Monday, October 13, 2025

မောင်တောတွင် ARSA နှင့် RSO တို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

DVB
October 13, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ လိပ်ရခွဆုံအနားမှာ ရိုဟင်ဂျာလက်နက်ကိုင် ARSA နဲ့ RSO အဖွဲ့ဝင် ၁၀ ယောက်က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက် နေ့လယ် ၃ နာရီလောက်မှာ မောင်တောမြောက်ပိုင်း၊ လိပ်ရခွဆုံရဲ့ တောင်ဘက် မီတာ ၂၀၀ လောက်အကွာမှာ ဒေသခံ ဆိုင်ကယ် ကယ်ရီသမား ၃ ယောက်ကို ချုံခိုတိုက်ခိုက်ခဲ့တာပါ။

အခုလိုတိုက်ခိုက်မှုကြောင့် အသက် ၂၂ နှစ်အရွယ် ကိုငြိမ်းချမ်းဟာ နောက်ကျောကို ကျည်ဝင်ပြီး ဝမ်းဗိုက်က ဖောက်ထွက်သွားတဲ့ ကျည်ဆန်ဒဏ်ရာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုသောင်းဇင်နဲ့ ကိုနိုင်လင်းတို့ကိုလည်း AA က ပြင်းထန်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပြီး အချိန်မီ ဆေးကုသမှု ပေးနိုင်ခဲ့လို့ အသက်ရှင်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဆိုင်ကယ် ကယ်ရီမောင်းသမား ၃ ယောက်ဟာ နံ့သာတောင်ကနေ ကြိမ်ချောင်းကို အခြေခံ လူသုံးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးနေကြတဲ့ တနိုင်တပိုင် ဝမ်းစာရှာဖွေနေတဲ့ ဒေသခံပြည်သူတွေပါလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မောင်တောဒေသခံ ကုန်သည်တယောက်က “ခုဆိုရင် ကျနော်တို့ကုန်သည်တွေက လုံးဝ မသွားရဲတော့ဘူး။ ကုန်ပစ္စည်းတွေ တင်ပို့လို့ ရှိရင်လည်း ဒီ ARSA တွေက လမ်းမှာ ပစ္စည်းတွေကို လုယက်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတယ်လေ၊ အသက်လောက် အ‌ရေးကြီးတာ မရှိပါဘူး” လို့ ပြောပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ARSA၊ RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ရဲ့ အကူအ ညီကို အပြည့်အဝရယူပြီးတော့ နတ်မြစ်နဲ့ မယူတောင်တန်း လမ်းကြောင်းတွေက တဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်တဲ့ မောင်တောခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ လုယက် ငွေညှစ်တာတွေ၊ ပြန်ပေးဆွဲတာနဲ့ မိုင်းခွဲတိုက်ခိုက်တာတွေကိုပါ ဆက်တိုက်ကျူးလွန်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ကေခိုင်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */