" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 21, 2022

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် နယ်စပ် နေထိုင် သူများ ကြောက်နေရ

ဧရာဝတီ 
21 September 2022
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ / ဧရာဝတီ

မြန်မာနယ်စပ်နှင့် ထိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန် ခရိုင်မှ ရိုဟင်ဂျာ ၄,၀၀၀ ခန့်အပါအဝင် ခန့်မှန်း ခြေ လူ ၁၀,၀၀၀ သည် မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်များ၊ ဒရုန်းများ၊ မော်တာများနှင့် စက်သေနတ် ပစ်ခတ်မှုများကို စိုးရိမ်ထိတ်လန့် နေကြရသည်။

ပြီးခဲ့သည့် သောကြာနေ့ညနေတွင် အနည်းဆုံး မော်တာကျည် ၃ လုံးကို နယ်စပ်ဖြတ်ကျော် ပစ်ခတ်သော ကြောင့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် အစ်ခ်ဘယ် သေဆုံးပြီး အခြားသူ ၆ ဦး ဒဏ်ရာရသောကြောင့် ၎င်းတို့ကို ဆေးရုံ ပို့လိုက်ရသည်။

ရိုဟင်ဂျာအများအပြားသည် ကူတူပါလောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော ရိုဟင်ဂျာ လူမှုအသိုက်အ ဝန်း ခေါင်းဆောင်များက ပြောသည်။

မလုံခြုံသော နယ်စပ်တလျှောက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်များကို တပ်လှန့်ထားသည်။

ဘင်္ဂလားဒေ့ရှ်အရာရှိများသည် ထိုဒေသသို့ တနင်္လာနေ့တွင် သွားရောက်ပြီးနောက် ထိခိုက်လွယ်သော အခြေချနေထိုင်ရာနေရာများကို ရွှေ့ပြောင်းရေး ဒုက္ခသည် ကိုယ်စားလှယ်များနှင့် ဆွေးနွေးသည်။

နယ်စပ်မှ ဒုက္ခသည်များက တောင်းဆိုပါက ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ဘန်ဒါဘန်မှ ဒုတိယအုပ်ချုပ်ရေးမှူး ယက်စမင် ပါဗင် တီဘရီဂျီက သတင်းထောက်များကို တနင်္လာနေ့တွင် ပြောသည်။

လူသေဆုံးမှုဖြစ်စေသည့် သောကြာနေ့က ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန် မာသံအမတ် ဦးအောင်ကျော်မိုးကို တနင်္ဂနွေနေ့တွင် ဆင့်ခေါ်သည်။

နယ်စပ်ထိပါးမှုများကို ကန့်ကွက်ရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာသံအမတ်ကို နိုင်ငံခြားရေး ဝန် ကြီးဌာနသို့ ဆင့်ခေါ်ရသည်မှာ သြဂုတ်လ ၂၁ ရက်နေ့နောက်ပိုင်းတွင် ၄ ကြိမ်မြောက် ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် “ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှ ပြည်သူများကို လူထိခိုက်သေဆုံးမှုဖြစ်စေသော မြန်မာမှ မော်တာကျည်များ၊ လေကြောင်းမှ ပစ်ခတ်မှုများနှင့် လေပိုင်နက် ချိုးဖောက်မှုများအတွက် မြန်မာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်သည်” ဟု ဖော်ပြထားသည်။

ထိုကန့်ကွက်လွှာကို လက်ခံသော မြန်မာသံအမတ်က မော်တာပစ်ခတ်ခြင်းကို ဝန်ခံသော်လည်း ထိုပစ်ခတ်မှု သည် နယ်စပ်အနီးတွင် စစ်ကောင်စီကို တိုက်ခိုက်နေသော သူပုန်အဖွဲ့များက ပစ်ခတ်သည်ဟု ပြောသည်။ ထိုစွပ်စွဲချက်ကို ရက္ခိုင့်တပ်တော် (AA) က ငြင်းဆိုပြီး ထိုသို့ပစ်ခတ်ခြင်းကို ရှုတ်ချသည်။

“မြန်မာအစိုးရသည် မြန်မာနိုင်ငံတွင် လုံခြုံမှုထိန်းသိမ်းရေးအတွက် တာဝန်ရှိရုံသာမက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် လေပိုင်နက်ကို မချိုးဖောက်အောင် လုပ်ဆောင်ရန်ပါ တာဝန်ရှိကြောင်း သံအမတ်ကို ပြောကြား လိုက်သည်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အကြမ်းဖက်ဝါဒကို လုံးဝလက်မခံကြောင်းနှင့် အိမ်နီးချင်းများ၏ လုံခြုံရေးကို ရန်လိုသော မည်သည့်အစိတ်အပိုင်းကိုမျှ လက်ခံထားခြင်း မရှိကြောင်း ထပ်မံပြောကြားခဲ့သည်။

မြန်မာအနေဖြင့် နယ်စပ်အနီးတွင် သတိလက်လွတ် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းရန်နှင့် မြန်မာမှ မည်သည့် ခဲယမ်းမျှ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မကျအောင်လုပ်ရန် ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလိုက်သည်။

“မြန်မာမှ အတင်းအကျပ် မောင်းထုတ်ခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာယီခိုလှုံနေသော မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်မှု စတင်ရေးအတွက် လက်ရှိအခြေအနေသည် အဟန့်အတားဖြစ်ကြောင်း မြန်မာသံအမတ်ကို သတိပေးခဲ့သည်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒပ်ဇမန် ခန်က ထိုပြဿနာကို သံတမန်နည်းလမ်းဖြင့် ကိုင်တွယ်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂမှတဆင့် ဖြစ်နိုင်ကြောင်း ပြောသည်။

လူတဦးသေဆုံးပြီး အများဒဏ်ရာရသည်ဆိုသည့် သတင်းများကို စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာကုလ သမဂ္ဂညှိနှိုင်းရေးမှူး ဂွင် လူးဝစ်က ဧရာဝတီသတင်းဌာနသို့ တနင်္လာနေ့တွင် ပြောသည်။

“အရပ်သားတွေရဲ့ အသက်တွေကို ကာကွယ်ပေးရမယ်။ နောက်ထပ် ထိခိုက်ဒဏ်ရာရတာတွေ၊ တင်းမာမှု မြင့်မားတာတွေကို ရှောင်ရှားပြီး ထိန်းသိမ်းဖို့ ကုလသမဂ္ဂက တောင်းဆိုတယ်။ ကုလသမဂ္ဂလုံခြုံရေး အဖွဲ့တွေက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်” ဟုလည်း သူကဆက်ပြောသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ ဖြိုခွဲမှုများကြောင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာစခန်းခေါင်းဆောင် ဒီလ် မိုဟာမက်က မော်တာကျရောက် ပေါက်ကွဲသံများကို တနင်္ဂနွေနေ့တွင် စခန်းမှ ကြားရကြောင်း ပြောသည်။

စခန်းတွင် နေထိုင်သူများ ထိတ်လန့်နေကြောင်းလည်း သူကပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် အမြောက်ဆံများ ကျရောက်ပြီးနောက် နေအိမ်ကို စွန့်ခွာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နေထိုင်သည့် အသက် ၄၀ ရှိပြီဖြစ်သော ဟာမီဒါ ဘီဂင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

သူ၏ ဆွေမျိုးများမှ အမျိုးသားများသည်ပင် ကြောက်လန့်နေသောကြောင့် အလုပ်မသွားကြကြောင်းလည်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းများနှင့် စစ်ပွဲများကို မလိုလားကြောင်း လွန်ခဲ့သောအပတ်က ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့က နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် မြန်မာသံအမတ်ကို ခေါ်ယူကန့် ကွက်ပြီး ၅ ရက်အကြာ စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီ လေယာဉ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အနည်းဆုံး ၂ ကြိမ် ပစ်ခတ်ခဲ့သည်။

ဒါကာမှ ဧရာဝတီ သတင်းထောက် Muktadir Rashid ပေးပို့သော Bangladesh Border Residents Live in Fear of Myanmar Junta Attacks သတင်းကို ဘာသာပြန်သည်။

You may also like these stories:



Topics: AA, စစ်ကောင်စီ, ဒုက္ခသည်စခန်း, နယ်ခြားစောင့်တပ်, ဘင်္ဂလားဒေ့ရှ်, ရက္ခိုင့်တပ်တော်, ရိုဟင်ဂျာ
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */