" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 1, 2021

လုပ်ကြံခံရတဲ့ ရိုဟင်ဂျာခေါင်းဆောင် နာရေးအခမ်းအနား လူ သိန်းချီတက်ရောက်

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
30 စက်တင်ဘာ၊ 2021
ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှာ အသတ်ခံရသူ ရိုဟင်ဂျာအရေးခေါင်းဆောင် Mohibullah ရဲ့ဈာပန။ (၀၉ ၊ ၃၀၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာခေါင်းဆောင်တဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက် ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းအားလုံးကို ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ရဲတပ်ဖွဲ့၊ စခန်းလုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးချပြီး စခန်းအဝင်အထွက် တင်းကြပ် စစ်ဆေးနေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့အသက်အန္တရာယ် စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ အသတ်ခံလိုက်ရတဲ့ ရိုဟင်ဂျာခေါင်းဆောင်ရဲ့ဈာပနကို ကြာသပတေးနေ့ည နေပိုင်းမှာ ကျင်းပပြီး စခန်းအသီးသီးက ရိုဟင်ဂျာဒုက္ခသည် သိန်းချီ တက်ရောက်ပါတယ်။ ဈာပနအခမ်းအနား တက်ရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ဆက် ထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာသိန်းနဲ့ချီ ခိုလှုံနေထိုင်ရာ ကော့ဇ်ဘ ဇား ခရိုင်ထဲက ကုတုပလောင်ဒုက္ခသည်စခန်းထဲမှာ အနီးကပ်ပစ်သတ်သွားတဲ့ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦး Mohib Ullah အသက်ဆုံးခဲ့ရပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲမှာ ကုတုပလောင်ဒုက္ခသည်စခန်း၊ အမှတ်(၁) က သုဿန်မှာ ဦးမူဟစ်ဘူလာကို အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနဲ့အညီ မြေမြှုပ်သဂြိုဟ်ပြီး လူသိန်းချီ တက်ရောက်ခဲ့တယ်လို့ နာရေးအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးက ဗွီအိုအေကိုပြော ပါတယ်။

“စက်တင်ဘာ ၃၀ ညနေ ၄ နာရီခွဲမှာ Arakan Rohingya Society for peace & Human Rights ရဲ့ ဥက္ကဋ္ဌ ဆရာဦးမူဟစ်ဘူလာကို အသုဘချအစီအစဉ်ပါ။ လူတွေလည်း တော်တော်များများ ဒုက္ခသည်စခန်းတိုင်းကနေ လာရောက်စုဝေးနေကြပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ်ရဲ့ လုံခြုံရေးတပ်တွေလည်း အများကြီး အင်အားချ ထားတာ တွေ့နေရပါတယ်။ ရဲတပ်ဖွဲ့ရော၊ စစ်တပ်ရော၊ တခြားလက်နက် ကိုင်လုံခြုံရေးတပ်တွေလည်း အများအပြားရောက်ရှိနေတာတွေ့ရပါတယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဒီဖြစ်ရပ်အပေါ် အင်မတန်မှ ဝမ်းနည်းကြေကွဲမိတယ်။ ဒီလိုဖြစ်ရပ်မျိုးကတော့ စခန်းထဲမှာ ကျနော်တို့က မကြုံဖူးခဲ့တဲ့ဖြစ်ရပ်လို့ ပြောလို့ရပါ တယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အင်မတန်ဝမ်းနည်းစရာဆုံးရှုံးမှုတခုလို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး နိုင်ငံတကာအဖွဲ့ အစည်းနဲ့ ရိုဟင်ဂျာအရေးရှေ့တန်းက လုပ်ဆောင်ပေးနေတဲ့လူတယောက် အသတ် ဖြတ်ခံလိုက်ရတဲ့အပေါ် ကျနော်တို့ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။”

နာရေးဈာပနအခမ်းအနားကို တက်ရောက်သူ ရိုဟင်ဂျာဒုက္ခသည် နောက်တဦးကလည်း-

"ကျနော်တို့ ခံစားရတာက- အင်မတန်မှ စိတ်ပူနေရတယ် ဒီလိုမျိုး ကျနော်တို့ ရိုဟင်ဂျာခေါင်းဆောင်တယောက်ကို ဒီလိုပစ်သတ်လိုက်တာဟာ အင်မတန်မှ ကျနော်တို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတခုလို့မြင်ရ တယ်။ ဒီမှာက လုံခြုံရေး အခြေအနေက လောလောဆယ် အင်မတန်မှ စိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့်လည်း သူအပစ်သတ်ခံရတာလို့ ကျနော်မြင်တယ်။”

အခုလိုသေနတ်နဲ့ အနီးကပ် လုပ်ကြံပစ်သတ်ခံခဲ့ရတဲ့ စခန်းတွင်းက ဒုက္ခသည်တွေအရေး ဆောင် ရွက်နေသူ ARSPH ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ ဦးMohib Ullah ဟာ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံခွင့်ရပြီး ရိုဟင်ဂျာအရေး တင်ပြနိုင်ခဲ့သူပါ။ သူဟာ ရခိုင်ပြည် နယ် စစ်တွေတက္ကသိုလ်ကနေ ရုက္ခဗေဒဘွဲ့ရခဲ့ပြီး အထက်တန်းကျောင်းဆရာ လုပ်နေရာက ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အသက်မသေ လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးဦးဆောင်လှုပ်ရှားနေသူတဦး အခုလို သတ်ဖြတ်ခံလိုက်ရတာဟာ လူ့အခွင့်အရေး ချိုးဖောက် ခံရတဲ့ ရိုဟင်ဂျာတွေ တရားမျှတမှုရရေးဆောင်ရွက်မှုတွေရဲ့ အကြီးမားဆုံးရှုံးမှုဖြစ်တယ် လို့လည်း ရိုဟင်ဂျာ ဒုက္ခ သည်ကပြောပါတယ်။

“ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဝမ်းနည်းကြေကွဲစရာတခုလည်းဖြစ်တယ်။ ရိုဟင်ဂျာဒုက္ခသည် အရေးအတွက် နိုင်ငံတကာနဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တယောက်လည်း ဖြစ်တယ်။ ရိုဟင်ဂျာ Genocide အရေးအတွက်လည်း လုပ်ဆောင်လာနေတဲ့သူဖြစ်တယ်။ လူတွေဟာ တော်တော်လေး စိတ်မကောင်ဘူး စိတ်သောကတွေလည်း ခံစားနေကြရပါတယ်။”

မဆုမွန်။ ။ အခုလိုဦးမူဟစ်ဘူလာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်ဆိုတော့ အခုလက်ရှိကမ့်ထဲမှာ လက်ရှိ လုံခြုံ ရေး စခန်းထဲမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ တခြားရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်နေသူတွေကြားမှာရော ဘယ်လိုစိုးရိမ်မှုရှိပါလဲ။

ရိုဟင်ဂျာဒုက္ခသည်။ ။ အကုန်လုံးနီးပါး စိတ်မကောင်းဖြစ်တာကို တွေ့ရတယ်။ လူတွေက စိတ်သောကကို ခံ စားခဲ့ရတာကို တွေ့ရပါတယ်။ ကျနော်တို့အတွက်က လုံခြုံရေးမရှိသလို ခံစားနေရပါတယ်။ ကျနော်တို့တွေဟာ အင် မတန်စိုးရိမ်သောကနဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ရတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဒေသမှာလည်း ဒီ သောကနဲ့ နေခဲ့ရပြီးကာမှ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို လာရောက်ခိုလှုံကြတယ်။ ဒီမှာလည်း ဒီဒုက္ခကို ကျနော်တို့ ခံ စားနေရတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရရော နိုင်ငံတကာအဖွဲ့အစည်းရော ရိုဟင်ဂျာ ဒုက္ခ သည်တွေကို အကာအကွယ်ပေးကြဖို့ ကျနော်တို့က တောင်းဆိုခြင်းဖြစ်ပါတယ်။"

လက်ရှိကော့ဇ်ဘဇားခရိုင်တခုလုံးမှာ တည်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအားလုံးကို စခန်းအဝင်အထွက်လုံခြုံ ရေးတင်းကြပ်စစ်ဆေးသလို လုံခြုံရေးတပ်အင်အားတွေလည်း တိုးမြှင့်ချထားတယ်လို့ ရိုဟင်ဂျာဒုက္ခသည် တွေကပြောပါတယ်။

“အခုက အရင်တုန်းက မတွေ့ခဲ့ဘူးတဲ့ လုံခြုံရေးကားတွေလည်း အရင်တုန်းက အဲ့လောက်ကြီး မတွေ့ခဲ့ရပါဘူး။ အခုက ကားတွေ မနည်းဘူး။စစ်တပ်ရော၊ ရဲရော တခြားလက်နက်ကိုင်တပ်တွေပါ ရောက်လာတာကို တွေ့ရပါ တယ်။ လုံခြုံရေးတွေ တင်းကျပ်ဆောင်ရွက်မယ်လို့ ပြောသံလည်း ကြားတယ်။ ဒါကို စုံစမ်းဖော်ထုတ်သွား မယ်လို့ပြောတာလည်း ကြားပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်မှာတော့ အခုစစ်အာဏာသိမ်းပြီး နောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးကိစ္စရပ်တွေ နှောင့်နှေးကြန့်ကြာနေဆဲဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */