Monday, June 7, 2021

ရိုဟင်ဂျာအရေး ရခိုင်တိုင်းရင်းသားများ မစိုးရိမ်ရန် NUG ပြော

Myanmar Now
Published on Jun 5, 2021

ခေတ်အဆက်အဆက် ဖြေရှင်းမရသည့် ပြဿနာကို အလျင်စလိုလုပ်လျှင်၊ ဒေသအတွင်းအတူနေထိုင်ရမည့် သူများနှင့် ဆွေးနွေးခြင်းမရှိဘဲ ဆုံးဖြတ်လျှင် ဆိုးကျိုးသာဖြစ်စေမည်ဟု ရခိုင်အမျိုးသားပါတီက သတိပေး သည်။

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ရိုဟင်ဂျာများကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)
 
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသူများကို ရိုဟင်ဂျာဟု အသိအမှတ်ပြုခေါ်ဆိုခြင်း၊ နိုင်ငံ သားဖြစ်မှုဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းများအပေါ် ရခိုင်တိုင်းရင်းသားများ မစိုးရိမ်ကြရန် အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) က ဆိုသည်။

“ရိုဟင်ဂျာများကို အသိအမှတ်ပြုခြင်းက ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူများကို စော်ကားနှိမ့်ချဖို့မဟုတ်ပါဘူး” ဟု NUG အစိုးရအဖွဲ့၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။

NUG အစိုးရအဖွဲ့၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ (ဇွန် ၅) ညနေပိုင်းက အွန်လိုင်းမှ တစ် ဆင့် ပြုလုပ်ခဲ့ရာတွင် ရိုဟင်ဂျာအရေးရပ်တည်ချက်နှင့် စပ်လျဉ်း၍လည်း NUG တာဝန်ရှိသူများက ထည့် သွင်းဖြေကြားခဲ့သည်။

မြန်မာပြည်တွင်းရှိ ပြဿနာများကို ဖြေရှင်းရာတွင် အားလုံးပါဝင်မှုဖြင့် ဖြေရှင်းနိုင်မှ အဖြေမှန်နှင့် ငြိမ်းချမ်းရေး ကို ရှေးရှုနိုင်မည်ဖြစ်သောကြောင့် ရိုဟင်ဂျာအရေးကို NUG က ထုတ်ဖော်ပြောဆိုရခြင်းဖြစ်သည်ဟု လူ့အခွင့် အရေး ပညာပေးအဖွဲ့ Equality Myanmar တည်ထောင်သူလည်းဖြစ်သည့် ဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“တစ်ခုခု၊ တစ်ယောက်ယောက်၊ အုပ်စုတစ်စုစုကို ဖွင့်ပေးလိုက်ခြင်းက ကိုယ့်ကိုထိခိုက်မလားဆိုတဲ့ပုံစံမျိုး မမြင်စေချင်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့အသက်ရှင်ခွင့်၊ လုံခြုံခွင့်ကို စိတ် ချမ်းသာစွာနဲ့ ပြည့်ပြည့်ဝဝခံစားနိုင်ဖို့ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

NUG က ထုတ်ပြန်ထားပြီးဖြစ်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်ပြင်ဆင်သည့်အခါတွင် ဥပဒေ၌ ကန့်သတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်က နိုင်ငံသားဖြစ်ခွင့်မရှိဟူသော အချက်ကို အဓိကထားသုံးသပ်မည်ဟုလည်း ဦးအောင်မျိုးမင်းက ဆိုသည်။

“ခွဲခြားမှုကိုဖြစ်စေတဲ့၊ လူမျိုးဖြစ်မှုကို ဦးတည်ပြီးသတ်မှတ်တဲ့ နိုင်ငံသားဖြစ်မှုပုံစံကို ကျွန်တော်တို့ မလိုလား အပ် ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ထားသောမိဘများက မွေးဖွားသောသူများအားလုံးကို နိုင်ငံသား အဖြစ် အသိ အမှတ်ပြုဖို့ဦးတည်ချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် NUG ၏ လက်ရှိခြေလှမ်းသည် မူဝါဒပိုင်းဆိုင်ရာအဆင့်တွင်သာ ရှိသေးပြီး အကောင်အထည်ဖော် လုပ် ဆောင်နိုင်ရန် အဆင့်များစွာ ကျန်သေးသည့်သဖြင့် အသေးစိတ်ကိုမူ ရှင်းမပြနိုင်သေးကြောင်း ဦးအောင် မျိုးမင်းက ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းကမူ NUG အစိုးရက ရိုဟင်ဂျာဟု သုံးနှုန်းခြင်း၊ နိုင်ငံသားဖြစ်မှုကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းများအပေါ် မေးခွန်းများစွာထုတ်ရန်ရှိသည်ဟု Myanmar Now ကို မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရမတိုင်မီ အစိုးရအဆက် ဆက်များလက်ထက်ကလည်းက ရိုဟင်ဂျာပြဿနာမှာ ဖြေရှင်းမရသည့် အရှုပ်အထွေးအဖြစ်ရှိနေသည်ကို NUG က မည်သည့်အတွက် ကိုင်တွယ်ရန် စဉ်းစားသည်ကို နားမလည်ကြောင်းလည်း ဦးဖေသန်းက ပြော သည်။

“ဘာလို့အလျင်စလိုလုပ်နေရတာလဲ”ဟု ၎င်းက ပြောသည်။

နိုင်ငံသားဖြစ်မှုကို စဉ်းစားမည်ဆိုပါက နယ်စပ်မှ အချိန်မရွေး အင်နှင့်အားနှင့် ခိုးဝင်နိုင်သည့် အခြေအနေကို ထည့်သွင်းမစဉ်းစားလျှင် မှားမည်ဟုလည်း ဦးဖေသန်းက ပြောသည်။

“နိုင်ငံသားဥပဒေပြင်ပြီးတော့ လျှော့ဈေးနဲ့ လက်ခံမယ်ဆိုတဲ့သဘောက ကျွန်တော်တို့ရခိုင်ပြည်နယ်နဲ့ ကိုက် ညီမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ရိုဟင်ဂျာအရေးကိစ္စကို ဒေသအတွင်းအတူနေထိုင်ရမည့် ရခိုင်တိုင်းရင်းသားများ၏ သဘောဆန္ဒမပါဘဲ လုပ် ဆောင်လျှင် ကောင်းကျိုးထက်၊ ဆိုးကျိုးသာ ပိုဖြစ်စေနိုင်ပြီး NUG က တာဝန်ခံရလိမ့်မည်ဟု ဦးဖေသန်းက သတိပေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအာဏာရခဲ့စဉ်အတွင်း ရိုဟင်ဂျာနှင့် ဘင်္ဂါလီဟူသော အသုံးအနှုန်းအပြင် နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ရန်ကိစ္စမှာ အမုန်းတရားနှင့် အငြင်း ပွားမှုများကိုသာ ဖြစ်စေနိုင်သည်ဆိုသော အကြောင်းပြချက်ဖြင့် သတိထားပြောဆိုလေ့ရှိသည်။

၂၀၁၆-၁၇ ကာလ စစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မှ အိမ်နီးချင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသူ ခုနှစ်သိန်းနီးပါးရှိသည်ဟု ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းက ပြော ဆိုထားသည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုထားသည်။

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံးသို့ သွား ရောက်ဖြေရှင်းခဲ့ရာတွင် မြန်မာနိုင်ငံကိုယ်စား ခုခံလျှောက်လဲခဲ့သည့်အပြင် လူမျိုးတုန်းသတ်ဖြတ်မှု အဓိကတရား ခံအဖြစ် စွပ်စွဲခံထားရသည့် စစ်တပ်ကိုလည်း ကာကွယ်ပြောကြားခဲ့သည်။

သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့ကို ဖြုတ်ချကာ အာ ဏာသိမ်းပြီးချိန်မှ ယနေ့အထိ ICJ တွင် တရားစွဲဆိုခံထားရသည့်ကိစ္စအပေါ် မည်သို့ဆက်လက်ဆောင် ရွက်မည်ကို အာဏာသိမ်းစစ်ကောင်စီက တိတိကျကျထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

မကြာသေးမီရက်ပိုင်းအတွင်းက ပြုလုပ်သည့် တရုတ်နိုင်ငံ Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ် ခု တွင်မူ ရိုဟင်ဂျာဟူ၍ မြန်မာနိုင်ငံတွင်မရှိကြောင်း၊ နိုင်ငံသားဖြစ်မှုကို ၁၉၈၂ ဥပဒေဖြင့်သာ လုပ်ဆောင် မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */