" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 7, 2019

စစ်တပ်စီးပွားရေးကို ပိတ်ဆို့ရေး အကြံပြုချက် မြန်မာ နိုင်ငံခြားရေးရုံး ဆန့်ကျင်

B B C
ဘီဘီစီ မြန်မာပိုင်း
6 ဩဂုတ် 2019
မြန်မာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ၊ စစ်တပ်ကို ကူညီထောက်ပံ့နေတဲ့ မြန်မာပြည်တွင်းက စီးပွားရေး ကုမ္ပဏီကြီးတွေ အပေါ် ပိတ်ဆို့ အရေးယူဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အ ချက်အလက် ရှာဖွေရေး မစ်ရှင် FFM ရဲ့ အစီရင်ခံစာကို မြန်မာ နိုင်ငံခြားရေးရုံးက အသိအမှတ်မပြု ကြောင်း ကြေညာ ထုတ်ပြန် ပါတယ်။
အခြေအမြစ် မရှိတဲ့ စွဲချက်တွေကို အခြေခံပြီး လူ့အခွင့်အရေး ကောင်စီက FFM စတင် ဖွဲ့စည်း လာက တည်းက မြန်မာဘက်က အသိအမှတ်မပြုခဲ့ဘူး ဆိုပြီး ၂ဝ၁၉ ဩဂုတ်လ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံ ခြားရေးရုံးရဲ့ ကြေညာချက်ထဲ ထပ်လောင်း ပြောဆိုထားပါတယ်။

FFM က ဩဂုတ်လ ၅ ရက် နောက်ဆုံး ထုတ်ပြန်လာတဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာ့တပ်မတော်ဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီး၊ ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေ စတင် လာခဲ့ပြီးတဲ့နောက် စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေး ကုမ္ပဏီတွေဟာ တပ်မတော်ကို ဒေါ်လာ ၁ဝ သန်းကျော် တန် အလှူငွေတွေ ပေးခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

  •     ကမ္ဘောဇနဲ့မက်စ်မြန်မာကုမ္ပဏီတွေ ကိုရာဇဝတ်ကြောင်းရ အရေးယူဖို့ကုလစုံစမ်းရေးအဖွဲ့ပြော
  •     ကုလသမဂ္ဂစုံစမ်းရေး ယန္တရားကို မြန်မာလက်ခံမှာမဟုတ်
  •     ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာ ကန့်ကွက်

ဒါ့ကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာမျိုး ကန့်သတ်ရုံတင်မက စစ်တပ်ရဲ့ စီးပွားရေး အင်ပါယာ ကျုံ့သွားအောင် နိုင်ငံတကာ အနေနဲ့ ဆောင်ရွက်ကြဖို့ FFM အဖွဲ့က ဆော်ဩပါတယ်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ထဲမှာတော့ လူ့အခွင့်အရေး ကိစ္စတွေ အပါအဝင် နိုင်ငံတကာ ကိစ္စတွေကို ဖြေရှင်းတဲ့ အခါ ပိတ်ဆို့ အရေးယူတာတွေ လုပ်တာမျိုးနဲ့ မဖြေရှင်းနိုင်ဘူးလို့ ပြောဆိုထား ပါ တယ်။

ဒါ့အပြင် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အရပ်ဘက်၊ စစ်ဘက်ကဏ္ဍ နှစ်ခုလုံးကနေ စုံစမ်းရေး ကော်မရှင် တွေ ဖွဲ့ပြီး ရခိုင်ပြည်နယ် အရေး ကိစ္စ အပေါ် ဆောင်ရွက်လျှက် ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အခု ကြေညာချက်ထဲ ရေးသားထားပါတယ်။
                             မြန်မာအကျိုးပျက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ နိုင်ငံခြားရေးဌာန စွပ်စွဲ

FFM အစီရင်ခံစာဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားအောင် ရည်ရွယ် ချက်ရှိရှိ ဆောင်ရွက်နေတာသာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ် အရေး လက်ရှိ တွေ့ကြုံ နေရတာတွေကို ဖြေရှင်း
ရေး မှာ တစုံတရာ အထောက်အကူ ဖြစ်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံထဲ ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ယန္တရားတွေကို ပြီးပြတ် ပြည့်စုံအောင် ဆောင်ရွက်စေတာမျိုး မရှိပဲ အပြိုင် ယန္တရား အဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်တာမျိုးကို ဆန့်ကျင်တယ်လို့လည်း ဆိုထားပါတယ်။

ရခိုင်ပြည်နယ်ထဲ ပေါ်ပေါက်နေတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ဆိုရင် တရား ဥပဒေ စိုးမိုးရေးကို မြှင့်တင်ပေး ပြီး၊ ရေရှည်တည်တံ့ ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ပေးရမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြား ရေး ဝန်ကြီးဌာနက ပြောပါတယ်။
    ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတွေ အတွင်း အစိုးရတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထားခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အမေရိကန် ဥရောပသမဂ္ဂ အီးယူ အပါအဝင် နိုင်ငံ တကာကတော့ စွပ်စွဲနေပါတယ်။

FFM ရဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာလည်း ကမ္ဘောဇ ကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) ကုမ္ပဏီ နှစ်ခုကို စစ်တပ်ကို အားပေး ကူညီသူတွေ အဖြစ် နာမည်နဲ့တပ် စွပ်စွဲတာတွေ ပြုလုပ်ထားပြီး ရာဇဝတ်ကြောင်းအရ စုံစမ်းတာတွေ ပြုလုပ်ဖို့နဲ့ လိုအပ်လာရင် တရားစွဲဖို့ အထိ အကြံပြု ထားတာကို တွေ့ရပါတယ်။

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်အရ မြန်မာ့ စီးပွားရေးလောကမှာ မြန်မာစစ်တပ် အဓိကပါဝင် လုပ်ကိုင်နေတဲ့ စီး ပွားရေးလုပ်ငန်းကြီးနှစ်ခုရှိတယ်။ အဲဒါကတော့ ကျောက်စိမ်းနဲ့ ပတ္တမြားတူးဖော်ရေး လုပ်ငန်းတွေပဲဖြစ် တယ်။ ဒါ့အပြင် သတ္တု တူးဖော်ရေး၊ ဆောက်လုပ်ရေး၊ သစ်ထုတ်လုပ်ငန်း၊ အာမခံ၊ ဘဏ်လုပ်ငန်းနဲ့ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း တွေလည်းပါပါတယ်။"

"ပြီးခဲ့တဲ့အနှစ် ၂၀ တုန်းကလို မဟုတ်ဘဲ အခုချိန်မှာ မြန်မာစစ်တပ်နဲ့ ပတ်သက်စရာမလိုဘဲ စီးပွားရေး ပါဝင်လုပ် ကိုင်လို့ရတယ်။ အဲ့ဒီအတွက် စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှာဖွေဖော်ထုတ်ပြီး အဲ့ဒီ စီးပွားရေးတွေကို ရှောင်ရှားဖို့ ကျွန်တော်တို့က ရှာဖွေဖော်ထုတ်ပါတယ်" ဆိုပြီး FFM အဖွဲ့ဝင် နိုင်ငံတကာ လူ့အခွင့် အရေး ဆိုင်ရာ ကျွမ်းကျင်သူ မစ္စတာ ခရစ္စတိုဖာ ဒေါမနစ် စီဒိုတီက ပြောပါတယ်။

                                                    ကွာဟမှု ကြီးလွန်းနေတဲ့ ရပ်တည်ချက်နှစ်ခု
မြန်မာ အစိုးရ အနေနဲ့ FFM ကို မြန်မာပြည်ထဲ လာရောက် စုံစမ်းခွင့် မပြုရုံတင်မက ဖွဲ့စည်းထားရှိတဲ့ အေ ပါ်မှာပါ အသိအမှတ် မပြုဘူးလို့ ရပ်တည် နေသလို၊ FFM ဘက်ကလည်း တဆင့်ပြီးတဆင့် ဖိအားပေးတာတွေ တိုး တက် ပြုလုပ်လာနေတယ်လို့ မဟာဗျုဟာနဲ့ မူဝါဒပိုင်းဆိုင်ရာ လေ့လာရေး အင်စတီကျူ့က သုတေသီ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

လူ့အခွင့်အရေး ကိစ္စတွေ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံ ဆောင်ရွက်သင့်တယ်ဆိုတဲ့ ရပ် တည်ချက်အကြောင်း မြန်မာ နိုင်ငံခြားရေး ဌာနက အခု သူတို့ရဲ့ တုံ့ပြန်ချက်ထဲ ဖော်ပြထားပေမယ့်၊ သူတို့ဖိတ်ခေါ်တဲ့ သူတွေက သူတို့လိုက်ပြတဲ့ နေရာတွေကိုပဲ ကြည့်ရတာမျိုးပဲ ဖြစ်နေတယ်လို့ ဦးအောင်သူငြိမ်းက ဆိုပါတယ်။

အခုလို ဖိအားပေးမှုတွေရဲ့ နောက်ကွယ်တွေမှာ ဘက်တစ်ဘက်ဘက်ကို အားပေးတဲ့၊ ဘက်တစ်ဘက်ရဲ့ အကျိုးကိုသာ လိုလားတဲ့ အုပ်စုတွေရဲ့ ငွေရေးကြေးရေး အထောက်အပံ့တွေ၊ အကျိုးစီးပွားတွေ ပါဝင်နေတယ် လို့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ ရှုမြင်ထားနိုင်တယ် ဆိုပြီးတော့လည်း ဦးအောင်သူငြိမ်းက ပြောပါ တယ်။
ကုလသမဂ္ဂ အဖွဲ့အစည်း တချို့ဟာ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ထောက် ပံ့မှုတွေ အပေါ် အားထား နေရတာကြောင့် ရခိုင်ပြည်နယ် အရေးမှာ မမျှတတဲ့ ဘက်လိုက်တဲ့ အမြင်တွေ၊ စွပ်စွဲချက်တွေ ပြုလုပ်နေတာ ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ မြန်မာပြည်တွင်းမှာ ရှိနေပါတယ်။

တပ်မတော် ထောက်ခံပွဲ ဆိုပြီး ကျင်းပလာကြတာတွေထဲ အဲဒီ အယူအဆကို ပိုပြီး ကျယ်ကျယ်လောင် လောင် ပြောဆိုတာ ကြားရလေ့ ရှိပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂကို OIC ဩဇာ လွှမ်းနေတယ် ဆိုတဲ့ ပြောဆိုချက်မျိုးကို မြန်မာ အစိုးရဘက်က တရား ဝင် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

FFM အဖွဲ့က အခု တောင်းဆို အကြံပြုလာတာမျိုးလို မြန်မာ စစ်တပ်နဲ့ အပေါင်းအပါတွေကို စီးပွားရေး အရ ပါ အထီးကျန်အောင် နိုင်ငံတကာက လက်တွေ့ ပိတ်ဆို့ လာမှာလား ဆိုတာလည်း ဆက်လက်စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

ဦးအောင်သူငြိမ်းကတော့ FFM ကို ဖွဲ့စည်းတဲ့ လူ့ အခွင့်အရေး ကောင်စီ ဆိုတာ သိပ်ပြီး ဩဇာညောင်း လှတဲ့ အဖွဲ့အစည်း မဟုတ်ပဲ၊ ပိတ်ဆို့ အရေးယူရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ချမှတ်တာမျိုး ဖြစ်လာရင်တော့ မြန်မာ စစ်တပ်အနေနဲ့ ပြဿနာ ကြုံရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */