Monday, October 13, 2025

အကျင့်ပျက် BGB အရာရှိများက ARSA နှင့် RSO အဖွဲ့များကို စစ်ရေးဆိုင်ရာ အကူအညီပေးနေ၍ အရေးယူပေးရန် AA ထပ်မံ တောင်းဆို

Western News
အောက်တိုဘာ ၁၃

■ အကျင့်ပျက် BGB အရာရှိများက ARSA နှင့် RSO အဖွဲ့များကို စစ်ရေးဆိုင်ရာ အကူအညီပေးနေ၍ အရေးယူပေးရန် AA ထပ်မံ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ထဲမှ အကျင့်ပျက်အရာရှိအချို့မှာ စစ်ရေးဆိုင်ရာ အချက်အလက်များ ပံ့ပိုးကူညီပေးနေ၍ လက်ရှိ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ထပ်မံတောင်းဆိုကြောင် AA က ထုတ်ပြန်သည်။

ARSA နှင့် RSO အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် - ရခိုင်နယ်စပ်တစ်လျှောက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ ယာယီစခန်း၊ အခိုင်အမာ စခန်းများကို တည်ဆောက်ပြီး ယင်းနေရာများမှ တစ်ဆင့် ရခိုင်ပြည်အတွင်းသို့ စိမ့်ဝင်နေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်ဒေသတွင် အကြမ်းဖက်မှုများ ဆောင်ရွက်နေသော ARSA နှင့် RSO အဖွဲ့များသည် အရပ်သားများကို သတ်ဖြတ်မှု ဖမ်ဆီးမှု၊ ပြန်ပေးဆွဲမှု၊ မိုင်းထောင်မှုများ ဆက်တိုက် လုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ဝင်ရောက်ကာ AA ၏ လုံခြုံရေးစခန်းများအား လျှပ်တစ်ပြတ် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှနေ၍ နှောင့်ယှက်ပစ်ခတ်ခြင်း၊ ရန်စပစ်ခတ်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့အရပ်သားများအား သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြိမ်းခြောက်ခြင်းတို့ကို ယခုရက်များအတွင်း ပိုမိုပြုလုပ်လာသည်ဟု AA က ထုတ်ပြန်ထားသည်။

ARSA နှင့် RSO အဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများနှင့် ၎င်းတို့ အသုံးပြုနေသော လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းများမှာ စစ်ကောင်စီနှင့် အကျင့်ပျက် BGB အရာရှိတချို့မှ ငွေကြေးရယူပြီး ရောင်းပေးခြင်း၊ ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း AA က ဆိုသည်။

ARSA နှင့် RSO အဖွဲ့များကို စစ်ကောင်စီက ဟန်ချက်ညီ ကူညီပေးနေသလို ဘင်္ဂလားဒေ့ရှ် အကျင့်ပျက် အရာရှိများမှလည်း စစ်ဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုများပေးနေ၍ သုံးပွင့်ဆိုင် တိုက်ခိုက်မှုမျိုး ဖြစ်နိုင်သည်ဟု AA က ရှုမြင်ထားသည်။

အဆိုပါ အကျင့်ပျက် BGB အရာရှိ၊ တပ်ဖွဲ့ဝင်တချို့တို့သည် အစွန်းရောက် စစ်သွေးကြွဝါဒကို အားပေး အားမြှောက်ပြုသည်သာမက တိုက်ပွဲဖြစ်ပွားရာမှ ဒဏ်ရာရ၊ ကျဆုံး ARSA အလောင်းများကို ဝိုင်းကူထမ်းပို့ပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ထောက်ပို့ပေးခြင်းတို့ကို လုပ်ပေးနေသည်ဟု AA က ပြောသည်။

ယင်းအပြင် အကျင့်ပျက် BGB အရာရှိများသည် ARSA နှင့် RSO အဖွဲ့များအပေါ် ဦးဆောင်မှုပေးကာ လုံခြုံရေးယူပေးခြင်း၊ ဝေဟင်ကင်းထောက်ပေးခြင်း၊ ရေဒါစနစ်များကို အသုံးပြု၍ စစ်ရေးဆိုင်ရာအချက်အလက်များ ပံ့ပိုးကူညီပေးခြင်းတို့ကို ပြုလုပ်ပေးပြီး ARSA ၊ RSO အဖွဲ့များနှင့်အတူ သွယ်ဝိုက်၍ တိုက်ပွဲဝင်လျက်ရှိသည်တို့ကို စိစစ်တွေ့ရှိရသည်ဟု AA က ဆိုသည်။

ထို့ကြောင့် ARSA နှင့် RSO အဖွဲ့များအပါအဝင် BGB ထဲက အကျင့်ပျက် အရာရှိများအား အမြန်ဆုံး ဖော်ထုတ်ကာ အရေးယူသင့်သည်ဟု စက်တင်ဘာလ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရအား အသိပေးပြောဆိုခဲ့သည်ဟု AA က ဆိုသည်။

အရေးယူထိန်းကျောင်းမှုမရှိဘဲ ယခင်အတိုင်း ဆက်လက် လွှတ်ပေးထားမည်ဆိုပါက နှစ်ဖက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနှင့် နှစ်ဖက်ယုံကြည်မှုတို့ကို ဆိုးရွားစွာ ထိခိုက်လာနိုင်ကြောင်းလည်း ပြောဆိုထားပြီးဖြစ်ကြောင်း AA က ပြောသည်။

နှစ်ဖက်တင်းမာမှု ယခုထက်မြင့်မား မလာစေရန်အတွက် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရမှ ARSA၊ RSO အဖွဲ့များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ အာရက္ခဒေသအတွင်းသို့ ဝင်ရောက်၍ စစ်ရေးလှုပ်ရှားနေမှုများကို အမြန်ဆုံး ဟန့်တားပေးရမည်ဟု ဆိုသည်။

ယင်းအဖွဲ့များနှင့် ပါဝင်ပတ်သက်နေသော အကျင့်ပျက် BGB ဝန်ထမ်းများကိုလည်း အမြန်ဆုံး ထိန်းကျောင်းပေးရန်နှင့် ထိရောက်စွာအရေးယူပေးပါရန် ထပ်မံတိုက်တွန်း တောင်းဆိုသည်ဟု AA က ပြောသည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲတွင်လည်း အကြမ်းဖက်အားပေးသူများအုပ်စုမှ အင်အားကြီးခဲ့လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသာမက နယ်စပ်နှင့် အာဆီယံ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးတို့ကိုပါ အကြမ်းဖက်အန္တရာယ်နှင့်အတူ ခြိမ်းခြောက်လာနိုင် AA က ထုတ်ပြန်ထားသည်။ 

 Link : Here (FB) 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */