏာခွဲဝေနည်း

ပြည်ထောင်စုနှင့်ပြည်နယ်များ အာဏာနှင့်အခွင့်အရေး ခွဲဝေပုံခွဲဝေနည်းမှာ အမေရိကန်ပြည်ထောင်စုနှင့် သြစတေးလီးယားပြည်ထောင်စု တို့ကဲ့သို့ပင် ပြည်ထောင်စုအား အာဏာများ ကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာ အားလုံးကို ယူထားကြသည်။ သို့သော်လည်း ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်များ ပူးတွဲလုပ် ဆောင်နိုင်သော အာဏာများလည်း ရှိသည်။ (Concurrent Powers))

ပြည်ထောင်စုပါလီမန်သည် အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ စစ်သေနာပတိချုပ်နှင့် တရားဝန် ကြီးချုပ်တို့အား ရွေးကောက်တင်မြှောက်သည်။ ပြည်နယ်များတွင် ရာထူးထမ်းရွက်လျှက်ရှိသော ပုဂ္ဂိုလ်များအားလည်း ပြည်ထောင်စု ပါလီမန်အမတ်အဖြစ် အရွေးခံနိုင်ခွင့်ပြုထားသည်။

ဆွစ်ဇာလန်ပြည်ထောင်စုပါလီမန်တွင် ထူးခြားချက် ၂ ချက်ရှိသည်။

၁) မိမိတို့ရွေးကောက်တင်မြှောက်လိုက်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပြန်လည်ဖြုတ်ချ နိုင်ခွင့်မရှိခြင်း။
၂) တရားဥပဒေများအား အပြီးသတ်အတည်မပြုနိုင်ခြင်း။

ပြည်သူလူထုအား ဒီမိုကရေစီအာဏာကို တိုက်ရိုက်ကျင့်သုံးနိုင်ခွင့်ပြုထားသဖြင့် ပါလီမန်က တရားဥပဒေများကို အပြီးသတ်အတည်ပြု၍ မရနိုင်ခြင်းဖြစ်သည်။

ဆွစ်ပြည်ထောင်စုအစိုးရ

ပြည်ထောင်စုအစိုးရ အဖွဲ့ကိုလွှတ်တော် ၂ ရပ်ပေါင်းထားသည်၊ ပြည်ထောင်စုပါလီမန်က ရွေးကောက်တင် မြှောက်ရသည်။ အစိုးရအဖွဲ့တွင် ဝန်ကြီး ၇ ဦးပါဝင်၍ ဝန်ကြီးများသည် လွှတ်တော်တရပ်ရပ်၏ အမတ်များမဖြစ်စေရဘဲ၊ အမတ်အဖြစ်အရွေးခံနိုင်ခွင့် အရည်အချင်းနှင့်ပြည့်စုံသော တိုင်းသူပြည်သားထဲမှ ဖြစ်ရသည်။ပြည် နယ်ကြီးက ပြည်နယ်ငယ်အားအနိုင်ကျင့်မှု လက်ဝါးကြီးအုပ်မှု သဘောမျိုး မရှိစေခြင်းငှါ ဆွစ်ဇာလန်ပြည် ထောင်စု အခြေခံဥပဒေတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ပြည်နယ်တနယ်တည်းမှ တဦးထက်ပို၍ တင်မြှောက် ခွင့်မရှိကြောင်း ပြဌာန်းထားလေသည်။

ပြည်ထောင်စုအစိုးရဌာန ၇ ဌာနသာရှိသည်၊ ၎င်းတို့မှာ (၁) နိုင်ငံခြားရေး၊ (၂) ပြည်ထဲရေး၊ (၃) တရားရေးနှင့် ပုလိပ်ဌာန၊ (၄) စစ်ရေး၊ (၅) ဘဏ္ဍာရေးနှင့် အကောက်တော်ခွန်ဌာန၊ (၆) စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မလုပ်ငန်းဌာန၊ (၇) စာတိုက် နှင့် မီးရထားဌာန။

အစိုးရအဖွဲ့ဝင်ဝန်ကြီး ၇ ဦးသည် တဦးလျှင်တဌာနစီကိုင်ကြရသည်၊ အစိုးရအဖွဲ့တွင် နိုင်ငံတော် ဝန်ကြီးဟူ၍မရှိပေ။ ပါလီမန်က ဝန်ကြီး ၇ ဦးအနက်မှ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတကို ရွေးကောက်တင်မြှောက်သည်။ သမ္မတနှင့် ဒုတိယသမ္မတတို့၏ သက်တန်းမှာ ၁၂ လသာရှိပြီး၊ ဒုတိယအကြိမ် တဆက်တည်းပြန်လည် အရွေးခံခွင့် မရှိချေ၊ နိုင်ငံတော် သမ္မတ သည်ပင် အစိုးရအဖွဲ့တွင် သဘာပတိ အဖြစ်ဆောင်ရွက်ရသည်။ သဘာပတိ ဆိုသော်လည်း နိုင်ငံတော်သမ္မတအား အထူးအာဏာများ ပေးအပ်မထားပေ။ ၇ ဌာန အနက် ၎င်းနှင့်ဆိုင်သော ဌာနတခု အတွက်သာ အာဏာရှိသည်။ တနည်းအားဖြင့် နိုင်ငံတော်သမ္မတသည် တနှစ်တာအတွက် အစိုးရ အဖွဲ့၏ သဘာပတိအဖြစ် ဆောင်ရွက်ခြင်းသာဖြစ်သည်။

အမြဲတန်း စစ်တပ်မရှိ

ဆွစ်ဇာလန် ပြည်ထောင်စုတွင် အမြဲတန်းစစ်တပ်ဟူ၍ ထားခွင့်မရှိပေ။ အခြေခံဥပဒေပုဒ်မ (၁၃) တွင်အတိ အ လင်းပြဌာန်းထားသည်။ ပုဒ်မ (၁၈) အရ ဆွစ်အမျိုးသားအားလုံးသည် စစ်မှုထမ်းရွက်ရသည်။ ဗဟိုပြည်ထောင် စုအနေဖြင့် အမြဲတန်းစစ်တပ် မထားရှိသော်လည်း၊ ပြည်နယ်များသည် လုံခြုံရေးအတွက် စစ်သားအင်အား ၃၀၀ ထက်မပိုသော စစ်တပ်များထားနိုင်ခွင့်ပြုထားလေသည်။

ဆွစ်ဇာလန်ပြည်ထောင်စုသည် ဥရောပအလယ်ပိုင်းတွင် ထူးခြားစွာတည်နေမှု၊ ထူးခြားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ခိုင်မြဲသော ကြားနေရေးဝါဒ၊ ထူးခြားသော ဆွစ်လူမျိုးတို့၏ စိတ်ဓါတ်တို့ကြောင့် နပိုလျှံ၏ ကျူး ကျော်မှု နောက်ပိုင်းတွင် စစ်ဘေးစစ်ဒဏ်နှင့် ကင်းလွှတ်ကာ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုအဖြစ် တည် တံ့လာခဲ့လေသည်။ ဆွီဇာလန်ပြည်၏ ဒီမိုကရေစီတိုက်ရိုက် ကျင့်သုံးမမှာ အဓွန့်ရှည်စွာတည်တံ့ပေလိမ့်မည်။

၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာမသိမ်းမီကာလတွင် ပြည်ထောင်စုအတွင်း Federal နှင့် ပတ်သက်၍ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာတွေ တောင်းဆိုခဲ့သလဲ စသည်တို့ကို အဖက်ဖက်မှ အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ ဆဝါးခန့်မှန်းနိုင်ကြပါရန် ထိုစဉ်အချိန်က ပါဝင်ပတ်သက်ခဲ့သူအချို့၏ သ ဘော ထားမှတ်ချက်မှာကို စုဆောင်တင်ပြသွားမည် ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း၊ မမှန်မကန် ပြင်ဆင်ရေးသားခြင်း ပြုမည်မဟုတ်ပါကြောင်း အာမခံပါတယ်။

မိမိတို့ ခံစားချက်အရ အမြင်အမျိုးမျိုး ရှိနိုင်သော်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏ အပြောအဆို အပြုအမူကြောင့် မိမိတို့ချစ်သော ပြည်ထောင်စုအား မထိခိုက်ပါစေရန် တိုင်းရင်းသားအချင်းချင်း အမုန်းပွားစေနိုင်သော Comment များကို မပေးကြပါရန် ကြိုတင်မေတ္တာရပ်ပါတယ်။

ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၅ - နိဂုံး)
― တောင်ကြီး ဦးထွန်းမြင့်
၂.၃ မြန်မာပြည်ထောင်စု
ကမ္ဘာအရပ်ရပ် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ နမူနာများကို အကြမ်းအားဖြင့်လေ့လာပြီးသည့်နောက်၊ ကျွန်တော်တို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဆက်လက်လေ့လာကြည့်ပါစို့။

ဖါးတပိုင်းငါးတပိုင်း

ကျွန်တော်တို့ ပြည်ထောင်စုအခြေခံဥပဒေကို အာဏာနှင့် အခွင့်အရေးခွဲဝေနည်း ၃ နည်းဖြင့် စံချိန်ကိုကြည့်လျှင်ပြည်ထောင်စု မစစ်တစစ်အမျိုးအစား (ဝါ) ပြည်ထောင်စု အပြော့စားဖြစ်ကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ထပ်လောင်း၍ ဖွဲ့စည်းပုံ ပုံစံနှင့် ချိန်ထိုးကြည့်ပါမူ ပြည်ထောင်စုအပြော့စားပင် မဟုတ်တော့ဘဲ “ဖါးတပိုင်း ငါးတပိုင်း” စနစ်အဖြစ် တွေ့မြင်ရပေမည်။ ကျွန်တော်တို့တွင် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒတရား ဖုံးလွှမ်းနေ၍ ယင်းကဲ့သို့တွေ့မြင်ကြသည် မဟုတ်ပါ။

၁၉၄၇ ခုနှစ်တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေကို ရေးဆွဲကြစဉ်အခါ အခြေခံဥပဒေ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သော (ဝါ) အခြေခံဥပဒေ ရေးဆွဲရာတွင် အဓိကတာဝန်ကို ထမ်းဆောင်ခဲ့သော ယခုနိုင်ငံ တော်တရားလွှတ်တော်ချုပ် တရားဝန်ကြီး အဖြစ် ဆောင်ရွက်လျှက်ရှိသူ “သတိုးမဟာသရေစည်သူ” ဦးချန်ထွန်းက - “ကျွန်တော်တို့ရဲ့ အခြေခံဥပဒေဟာ သဘောတရားအားဖြင့် ပြည်ထောင်စုစံနစ် ဖြစ်ပေမဲ့ လက်တွေ့တွင် တပြည်ထောင်စံနစ်ဖြစ်ပါတယ်” ဟုပြောပြကြောင်း။ ရန်ကုန်တက္ကသိုလ် ရာဇဝင် ပါမောက္ခ ဟောင်းတင့်ကား Hugh Tinker က သူ၏ ပြည်ထောင်စု မြန်မာနိုင်ငံတော် The Union of Burma စာအုပ်တွင်ထုတ်ဖေါ်ရေးသား ထားသည်။

(The Constitutional Advisor, Chan Htoon observed much later that “Our Constitution though in theory federal, is in practice Unitary”)

ထိုကြောင့် ဖါးတပိုင်းငါးတပိုင်းစံနစ်မှာ ကျွန်တော်တို့၏ အမြင်သက်သက်မဟုတ် ဦးချန်ထွန်းလို ပုဂ္ဂိုလ်ကလည်း ထုတ်ဖေါ်ဝန်ခံထားပြီးဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ မတော်တဆကြောင့်လည်းမဟုတ် ကျွန်တော်တို့လူမျိုးစုများက လိုလားသောကြောင့်လည်း မဟုတ်ပေ။ နိုင်ငံရေးအတွေ့အကြုံနည်းပါးပြီး ဥပဒေပညာ နားမလည်သော ကျွန်တော်တို့အား ဗမာခေါင်းဆောင်များနှင့် ဥပဒေပညာရှင်များက “လှည့်စားလိုက်တာဘဲ” ဟု ကျွန်တော်တို့ ထင်မြင်လာကြပါသည်။

လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြစဉ်တုံးက လွတ်လပ်ပြီးသည့်နောက် မည်သည့်ပုံစံမျိုးဖြင့် - တိုင်းပြည်ကိုတည်ထောင်ကြမည်နည်းဟု တွေးတောကြံဆကြသည့်အခါ ဗမာအမျိုးသားခေါင်းဆောင်များသည် ဗမာပြည်လို တိုင်းပြည်ငယ်လေးအဘို့ လူမျိုးစုများ အခွဲခွဲအခြမ်းခြမ်း အုပ်ချုပ်သည့် မူကိုမကြိုက်ကြပါ တစည်းတလုံးတည်း ပုံစံတမျိုးတည်းသော အုပ်ချုပ်ရေးမျိုး တနည်းအားဖြင့် တပြည်ထောင်စံနစ်အစိုးရ တမျိုးတစားစံနစ် (Unitary) ကို လိုလားကြသည်။

ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့အား တစည်းတလုံးတည်းသာ ၅ နှစ် စီမံကိန်း ၂ ကြိမ်မြောက်ဆောင်ရွက်လိုက်ရလျှင် အားလုံးတိုးတက်မည်။ ဗမာပြည်မထက် တဆင့်နိမ့်ကျနေသော နယ်စပ်ဒေသရှိလူမျိုးစုများသည်လည်း ဗမာနှင့်တန်းတူ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောပြဘူးပါသည်။

ကျွန်တော်တို့ ရပလ ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားသောစေတနာကိုယုံကြည်ကြသည်၊ လေးစားကြသည်။ သို့သော် ရှမ်းအမျိုးသားများအနေနှင့် အခြေအနေက တမျိုးဖြစ်နေကြပါသည်။

ရှမ်းလူမျိုးနှင့် ဗမာလူမျိုးသည် လူမျိုးခြင်းမတူ ခြားနားသည် ရှမ်းပြည်ဒေသနှင့် ဗမာပြည်ဒေသသည် ကုန်းပြင်မြင့်နှင့် မြေပြန့်ခြားနားသည်။ ရာဇဝင်အရ ရှမ်းများသည် ဗမာများအပေါ်စိုးရိမ်ကြသည်။ သင်္ကာမကင်းရှိကြသည်။ အနှစ် ၆၀ ကျော်နယ်ချဲ့သမား၏ သွေးခွဲမှုကြောင့် သွေးကွဲနေကြသည်၊ လွတ်လပ်ရေး ကျိုးပမ်းနေကြစဉ် နယ်ချဲ့ဗြူရိုကရက်များ၏ သွေးခွဲမှု ခြေထိုးမအန္တရာယ်ကလည်း ကြီးမားနေသည်။ ကျွန်တော်တို့ ရပလ ခေါင် းဆောင်များအား ဗမာသူလျှိုတွေ ဗမာကိုရောင်းစားသူတွေ ဟူ၍ စော်ဘွားအချို့က စွပ်စွဲနေချိန်လည်း ဖြစ်သည်။

ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ စေတနာကိုလည်းကောင်း၊ ပြည်ထောင်စံနစ်မူကို လည်းကောင်း၊ သံသယမရှိကြပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်နှင့် ကျွန်တော်တို့ရှမ်းပြည်အား တပြည် ထောင်စံနစ်အရ ပူးပေါင်းစေကာမူ ကျွန်တော်တို့အဘို့ စိုးရိမ်ပူပန်စရာမရှိဟု ကျွန်တော်တို့ယူဆသည်။ လူပု ဂ္ဂိုလ်ပိုင်း အခြေအနေအရ ထိုသို့ဖြစ်သော်လည်း တကဲ့ဖြစ်ရပ်အခြေအနေအရ ဆိုလျှင် ပြည်ထောင်စု သဘောတ ရားကလွဲ၍ အခြားမဖြစ်နိုင်ဟု ကျွန်တော်တို့ ရပလ ကဆုံးဖြတ်ကြသည်။

ကျွန်တော်တို့ ရပလ ကအောက်ပါပြည်ထောင်စုသဘောတရားကို ဟောပြောပွဲများဖြင့်၎င်း၊ စာရွက်စာတမ်းများဖြင့်၎င်း၊ ရှမ်းပြည်အနှံအပြားသို့ ချပြလိုက်သည်။

ပြည်ထောင်စုသဘောတရား

(၁) ဗမာပြည်မနှင့်ပြည်ထောင်စုစံနစ်အရ ပူးပေါင်းမည်။
(၂) ယင်းသို့ပူးပေါင်းသည့်အခါ-
(က) အခွင့်အရေးနှင့် အဆင့်အတန်းတူ ဖြစ်ရမည်။
(ခ) ရှမ်းပြည်အား လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရမည်။
(ဂ) ခွဲထွက်လိုက-အချိန်မရွေးခွဲထွက်ခွင့် ပေးရမည်။
(၃) ဗဟိုအစိုးရအား အောက်ပါဌာနများ လွှဲအပ်ပေးမည်။
(က) နိုင်ငံခြားရေး
(ခ) ကာကွယ်ရေး
(ဂ) စာတိုက်နှင့် ကြေးနန်း
(ဃ) လမ်းပန်းဆက်သွယ်ရေး
(င) ငွေစက္ကူနှင့် ငွေဒင်္ဂ ါးထုတ်လုပ်ရေး
(စ) ဆိပ်ကမ်းအကောက်တော်ခွန်

ရပလ ၏ ပြည်ထောင်စုသဘောတရားသည် ရှမ်းပြည်လူထုအတွင်း နက်ရှိုင်းစွာဝင်သွားသည်။ ဗမာဆိုလျှင် အ လွန်မုန်းပြီး ဗမာပြည်နှင့် မပေါင်းလိုသော ပုဂ္ဂိုလ်များပင်လျှင် ဤပြည်ထောင်စုသဘောတရားကို လက်ခံလာကြသည်။ ရပလ ၏ ပြည်ထောင်စု သဘောတရားသည် ရှမ်းပြည်နယ်နမိတ်မှ ကျော်လွန်ကာ နယ်စပ်ဒေသ တလျှောက်လုံးသို့ ပြန့်နှံ့သွားခဲ့သည်။ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ ပူးပေါင်းဖွဲ့စည်းထားသော တောင် တန်းသား စည်းလုံးညီညွှတ်ရေး ဦးစီးအဖွဲ့ချုပ် (SCOUHP) ကလည်း ပြည်ထောင်စု သဘောတရားကို လက်ခံလာကြသည်။

ပြည်ထောင်စုသဘောတရား၏ အနှစ်သာရသည် နာမည်ကျော် ပင်လုံစာချုပ်တွင် ပါလာရသည်။ ဗြိတိသျှလေဘာအမတ် ရိစ်ပီလျံ ခေါင်းဆောင်သော နယ်စပ်ဒေသ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင်လည်း ပြည် ထောင်စုသဘောတရားကို ရှေ့တန်းထုတ်၍ ဖေါ်ပြထားရသည်။

ဗိုလ်ချုပ်အောင်ဆန်း အစ၊ ဦးနု အလယ်၊ ဦးချန်ထွန်း အဆုံး ဗမာအမျိုးသား ခေါင်းဆောင်များကတော့ ပြည် ထောင်စုသဘောတရားကို မကြိုက်ကြပါ။ ဦးဘဖေ၊ ဒေါက်တာဗမော်၊ သခင်ဗစိန်တို့လို လက်ျာဂိုဏ်းသားများကလည်း မကြိုက်ကြပါ။ သို့သော် ဦးအောင်ဆန်း ဦးနုတို့နှင့် ဦးဘဖေ ဦးဘမော်တို့၏ အခြေခံစေတနာချင်းမှာ ခြားနားကြပါသည်။ လူမျိုးစုများ၏ပြည်ထောင်စုသဘောတရားကို ပယ်ဖျက်၍ မရနိုင်တော့ပါ။

တိုင်းပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းက အခြေခံဥပဒေလမ်းညွှန် ပြဌာန်းချက် အဆိုတင်သွင်းသည့်အခါ အပိုဒ် ၂ တွင် ပြည်ထောင်စုသဘောတရားကို ထည့်သွင်းထားရလေသည်။ သို့သော် ဗိုလ်ချုပ်တို့ကျဆုံးသွားပြီးနောက် အခြေခံဥပဒေကို အပြီးသတ် ရေးဆွဲကြသည့်အခါ ကျွန်တော်တို့အား မလိမ့်တပတ် နှပ်လိုက်သည်ဟု ကျွန်တော်တော့ စွဲစွဲမြဲမြဲ ယူဆနေဆဲ ဖြစ်သည်။

အသွင်အားဖြင့် ကျွန်တော်တို့နယ်စပ်ဒေသအား နှစ်သိမ့်စေရန် ပြည်ထောင်စုအသွင်ပေးထားပြီး အနှစ်သာရအားဖြင့် တတ်နိုင်သမျှ တပြည်ထောင်စံနစ်ဖြစ်ရန် ဖန်တီးထားသည်ဟု ကျွန်တော်ထင်သည်။ဦးချန်ထွန်းက ပြည်နယ်များအခဏ်း ခွဲထွက်ခွင့်အခဏ်းများ အခြေခံဥပဒေတွင် ပါဝင်ထည့်သွင်းထားခြင်း အကြောင်းနှင့် ပတ် သက်ပြီး နိုင်ငံရေး အုပ်ချုပ်ရေးအရ အမှန်လိုအပ်၍ မဟုတ်ကြောင်း နယ်စပ်ဒေသခေါင်းဆောင်များ၏ သံသယစိတ်ကို လျှော့ပါးစေရန်အတွက်သာ ဖြစ်ကြောင်း ဗမာများအပေါ်နှစ်ပရိစ္ဆေဒကြာရှည်စွာ စွဲစွဲမြဲမြဲထားရှိလာသော မယုံသင်္ကာစိတ်များကို တောင်ပေါ်သားများသည် ရုတ်တရက်စွန့်လွှတ်နိုင်ခြင်း မရှိကြောင်း၊ ထိုမသင်္ကာစိတ်များကို ကုစားသောနည်းတနည်းသာဖြစ်ကြောင်း ဟူ၍ ပြောကြားကြောင်းဖြင့် “ပါမောက္ခ ဟောင်းတင့်ကာ” ကသူ၏ စာအုပ်တွင်ဆက်လက် ဖေါ်ပြထားလေသည်။

ထိုမျှမက ဦးချန်ထွန်းသည် တိုင်းပြည်ပြုလွှတ်တော်တွင် “ကျွန်တော်တို့ ယခုလက်ရှိ အခြေအနေများကိုထောက် ထားသောအားဖြင့် အစိုးရတဖွဲ့တည်းက အုပ်ချုပ်တာဟာ ဘယ်လောက်ဘဲကောင်းတယ်ဆိုသာ ကျွန်တော်တို့အားလုံး ယုံကြည်ကြစေကာမူ ယခုအချိန်မှာဖြစ်လျှင် ပြည်ထောင်စုနိုင်ငံကိုသာလျှင် ဖွဲ့စည်းဘို့ရာဖြစ်နေပါတယ်” ဟူ၍၎င်း တဖန်ဆက်လက်ပြီး “ကျွန်တော်တို့အားလုံးက သိပ်ပြီး မနှစ်ခြိုက်သော်လည်း ယခုလက်ရှိအခြေအနေအရ ပြည်ထောင်စုနိုင်ငံတည်ခဲ့ရတဲ့အတွက် နောင်ကိုအခြေအနေအရ တဦးတည်း အစိုးရ တဖွဲ တည်းကအုပ်ချုပ်တဲ့ နိုင်ငံမျိုးဟာပိုပြီးလိုလားအပ်တယ် ဗမာပြည်ကို ကြည့်လိုက်လျှင် ကမ္ဘာနှင့်စာလျှင်အင်မ တန်ငယ်လို့ နောင်ကိုအစိုးရတဖွဲ့တည်းနှင့် ဖြစ်နိုင်တဲ့ Unitary နိုင်ငံမျိုးကိုဖြစ်ချင်ပါတယ်ဆိုလျှင် ပြည်နယ်တွေက သဘောတူလျှင် ကျွန်တော်တို့ ဖန်တီးသွားဘို့ရန်သည် ဥပဒေမှာပါရှိပါတယ် ”ဟူ၍၎င်း ရှင်းလင်းပြောပြသွားခဲ့ပါသည်။

အခြေခံဥပဒေအကြံပေးအရာရှိဖြစ်ပြီး အခြေခံဥပဒေရေးဆွဲရာတွင် အဓိကတာဝန်ထမ်းဆောင်ခဲ့သော ဦးချန်ထွန်းသည် ပြည်ထောင်စုစံနစ်ကို အဘယ်မျှမလိုလား မနှစ်ခြိုက်သည်ကို သူ၏စကားများဖြင့် ပေါ်လွင်စေပါ သည်။

နယ်စပ်ဒေသမှလူမျိုးစုများ ဆန္ဒပြင်းပြ၍၎င်း၊ မလွှဲမရှောင်သာ၍၎င်း၊ တနည်းအားဖြင့် နယ်စပ်ဒေသမှ လူမျိုးစုများသံသယကင်းစေရန် ရသေ့စိတ်ဖြေပြုနိုင်ရန်အတွက် ပြည်ထောင်စုပုံစံကို ထည့်တွင်းထားပေးခြင်းဖြစ်သည်။ သို့သော် ဗမာခေါင်းဆောင်များ၏ လိုအင်ဆန္ဒအတိုင်း တပြည်ထောင် သဘောရောက်နိုင်သမျှ ရောက်စေရန် ဖန်တီးပေးခဲ့ခြင်း ပင်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ယင်းကဲ့သို့ ဖါးတပိုင်းငါးတပိုင်းဖြစ်မှုသည် နယ်စပ်ဒေသ လူမျိုးများတွင် ကိန်းအောင်းနေသော သံသယမကင်းမှုကို မပြေပျောက်စေသည့်အပြင် တိုး၍ပင်ကြီးမား လာစေခဲ့ပါသည်။

တခြမ်းပဲ့ပြည်ထောင်စု

ကျွန်တော်တို့၏ အခြေခံဥပဒေသည် သဘောတရားအားဖြင့် ပြည်ထောင်စု ဟု ခေါ်ဆိုနိုင်ခြင်းမှာ-
(၁) ရှမ်း၊ ကချင်၊ ကရင်၊ ကယားပြည်နယ်များဖွဲ့စည်းပေးထားခြင်း၊
(၂) ပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအသင့်အတင့်ခွင့်ပြုထားခြင်း၊
(၃) ပြည်နယ်ကောင်စီခေါ်ဥပဒေပြုအဖွဲ့များဖွဲ့စည်းပေးထားခြင်း၊
(၄) ရှမ်းနှင့်ကယားပြည်နယ်များအား ပြည်ထောင်စု၏ အမြင့်ဆုံးအဆင့်ဖြစ်သည့် ခွဲထွက်နိုင်ခွင့်ပေးထားခြင်းများကြောင့်ဖြစ်သည်။

ဤမျှလောက်သာ ကွက်ကွက်ကလေးကြည့်လျှင် ကမ္ဘာပေါ်ရှိ အခြားပြည်ထောင်စုများနှင့် အသွင်အားဖြင့်တူသယောင်ယောင်ဖြစ်သည်။ ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်ခေါ်ပြည်နယ်များ စုပေါင်းထားခြင်းဖြစ်သည်။ အခြားလူမျိုးစုများအတွက် သီးခြားပြည်နယ်များ ဖွဲ့စည်းထားသော်လည်း လူများစုဖြစ်သော ဗမာများအဘို့ ပြည်နယ်ဟူ၍ သီးခြားမရှိချေ။ သီးခြားပါလီမန်နှင့် သီးခြားအစိုးရလည်းမရှိချေ။

ရုတ်တရက်ဆိုလျှင် ဗမာများက အနစ်နာခံရသယောင် သဘောပေါက်ပေမည်။ နက်နက်နဲနဲ စဉ်းစားကြည့်ပါက ဗမာများသည် ပြည်ထောင်စုအစိုးရအာဏာကို လုံးထွေးယူလိုက်ပြီး လူမျိုးစုများ အပေါ်အုပ်စီးလိုက်ခြင်းသာ ဖြစ်ပါသည်။ ဤသည်ကိုထောက်ရ၍ ဦးချန်ထွန်းက “လက်တွေ့တွင် တပြည်ထောင်စံနစ်ဖြစ်သည်” ဟုဆိုလိုက်ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်က ပြည်နယ်များသည် ဗမာပြည်၏ ပဏ္ဍာဆက်နိုင်ငံများ အဆင့်သို့ ကျရောက်ကုန်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ပဏ္ဍာဆက်နိုင်ငံခေါ်Vassal State နှင့် ပတ်သက်ပြီး ကျွန်တော်အ နေနှင့် အထူးအဓိပ္ပါယ်ဖွင့်ပြစရာ မလိုပါ။ ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မှီ တိုင်းပြည်ပြုလွှတ်တော်တွင် အဓိပ္ပါယ်ဖွင့်ပြခဲ့သည်ကပို၍ အဓိပ္ပါယ်လေးနက်ပါသည်။

Vassal State ဆိုတာက တပည့်ကျွန်နိုင်ငံလိုသဘောမျိုးဘဲ ကျွန်ဆိုပေမဲ့လို့ Colony ကိုလိုနီလည်းမဟုတ်ဘူး သူ့ဘာသာသူ သူ့မင်းနှင့်သူ့ချင်းနှင့် သူ့အစိုးရနှင့်ဘဲ အပြင်ဘမ်းအားဖြင့်တော့ လွတ်လပ်တယ်။ သို့သော်လည်း နိုင်ငံကြီးတနိုင်ငံရဲ့ သြဇာလွမ်းမိုးမှု ချုပ်ချယ်မှုကို အထူးတလည်ခံနေရတဲ့ နိုင်ငံဖြစ်လို့ Vassal State လို့ခေါ်တယ်။

ဗမာလူမျိုးကြီးဝါဒနှင့် ပဏ္ဍာဆက်နိုင်ငံဟူသော စကားများကိုကျွန်တော်က (တိုင်းပြုပြည်ပြုလွှတ်တော် ညီလာ ခံမှတ်တမ်း၊ စာတွဲ ၁၊ အစည်းအဝေးအမှတ် ၄၊ စာမျက်နှာ ၇၇ တွင်ရှု) တမင် ထွင်လိုက်သည်ဟု ကျွန်တော့မိတ် ဆွေများက ဆိုကြသည်။ အမှန်မှာ ဤစကားလုံးများကို ကျွန်တော်က ထွင်လိုက်သည်မဟုတ်ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ နှစ်ကျော် ဘဝမှပေါက်ဖွားလာသော စကားလုံးများသာ ဖြစ်ပါသည်။

ဗမာများအတွက်သီးခြားပြည်နယ်၊ သီးခြားအစိုးရ၊ သီးခြားဥပဒေပြုအဖွဲ့ ဟူ၍ သီးခြားမထားခြင်းနှင့် ပတ်သက် ၍ ဦးချန်ထွန်းကပင် ဗမာခေါင်းဆောင်များ၏ ကိုယ်စားတိုင်းပြည်ပြုလွှတ်တော်တွင် ရှင်းလင်းပြခဲ့ပါသည်။

“ဗမာပြည်မကြီးက အင်မတန်ကြီးပြီး ပါဝင်မည့်ပြည်နယ်တွေက အင်မတန် အကျယ်အဝန်းမှာ ငယ်နေတာကိုတွေ့ရပါတယ်။ ဗမာပြည်မ အကျယ်အဝန်းဟာ ရှမ်းပြည်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ် သည်ပြည်နယ်သုံးပြည်ပေါင်းလျှင်တောင်မှ ဗမာပြည်မှာ ကျန်တဲ့နယ်တွေရဲ့ အကျယ်အဝန်းနဲ့ဆိုလျှင် သုံးပုံတပုံ လေးပုံတပုံလောက်ဘဲရှိတယ်။

လူဦးရေအားဖြင့်ဆိုလျှင် သာပြီးကွာခြားသေးတယ်။ လူဦးရေ ၁၇ သန်းရှိတဲ့အနက် ဗမာပြည်မက ၁၅ သန်းရှိတယ်။ ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်နယ်က ရှိလျှင် ၂ သန်း လောက်ဘဲရှိတယ် ပြီးတော့ဘဏ္ဍာရေး ကိစ္စအခြေအနေမှာလည်း ယခုလက်ရှိ အခြေအနေကို ကြည့်မည် ဆိုလျှင် ရှမ်းပြည်မှာအတော်သင့်ရှိသော်လည်း ကချင်ပြည်နယ် ဆိုလျှင် ဘဏ္ဍာရေးအခြေအနေမှာ အများကြီးချို့တဲ့နေပါတယ် နိုင်ငံရေး ဗဟုသုတကို ကြည့်ပြန်တော့လည်း အတော်ဘဲ ကွာခြားနေတာရှိတယ်” ဟူ၍ ဦးချန်ထွန်းက ဗမာ ပြည်မနှင့် ပြည်နယ်များကွာခြားမှုကို ရှင်းပြပြီး၊ အကယ်၍ ဗမာပြည်မအတွက် သီးခြားပြည်နယ်ထားရလျှင် ဥပဒေပြုမှုအတွက် အမတ်များ၊ အုပ်ချုပ်မှုအတွက် အမှုထမ်းများ၊ တရားစီရင်မှုအတွက် တရားသူကြီးများ၊ အများအပြားလိုမည် ဖြစ်သည့်အ တွက် လူမလုံလောက်ကြောင်း ဗဟိုပြည်ထောင်စုနှင့် ဗမာပြည်မအတွက်ကို ၃ ဌာနခွဲထားရလျှင် ဘဏ္ဍာရေး နှစ်ဆပို၍ကုန်ကျမည် ဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

ထို့ကြောင့် “ကျန်သည့်ပြည်နယ်တွေမှာလို ဗမာပြည်မအတွက်ကို သီးသန့်ပြည်နယ်တခုအဖြစ် မထားဘဲနှင့် ဗဟိုအစိုးရက ဗဟိုဥပဒေပြုအဖွဲ့ကနေပြီးတော့ အုပ်ချုပ်တဲ့ ဗဟိုအစိုးရနှင့် ပေါင်းထားတဲ့ တပေါင်းတစည်းတည်း နိုင်ငံပြည်မ ဖြစ်ရမည်” ဟု ဦးချန်ထွန်းက ရှင်းလင်းခဲ့ပါသည်။

ဟိုစဉ်က ကျွန်တော်လည်းဟုတ်နိုးယောင်ယောင် လက်ခံခဲ့ပါသည်။ ဗမာများ တကယ်အနစ်နာခံပါကလားဟု အထင်ကြီးခဲ့ပါသည်။ နက်နက်နဲနဲ နဖူးပေါ်လက်တင် စဉ်းစားကြည့်မှ ပြည်နယ်များ မျောက်လောင်းဖြစ်ကုန်သည်ကို တွေ့မြင်ရပါသည်။

အမှန်မှာ ဗမာများအတွက် သီးခြားပြည်နယ်ဖွဲ့စည်းပြီး ဗမာပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ် စသည့် ပြည်နယ်များ ပူးပေါင်းကာ ပြည်ထောင်စုဖွဲ့ပါမှ တကဲ့ပြည်ထောင်စု၏ အင်္ဂ ါနှင့် ညီညွှတ်ပေမည်။ ယခုမူကား ဗမာပြည်နယ်ဟူ၍ မပါရှိသည့်အတွက် ကျွန်တော်တို့၏ အခြေခံဥပဒေသည် အသွင်အားဖြင့်ပင် အင်္ဂါမစုံ တခြမ်းပဲ့ ပြည်ထောင်စုကြီး ဖြစ်နေလေသည်။ဤကား ပထမဦး စွာ တွေ့ရှိရသည့် ချို့ယွင်းချက်ကြီး ဖြစ်ပါသည်။

တို့ပါလီမန်
ကျွန်တော်တို့ ပြည်ထောင်စုပါလီမန်ဖွဲ့စည်းပုံမှာလည်း သဘာဝမကျပေ။ အခြားပြည်ထောင်စု ပါလီမန်များတွင် လွှတ်တော် ၂ ရပ်ထားရှိခြင်းမှာ အောက်လွှတ်တော်သည် ဒီမိုကရေစီသဘောအရ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည် ဆိုသည့်အတိုင်း ပြည်သူလူထုတရပ်လုံးအား ကိုယ်စားပြုရန်ဖြစ်ပြီး အထက် လွှတ်တော်မှာ ပြည်ထောင်စုသဘောတရားအရ ပြည်နယ်များအားကိုယ်စားပြုရန် ဖြစ်ပေသည်။

ပြည်နယ်ကြီးက ပြည်နယ်ငယ်များအား အနိုင်ကျင့်မမရှိစေရန် အထက်လွှတ်တော်သို့ ကိုယ်စားလှယ်ဦးရေ အ ညီအမျှ စေလွှတ်ကြသည်။ လွှတ်တော်တရပ်ရပ်သည် အာဏာကို အလွန်အကဲ အသုံးမပြုနိုင်ရန်အတွက် လွှတ် တော်တရပ်က အခြားလွှတ်တော်တရပ်အား ထိန်းကွပ်နိုင်ရန် အခွင့်အာဏာတူ ပေးထားကြသည်။

ကျွန်တော်တို့၏ အထက်လွှတ်တော်သို့ ပြည်နယ်များသည် အမတ်ဦးရေ အညီအမျှ စေလွှတ်နိုင်ခွင့် မရှိကြပါ ။ ဗမာပြည်နယ်ဟူ၍ သီးခြားမရှိခြင်းသည်ပင် ပြည်ထောင်စု အထက်လွှတ်တော် ဖွဲ့စည်းမှုကို ကြီးစွာရုပ်ဆင်းပျက်စေလေသည်။ တပြည်နယ်လျှင် အမတ်ဦးရေ အဘယ်မျှစီစေလွှတ်ရမည်ဟု အခြေခံဥပဒေတွင် ပြဌာန်းလိုက်လျှင် ဗမာပြည်နယ်မရှိ၍ ပြည်ထောင်စုအထက်လွှတ်တော်တွင် ဗမာကိုယ်စားလှယ်များ ပါဝင်နိုင်တော့မည်မဟုတ်ချေ။

ကျွန်တော်တို့၏ အထက်လွှတ်တော်သည် အောက်လွှတ်တော်အား ထိန်းကွပ်နိုင်သော အာဏာလည်းမရှိ၊ ပြည် နယ်များအကျိုးကို ကာကွယ်နိုင်စွမ်းလည်း မရှိ၊ ဖြစ်နေလေရာ ယခုအတိုင်းသာဆိုလျှင် နိုင်ငံတော်သမ္မတကဲ့သို့ တန်ဆာဆင်ထား ရုံသာရှိနေပေမည်။
ဤွှကား ဒုတိယချို့ယွင်းချက်တည်း။

အာဏာနှင့်အခွင့်အရေး

ပြည်ထောင်စု စစ်စစ်နိုင်ငံများတွင် ဗဟိုပြည်ထောင်စုအား အများနှင့်ဆိုင်သော အခွင့်အာဏာများသာပေးပြီး ကျန်အာဏာများကို ပြည်နယ်များက သိမ်းပိုက်ထားကြသည်။ ကနေဒါပြည်ထောင်စုတွင်သာ ဗဟိုပြည်ထောင် စုအားလည်း အာဏာကန့်သတ်ပေးပြီး ကျန်အာဏာများအားလုံးကို ဗဟိုကသိမ်းပိုက်ထားသည်။ကျွန်တော်တို့  ပြည်ထောင်စု အခြေခံဥပဒေတွင် ပြည်ထောင်စုဥပဒေ ပြုစာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်း ဟူ၍ ခွဲခြားပြီး ကျန်အာဏာများအားလုံးကို ဗဟိုပြည်ထောင်စု အစိုးရသို့ပေးအပ်ထားရာ ကနေဒါပြည်ထောင်စုနှင့် အာဏာခွဲဝေနည်းတွင် အတူတူပင်ဖြစ်သည်။ အခြေခံဥပဒေမူနှင့် ပတ်သက်၍ ရှင်းပြစဉ် ဦးချန်ထွန်းက ကနေဒါပြည် ထောင်စု လမ်းစဉ်ကို လိုက်ထားကြောင်း ဝန်ခံခဲ့လေသည်။

ထိုလမ်းစဉ်ကို မလိုက်၍လည်း မဖြစ်ပေ။ ဗမာပြည်နယ်ဟူ၍သီးခြားဖွဲ့စည်းထားခြင်းမရှိ ဖြစ်လေရာ ပြည် ထောင်စုစစ်စစ် မူ အတိုင်း ဗဟိုကို အာဏာလုံးဝ ကန့်သတ်ပေးလိုက်ပြီး ကျန်အာဏာများအားလုံးကို ပြည်နယ်များအားပေးလိုက်လျှင် ဗမာပြည်မအတွက် အုပ်ချုပ်၍ ဖြစ်နိုင်တော့မည်မဟုတ်ချေ။ဤကားကျွန်တော် တို့ အခြေခံဥပဒေ၏ တတိယချို့ယွင်းချက်ပင်ဖြစ်ပေသည်။

ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ

ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ အဖွဲ့မျိုးကို အခြားမည်သည့် ပြည်ထောင်စု နိုင်ငံတွင်မှာမှ မတွေ့ရပါ။ပြည် ထောင်စုစစ်စစ်ဖြစ်သည့် အမေရိကန်၊ ဆွစ်ဇာလန်၊ ဆိုဗီယက်ယူနီယံ၊ သြစတေးလီးယားတို့တွင်၎င်း၊ ပြည် ထောင်စုအပျော့စားဖြစ်သည့် ကနေဒါတွင်၎င်း၊ ပြည်ထောင်စု အစိုးရအဖွဲ့တွင် ကျွန်တော်တို့အစိုးရအဖွဲ့ ကဲ့သို့ ပြည်နယ် ဝန်ကြီးဌာနများပါဝင် ဖွဲ့စည်းထားခြင်း မရှိကြပါ။

ကျွန်တော်တို့ ပြည်နယ် ဥက္ကဌများသည် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးများအဖြစ် ပါဝင်နေကြသည်။ ကျွန်တော်တို့ပြည်ထောင်စုတွင် နိုင်ငံတော်သမ္မတသည် ပြရုပ်မျှသာဖြစ်ပြီး အာဏာအရှိဆုံးပုဂ္ဂိုလ်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်သည်။

ပုဒ်မ ၅၆ (၂) အရ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်က အမည်တင်သွင်းသော ပုဂ္ဂိုလ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အခြားဝန်ကြီးများအဖြစ်ခန့်ထားရမည်။

ပုဒ်မ ၅၆ (၃) အရ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်၏ အကြံပေးချက်အရ ပြည်ထောင်စုအစိုးရ ဝန်ကြီးတဦးဦး၏ရာထူးနှုတ်ထွက်စာကို လက်ခံရမည်၊ သို့တည်းမဟုတ် ရာထူးမှ ရပ်စဲစေရမည်။

ကျွန်တော်တို့၏ အရပ်သားစကားဆိုလျှင် ဝန်ကြီးချုပ်က ကြိုက်နှစ်သက်၍ ရွေးချယ်သူများသာ ဝန်ကြီးများဖြစ်ရပြီး ဝန်ကြီးချုပ်ကအလိုမရှိသည့် တနေ့တွင် ဝန်ကြီးရာထူးမှ နှုတ်ထွက်ပေးရမည်။ ကျွန်တော်တို့ ပြည်နယ်ဝန် ကြီးများလည်း ဝန်ကြီးချုပ်က သဘောတူမှ ဝန်ကြီးဖြစ်နိုင်သည်၊ ဝန်ကြီးချုပ်က သဘောမတူသည့်အခါ ဝန်ကြီး မဖြစ်နိုင်ချေ။ ထို့ကြောင့် ပြည်နယ်ဝန်ကြီးများသည် ဝန်ကြီးချုပ်၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ကြရသည်။ ပြည်နယ် အစိုးရများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိ၍ ပြည်ထောင်စုအစိုးရသည် ပြည်နယ်အတွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိ ဟု ဆိုသော်လည်း ပြည်နယ်အုပ်ချုပ်ရေး၏ အကြီးအကဲဖြစ်သူ ပြည်နယ်ဥက္ကဌများမှာ ဝန်ကြီးချုပ်၏ ဆန္ဒနှင့် ဆန့်ကျင်သောကိစ္စများ ဘာမှမလုပ်နိုင် ဖြစ်ကြရာ ပြည်နယ်များ၏ ကိုယ်ပိုင်အုပ် ချုပ်ရေးမှာ အဓိပ္ပါယ်ကင်းမဲ့နေပေသည်။

တနည်းအားဖြင့် ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရေးကိစ္စများကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်နေစရာမလို၊ မိမိတို့ အစိုးရအဖွဲ့တွင် ပါဝင်နေသော ပြည်နယ်ဝန်ကြီးများမှတဆင့် သြဇာလွှမ်းမိုးနိုင်လေသည်။ သွယ်ဝိုက်သောနည်းဖြင့် ဝင်ရောက်စွက်ဖက်နိုင်လေသည်။

ဤသည်ပင် တပြည်ထောင်စံနစ်ကို ထင်ရှားစွာ ဖေါ်ပြနေလေသည်။ ထို့ကြောင့်ဦးချန်ထွန်းက လက်တွေ့တွင် တပြည်ထောင်စံနစ် Unitary ဖြစ်နေပါသည် ဟု ပါမောက္ခ တင့်ကာ အား ပြောပြခဲ့ပေသည်။
ဤကား ကျွန်တော်တို့ အခြေခံဥပဒေ၏ စတုတ္တချို့ယွင်းချက် ဖြစ်သည်။

ပြည်ထောင်စု ဘဏ္ဍာရေး

အာဏာနှင့်အခွင့်အရေးခွဲဝေနည်းကဲ့သို့ပင် ဘဏ္ဍာရေးခွဲဝေမှုသည်လည်း ပြည်နယ်များအား ပြည်နယ်အခွန် တော်စာရင်း ဟူ၍ ခွဲဝေကန့်သတ်ပေးထားပြီး ကျန်အားလုံးကို ဗဟိုက ယူထားလိုက်လေသည်။ ဗမာပြည်နယ်ဟူ၍ သီးခြားဖွဲ့စည်းထားခြင်း မရှိဘဲ ပြည်ထောင်စု ဟူ၍ ရောထွေးဖွဲ့စည်းထားလေရာ ဗဟိုဌာနများ ဟူ၍ သန့်သန့်ခွဲခြားရန် ခက်ခဲပေသည်။ ထို့ကြောင့် ဗဟိုပြည်ထောင်စုနှင့် သက်ဆိုင်သော အခွန်တော်ဝင်ငွေများကို ဘယ်သို့ခွဲဝေ၍ ဗဟိုပြည်ထောင်စုနှင့် သက်ဆိုင်သောဌာနများအတွက် ဘယ်သို့ကျခံရမည်ကို တိတိကျကျ သတ်မှတ်ရန် မလွယ်ကူတော့ပေ။

အခြေခံဥပဒေပုဒ်မ ၉၆ ခြွင်းချက်တွင်သာ ပြည်ထောင်စုအစိုးရသည် “ထောက်ပံ့ရန် လိုအပ်သည်ဟု ဆုံးဖြတ်သတ်မှတ်သော အထောက်အပံ့ငွေများကို” ပြည်နယ်အစိုးရများအား ပေးနိုင်သည် ဟု ဖေါ်ပြထားသည်။၎င်းပြဌာန်းချက်အရ ရရှိသော အထောက်အပံ့ငွေများဖြင့်သာ ပြည်နယ်များ အသက်ရှူနေကြရသည်။ ဤထောက်ပံ့ငွေများကို ဗဟိုအစိုးရက ပေးလိုက ပေးနိုင်သည်။ မပေးဘဲ နေလိုကလည်း နေနိုင်သည်။ ဤနည်းဖြင့် ဗဟိုအစိုး ရသည် ပြည်နယ်အစိုရများ၏ အသက်သွေးကြောကို ထိန်းချုပ်ထားလိုက်သည်။ ဤသည်ကို ထောက်ရ၍လည်း ဦးချန်ထွန်းက လက်တွေ့တွင် တပြည်ထောင်စံနစ် ဖြစ်သည် ဟု ပြောဟန်တူလေသည်။ပြည်နယ် များ အထူးသဖြင့် ကျွန်တော်တို့ရှမ်းပြည်၏ မကျေနပ်ချက်များသည် ဘဏ္ဍာရေးခွဲဝေမှု အပေါ်တွင် မြစ်ဖျားခံခဲ့သည်။

အခြား ပြည်ထောင်စု အခြေခံဥပဒေများတွင် ဘဏ္ဍာရေးခွဲဝေမှုနှင့် ပတ်သက်၍ အတိအကျ ပြဌာန်းထားခြင်း မရှိကြချေ။ မြန်မာပြည်ထောင်စုအခြေခံဥပဒေတွင်သာ အတိအကျ ပြဌာန်းထားပြီး အတိအကျလိုက်နာနေကြသည်။၊
ဤကား အခြေခံဥပဒေ၏ ပဉ္စမ ချို့ယွင်းချက်ဖြစ်သည်။

ပြည်ထောင်စုဘဏ္ဍာရေးနှင့်ပတ်သက်၍၎င်း၊ ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရေး ခွဲဝေမှုနှင့် ပတ်သက်၍၎င်း၊ သီးသန့်ဆောင်းပါးရေးပါဦးမည်။

အခြေခံ ဥပဒေပြင်ကြစို့

ရှမ်းပြည်နယ်၏ နစ်နာချက် မကျေနပ်ချက်များ ပြေလည်စေရန် လက်ရှိအခြေခံဥပဒေကို ပြန်လည်စီစစ်၍ ပြင်ဆင်ကြရပေမည်။ ယင်းသို့ ပြင်ဆင်သည့်အခါ အထက်တွင် ကျွန်တော်လေ့လာဆန်းစစ်ထားသော ချို့ယွင်းချက်ကြီး ၅ ချက်ကို ဦးတည်ပြီး ပြင်ဆင်ကြရပေလိမ့်မည်။

ယင်းချို့ယွင်းချက် ၅ ချက်တွင်အကြုံးဝင်သော အခဏ်းက္ဂများ၊ ပုဒ်မများ၊ ဇယားများ အားလုံးကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းများ ပြုရပါလိမ့်မည်။ ဆွစ်ဇာလန်ပြည်ထောင်စု၏ ၁၈၄၈ ခုနှစ်အခြေခံဥပဒေကို ၁၈၇၄ ခုနှစ်တွင် အခြေအနေအရ ပြန်လည်ပြင်ဆင်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

ယင်းကဲ့သို့ ပြင်ဆင်ဖြည့်စွက် နှုတ်ပယ်လိုက်လျှင် ကျွန်တော်တို့လိုလားသော ပြည်ထောင်စုကြီးသည် အကြမ်းအားဖြင့် အောက်ပါပုံသ္ဂာန်အတိုင်း ပေါ်လွင်လာပါလိမ့်မည်။

၂.၄ ကျွန်တော်တို့လိုလားသောပြည်ထောင်စု
၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင်-
၁) မြန်မာပြည်နယ်၊
၂) ရှမ်းပြည်နယ်၊
၃) ကချင်ပြည်နယ်၊
၄) ကရင်ပြည်နယ်၊
၅) ကယားပြည်နယ်၊
၆) ချင်းပြည်နယ်၊
ရ) ရခိုင်ပြည်နယ်၊
၈) မွန်ပြည်နယ် များပါဝင်ကြမည်။

(၂) ဤပြည်နယ်များသည် တန်းတူရည်တူဖြစ်ကြပြီး ဗဟိုပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ လုံးဝအချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံများ ဖြစ်ကြမည်။ (ဆွစ်ဇာလန်နှင့် အမေရိကန် ပြည်ထောင်စုများကဲ့သို့)

(၃) ပြည်နယ်အသီးသီးတွင် သီးခြားအခြေခံဥပဒေများ၊ သီးခြားဥပဒေပြုအဖွဲ့များ၊ သီးခြားအစိုးရအဖွဲ့များ ရှိကြမည်။

(၄) ပြည်ထောင်စုပါလီမန်တွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ဟူ၍ လွှတ်တော် ၂ ရပ်ပါဝင်မည်။ ပြည်သူ့လွှတ်တော်ကို လူဦးရေအလိုက် ရွေးကောက်တင်မြှောက်၍ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များသည် ကိုယ်စားလှယ်ဦးရေ အညီအမျှ စေလွှတ်ကြမည်။

လွှတ်တော် ၂ ရပ်စလုံး တန်းတူအာဏာ ရှိကြမည်။

(၅) လွှတ်တော် ၂ ရပ် ပူးတွဲကျင်းပသော အစည်းအဝေးမှ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံတော်သမ္မတကို ရွေးကောက်တင်မြှောက်မည်။ အစိုးရအဖွဲ့ ပုံစံမှာ ဆွစ်ဇာလန် အစိုးရနှင့် ခပ်ဆင်ဆင်ဖြစ်မည်။ သို့သော် မြန်မာပြည်ထောင်စု အစိုးရအဖွဲ့သည် ပါလီမန်ကိုတာဝန်ခံရမည်၊ အစိုးရအဖွဲ့ ဝန်ကြီးများသည် ပါလီမန်အမတ်များသာဖြစ်ရမည်။

(၆) အောက်ပါဌာနများကို ပြည်ထောင်စုဌာနများအဖြစ် သတ်မှတ်ထားမည်။
၁) နိုင်ငံခြားဆက်သွယ်ရေး
၂) ကာကွယ်ရေး
၃) ငွေစက္ကူနှင့် ငွေဒင်္ဂ ါးထုတ်လုပ်ရေး
၄) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
၅) မီးရထားနှင့် လေကြောင်းဆက်သွယ်ရေး
၆) ဆိပ်ကမ်းခွန်ကောက်ခံရေး
ရ) ပြည်ထောင်စု ဘဏ္ဍာရေး
၈) ပြည်ထောင်စု တရားစီရင်ရေး
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုစစ်စစ်အစိုးရအဖွဲ့ဖြစ်လေရာ ပြည်နယ်ဝန်ကြီးဌာနများ ပါဝင်လိမ့်မည်မဟုတ်ပေ။
(၇) ပြည်နယ်များအားလုံးသည် Complete Autonomy လုံးဝကိုယ်ပိုင် အုပ်ချုပ်ရေးရှိကြမည်။ ပြည်နယ်အချင်းချင်းကသော်၎င်း၊ ပြည်ထောင်စုကသော်၎င်း၊ ပြည်နယ်အတွင်းရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်နိုင်ခွင့် မရှိစေရ။ ပြည်နယ်အုပ်ချုပ်ရေး အကြီးအမှူးများကို ပြည်နယ်သမ္မတများ ဟု ခေါ်တွင်စေမည်။
(၈) ပြည်နယ်တိုင်းသည် ပြည်ထောင်စုမှ ခွဲထွက်နိုင်သောအခွင့်အရေး ရှိကြမည်။
(၉) ဆွစ်ဇာလန်ပြည်ထောင်စုမှာကဲ့သို့ ပြည်ထောင်စု အမြဲတန်း စစ်တပ်ထားရှိရေး မရှိရေးကို ပြည်ထောင်စုပါလီမန်က အလေးအနက် စဉ်းစားမည်။

ဤကား ကျွန်တော်တို့ပြင်ဆင်လိုသော ပြည်ထောင်စုပုံစံအကြမ်း ဖြစ်ပါသည်။ ပါလီမန်အမတ်များနှင့် ဥပဒေပညာရှင်ကြီးများက အချောကိုင်ပြီး ရုပ်လုံးဖေါ်ပေးကြလိမ့်မည် ဟု ကျွန်တော် အထူးမျှော်လင့်ပါသည်။တန်း တူညီမျှ၍ တပြေးညီစွာတိုးတက်သော ပြည်ထောင်စုကြီး အမြန်ပေါ်ပေါက်ပါစေသတည်း။ရှမ်းပြည် အမျို းသား အပေါင်းတို့စည်းလုံး ညီညွှတ်ကြလော့။

[ပြီးပါပြီ။ ၁၉၆၁-ခုနှစ်က ရေးသားသော ဆောင်းပါးဖြစ်ပါတယ်။]
-
၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာမသိမ်းမီကာလတွင် ပြည်ထောင်စုအတွင်း Federal နှင့် ပတ်သက်၍ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာတွေ တောင်းဆိုခဲ့သလဲ စသည်တို့ကို အဖက်ဖက်မှ အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ ဆဝါးခန့်မှန်းနိုင်ကြပါရန် ထိုစဉ်အချိန်က ပါဝင်ပတ်သက်ခဲ့သူအချို့၏ သ ဘောထားမှတ်ချက်မှာကို စုဆောင်တင်ပြသွားမည် ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း၊ မမှန်မကန် ပြင်ဆင်ရေးသားခြင်း ပြုမည်မဟုတ်ပါကြောင်း အာမခံပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဦးဇန်ထာရှင်၏ “ဒီမိုကရေစီပြောင်းပြန်” ဆောင်းပါးအား ဆက်လက် ဖော်ပြပါမည်။

မိမိတို့ ခံစားချက်အရ အမြင်အမျိုးမျိုး ရှိနိုင်သော်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏ အပြောအဆို အပြုအမူကြောင့် မိမိတို့ချစ်သော ပြည်ထောင်စုအား မထိခိုက်ပါစေရန် တိုင်းရင်းသားအချင်းချင်း အမုန်းပွားစေနိုင်သော Comment များကို မပေးကြပါရန် ကြိုတင်မေတ္တာရပ်ပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */