" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 20, 2020

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

ဧရာဝတီ 
ထက်ခေါင်လင်း
20 January 2020
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ် / ဧရာဝတီ
 
 ရခိုင်ပြည်နယ်အရေး ဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိ သည် ဆို ခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရဟု ပါရှိကြောင်း သိရသည်။

ယင်း အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ကော်မရှင်က ယနေ့ ပေးအပ်လိုက်သည်။

အစီရင်ခံစာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု များ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံ သုံးစွဲခဲ့သည်ဆိုသော အချက်ကို မငြင်းဆန်သော်လည်း ရခိုင်အရေး တွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိသည် ဆိုခြင်းနှင့် ပတ်သက်ပြီး မြေ ပြင် လေ့လာ တွေ့ရှိချက်များအရ ကောက်ချက်ချနိုင်သည့် အချက်အလက် မတွေ့ရှိခဲ့ရဟု အဆိုပါ ကော်မရှင်၏ သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ရခိုင် မြောက်ပိုင်း၌ ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က စတင် တိုက်ခိုက်သည့် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အတွင်း စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် ပြည်တွင်းဥပဒေ ချိုးဖောက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို ကျူးလွန်မှုများတွင် မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်ရန် ယုံကြည်လောက်သည့် အကြောင်းများ ရှိကြောင်းလည်း အဆိုပါ ICOE ၏ သတင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

ARSA က ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ လုံခြုံရေး ရဲ တပ်ဖွဲ့ စခန်းပေါင်း ၃၀ နှင့် တပ်မတော် တပ်ရင်း ဌာနချုပ် တခုတို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ARSA အဖွဲ့၏ ကနဦး တိုက်ခိုက်မှုသည် မြန်မာ့လုံခြုံရေး တပ်ဖွဲ့များ၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ရွာသား များ အား သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ နေအိမ်များအား ဖျက်ဆီးခြင်းတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်တချို့က အင်အား အ လွန်အကျွံ အသုံးပြု လုပ်ဆောင်ခဲ့သည် ဆိုသော်လည်း ထိုသတ်ဖြတ်မှုများနှင့် နေရပ် စွန့်ခွာစေသော လုပ်ရပ် များအား မွတ်စလင် အသိုင်းအဝိုင်းနှင့် အခြား လူမှု အသိုင်းအဝိုင်းတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ကြောင်း ပြသသည့် အထောက် အထား မတွေ့ရဟုလည်း ဆိုသည်။

ထိုကဲ့သို့ ပြုလုပ်ခဲ့သည်ဆိုသော ကောက်ချက်ချနိုင်သည့် အထောက်အထားများနှင့် ပတ်သက်၍ ICOE အဖွဲ့၏ မြေပြင် အချက်အလက် အထောက်အထားများ ရှာဖွေ အတည်ပြုရေး အဖွဲ့ (ECVT) က ပေးပို့ သည့် အချက် အ လက် များတွင်လည်း ဖော်ပြမှုများ မရှိခဲ့ဟု သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့ ပေးအပ်လိုက်သည့် ICOE အဖွဲ့၏ အစီရင်ခံစာ ပြုစုရေးနှင့် ပတ်သက်ပြီး အဖွဲ့ ဖွဲ့စည်းစဉ်က ဥက္ကဋ္ဌ အဖြစ် ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂ အမျိုးသမီးများနှင့် ကလေးသူ ငယ်၊ မိန်းက လေး ငယ်များ အရေးကို အဓိက ဦးတည်ဆောင်ရွက် ပေးသည့် CEDAW ကော်မတီ၏ ဥက္ကဋ္ဌ ဟောင်းဖြစ်သူ သံ အမတ် ရိုဆာရီယို မယ်နာလို၊ လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များ ဆိုင်ရာ ကုလ သမဂ္ဂ ဒုတိယအတွင်း ရေးမှူးချုပ် နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်းဖြစ်သူ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ကင်ဇိုအိုရှီးမား တို့ လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံဘက်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ပါမော က္ခ ဒေါက်တာ အောင်ထွန်းသက် တို့လည်း ပါဝင်သည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး မေးမြန်းရန် အဆိုပါ ကော်မရှင်တွင် ပါဝင်သည့် ပါမောက္ခ ဒေါက်တာ အောင်ထွန်း သက် ဆီသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ကော်မရှင်၏ အစီရင်ခံစာအရ အရှိတရားကို ချပြခဲ့ခြင်း ဖြစ်ကြောင်း၊ မှန်ကန်သော လမ်းကြောင်းဖြစ်သည့် ပြစ်မှု ကျူးလွန်ခဲ့သည်ကို ဝန်ခံခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း ၂ဝ၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂအတွင်း ရေး မှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွင် အဖွဲ့ဝင် တဦးဖြစ်ခဲ့ သော မွတ်စလင် တဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်က ပြောသည်။

ICOE အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်နေစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ဦးအေးလွင်က “ပြစ်မှုဖြစ်ခဲ့တယ်ဆိုတာ ဝန်ခံပြီးသွားပြီလေ။ အဲ့ဒီ ပြစ်မှုကျူးလွန်သူတွေကို အရေး ယူရတော့မှာ ပေါ့။ သူတို့က ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ ဘယ်လိုပြစ်မှုကျူးလွန်ခဲ့ပါစေ၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကိုတော့ လုပ်ရ တော့မှာ ပေါ့။ အရင် ကျနော်တို့ အဖွဲ့က အကြံပေးရုံပဲ။ ဒီအဖွဲ့ကတော့ အရင်ကထက်စာရင် သာလာတယ်လို့ ယူ ဆရမယ်” ဟု ပြောဆိုသည်။

ICOE အနေဖြင့် အစီရင်ခံစာ အချက်အလက်များ ရရှိရေးအတွက် ထိခိုက်ခဲ့သော လူမှုအသိုင်းအဝိုင်း၊ မျက် မြင် သက်သေများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ပြောဆိုချက်များကို အလေးထားပြီး မြေပြင် အချက်အလက် အ ထောက်အထား ရှာဖွေရေး အဖွဲ့ဝင်များကို ရန်ကုန်၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်များသို့ စေလွှတ်၍ ဆောင် ရွက် မှုများ ပြုလုပ်ကြောင်း၊ မွတ်စလင် အသိုင်းအဝိုင်း၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် မျက်မြင်သက်သေ ၁၅ဝဝ ခန့်ကို တွေ့ဆုံး မေးမြန်းခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး မြန်မာ အစိုးရကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှု ရှိကြောင်း ဆို သည်။

သို့ရာတွင် အဆိုပါ စာမျက်နှာ ၄ဝဝ ကျော်ရှိသည့် အစီရင်ခံစာသည် အများပြည်သူများအပြင် နိုင်ငံတကာ ကပါ စိတ်ဝင်စား နေကြသည့် အစီရင်ခံစာ ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် အများပြည်သူ သိရှိစေ ရေးအတွက် နည်းလမ်းတမျိုးမျိုးဖြင့် ထုတ်ပြန်ပေးသင့်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

ဦးဘိုကြည်က “ဒီ အစီရင်ခံစာက နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ကိစ္စအပေါ် အ ကုန်လုံး သက်ရောက်ချင်မှ သက်ရောက်မယ်။ ဒါပေမယ့် နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံ အပေါ် ရခိုင်ပြည် နယ်က ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီးတော့ ထင်မြင်ယူဆနေတဲ့ အချက်တွေအပေါ်တော့ သက် ရောက်မယ် ထင်တယ်။ အဲ့ဒါကြောင့် ကျနော်တို့ ပြည်သူတွေရော၊ နိုင်ငံတကာက လူတွေရော သိအောင် အင်္ဂလိပ် ဘာသာနဲ့ ရော၊ မြန်မာ ဘာသာနဲ့ရော ထုတ်ပြန်ပေးသင့်တယ်လို့ ယူဆတယ်” ဟု ဆိုသည်။

ထို့ပြင် ၎င်း က “အစိုးရဆီမှာ ရှေ့ဆက်လုပ်ရမယ့် အပိုင်း ရှိချင်ရှိပါလိမ့်မယ်။ ဒါက တပိုင်းပါ။ ဒါပေမယ့် ပြည် သူလူထု အနေနဲ့ ဒီအချက်တွေကို သိသင့်တယ်လို့ ယူဆတယ်။ အခုက ဒီကော်မရှင်က ဘာတွေ တွေ့ရှိခဲ့ တယ်၊ ဘယ်လိုလုပ်ခဲ့ တယ် ဆိုတာ အစီရင်ခံစာ အပြည့်အစုံကို ကျနော်တို့ မသိရတော့ ကျနော် တို့မှာ ဘာ လဲဆိုတာ ဝေဖန် သုံးသပ်ရ ခက် ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

You may also like these stories:

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */