" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 26, 2024

ရခိုင်ပြည်နယ်မှ ထွက်လာသည့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းထား

Myanmar Now
သူရမောင်
January 26, 2024

ရိုဟင်ဂျာ ၁၁၇ ဦး မြန်မာ-ထိုင်း နယ်စပ်တွင် အဖမ်းခံကြောင်း၊ ပြည်ပထွက်ရန် ကြိုးပမ်းစဉ် ယခုနှစ်အတွင်း ပထမ ဆုံးအကြိမ် အစုလိုက် ဖမ်းဆီးမှု ဖြစ်ကြောင်း NUG တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ အာချေးမြောက်ပိုင်းကမ်းလွန် လှေတစ်စီးပေါ်တွင် ရိုဟင်ဂျာဒုက္ခသည်များ ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ကြိုးစားသည့် ရိုဟင်ဂျာ ၁၁၇ ဦး မွန်ပြည်နယ်အတွင်း ရှိနေစဉ် ဇန်နဝါရီ ၂၄ ရက်နေ့က အဖမ်းခံလိုက်ရကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် သံဖြူဇရပ်မြို့အနီးရှိ ဝါခရုရွာတွင် ကုန်တင်ကားနှစ်စီးပေါ်ရှိနေစဉ် ဖမ်းဆီးခံခြင်း ဖြစ်သည်ဟု ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောမြို့မှ စက်လှေများ စီးလာကြသည်၊ ထို့နောက် သံဖြူဇရပ်မြို့သို့ ကားဖြင့် ရောက်လာသည်ဟု သိရသည်။

ဖမ်းခံရသူများထဲတွင် အမျိုးသမီး ၅၈ ယောက်နှင့် အမျိုးသား ၅၉ ယောက် ပါဝင်သည်ဟု သိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

“ကုန်ကားနှစ်စီးပေါ်ကနေ ဖမ်းခံရတယ်လို့ သိရတယ်… အသေးစိတ်တော့ စုံစမ်းနေတုန်းပဲ။ စစ်ကောင်စီ ဖမ်းဆီ းထားတာ (ရိုဟင်ဂျာ) ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒီနှစ်ထဲမှာ ဒါပထမဆုံးပဲ၊ ရိုဟင်ဂျာတွေကို မတရားဖမ်း ဆီးနေတဲ့ စကစက အချိန်တန် အပြစ်ပေး အရေးယူခံရမှာဖြစ်တယ်” ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာနှင့် ရခိုင်ကြား လူမျိုးရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာများသည် လွတ်လပ်စွာသွားလာခွင့် ပျောက်ဆုံးကာ ရခိုင်ပြည်ပြင်ပသို့ သွားရောက်ရန် ကြိုးပမ်းလျှင် ချက်ချင်း ဖမ်း ဆီး၊ အမှုဖွင့်၊ ထောင်ချခံရပြီး ထောင်မှ ပြန်လွတ်လျှင်လည်း ရခိုင်ဒေသသို့ ပြန်အပို့ခံရသည်။

ဖိနှိပ်မှုနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် ရိုဟင်ဂျာများသည် ကုန်းလမ်းမှဖြစ်စေ၊ အန္တရာယ်များသည့် ပင်လယ်ခရီးမှဖြစ်စေ ပြည်ပသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ကြသည်။

မြန်မာ-ထိုင်း နယ်စပ်ကို ဖြတ်ရန် ကြိုးစားစဉ် ဖမ်းဆီးခံရခြင်း၊ ရေလမ်းခရီးတွင် အန္တရာယ်နှင့် ကြုံတွေ့ရခြင်း စသည့် သတင်းများ မကြာခဏ ပေါ်ထွက်လာတတ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ဩဂုတ်က မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် ရိုဟင်ဂျာစက်လှေတစ်စီး စစ်တွေမြစ်အတွင်း တိမ်းမှောက်သွားခဲ့ရာ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော်ပျောက်ဆုံးခဲ့သည်။

ယမန်နှစ် တစ်နှစ်တည်းမှာပင် ပင်လယ်ပြင်တွင် သေဆုံး၊ ပျောက်ဆုံးသွားသည့် ရိုဟင်ဂျာ ၅၆၉ ယောက်အထိ ရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ဇန်နဝါရီ ၂၃ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။

စက်လှေဖြင့် စွန့်စားသွားလာကြစဉ် အန်ဒမန်ပင်လယ်၊ ဘင်္ဂလားပင်လယ်တို့တွင် သေဆုံးခြင်း ဖြစ်သည်ဟု UNHCR ပြောခွင့်ရအရာရှိ Matthew Saltmarsh က အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ခန့်မှန်းတွက်ချက်မှုတွေအရ ဆိုရင် ၂၀၂၃ ခုနှစ်မှာ ဒီလို ခရီးထွက်တဲ့ ရိုဟင်ဂျာ ၈ ဦးမှာ ၁ ဦးက သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသွားတယ် ဆိုတာကို သိရပါတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ နောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီး ချဉ်းကပ်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်လှေတစ်စီးကို အင်ဒိုနီးရှားရေတပ်က နိုင်ငံတကာရေပိုင်နက်သို့ ပြန်မောင်းထုတ်ခဲ့သည်။

ထိုသို့ နှင်ထုတ်ခံရသူများသည် ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခိုလှုံခဲ့ရသူများဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ရောက် အမည်မဖော်လိုသော ရိုဟင်ဂျာလူငယ်တစ်ဦးက ထိုလုပ်ရပ်မှာ လက်ခံနိုင်စရာ မရှိဟု မှတ်ချက် ပြုသည်။

“ငရဲခန်းလိုဖြစ်နေတဲ့ ဒုက္ခသည်စခန်းက ဘ၀အခြေအနေတွေကနေ လွတ်အောင် အသက်ကို စွန့်ပြီး ပင်လယ်ပြင်ခရီးကနေ ရောက်လာတဲ့သူတွေကို ကိုယ်ချင်းစာတရားမထားဘဲ ပင်လယ်ထဲ ပြန်ပို့တယ်ဆိုတာက ရက်စက်လွန်းရာကျတယ်လို့ပဲ မြင်ပါတယ်” ဟု ထိုလူငယ်က ပြောသည်။

“တကယ်တော့ ဒီဒုက္ခသည်တွေက မျှော်လင့်ချက်လေးတစ်ခုအတွက်နဲ့ ‌သာမာန်ကောင်းမွန်တဲ့ လူနေမှုဘ၀လေးတစ်ခု ရလိုရငြားနဲ့ ခုလိုအရဲစွန့်ပြီး လာကြတာပါ။ တော်ရုံဒုက္ခလောက်နဲ့ ဒီလိုလုပ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး”

အင်ဒိုနီးရှားတွင် ရောက်နှင့်ပြီးဖြစ်သော ရိုဟင်ဂျာဒုက္ခသည်များသည်လည်း ဒေသခံတချို့၏ ကန့်ကွက်မှုနှင့် ရင် ဆိုင်ခဲ့ရသည်ကို ထိုကာလမှာပင် တွေ့ခဲ့ရသည်။

ရာနှင့်ချီသော ဒေသခံတို့က ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ရှိနေသည့် အာချေးပြည်နယ် မြို့တော်ရှိ ဌာနဆိုင်ရာ ခန်းမဆောင်ကို သွားရောက် ရန်ပြုခဲ့ကြသေးသည်။

အင်ဒိုနီးရှားသည် လူသားဆန်သည့်နိုင်ငံဖြစ်သော်လည်း အမုန်းတရားအခြေခံသွေးထိုးလှုံ့ဆော်မှုကြောင့် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောခဲ့ဖူးသည်။

“တစ်ချိန်က ရိုဟင်ဂျာတွေကို လူသားဆန်မှုအပြည့်အဝနဲ့ လက်ခံခဲ့တဲ့ အာချေဒေသခံ ပြည်သူတချို့က ရိုဟင်ဂျာတွေကို လက်ခံချင်စိတ်ပပျောက်ပြီး အခုလို အမုန်းတရားအပြည့်နဲ့ နှင်ထုတ်လိုတဲ့အထိ စိတ်နေသဘောထားပြောင်းလာပုံက သွေးရိုးသားရိုးမဟုတ်ဘူး။ လူမှုကွန်ရက်ပေါ် အကောင့်အတုတွေနဲ့ လှုံ့ဆော်တာတွေရှိတယ်လို့ သိရတယ်” ဟု ဦးအောင်ကျော်မိုးက ထိုဖြစ်ရပ် ပေါ်ပေါက်နေစဉ် Myanmar Now ကို ပြောသည်။

ရိုဟင်ဂျာများ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရနိုင်ရန် NUG အစိုးရက အင်ဒိုနီးရှားနိုင်ငံ ဌာနဆိုင်ရာ အရာရှိများကို ချိတ်ဆက်ပြီး မေတ္တာရပ်ခံထားသည်ဟု ဦးအောင်ကျော်မိုးက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */