" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 26, 2024

ဖုံညိုလိပ်ရွာ လက်နက်ကြီးကျလို့ ရိုဟင်ဂျာ ဆယ်ဦးကျော် သေဆုံးကြောင်း ရိုဟင်ဂျာတွေပြော

RFA
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.01.26

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲနေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာစုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်က ဒေသခံတွေနဲ့ အဆက်အသွယ်ရနေတဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။

"လက်နက်ကြီး ပစ်တာလည်းရှိတယ်၊ ရွာတွေ မီးရှို့ပါသွားတာရှိတယ်၊ လူသေဆုံးတာကတော့ ပထမ ၁၁ ဦးပါ၊ အပြင်းအထန် ဒဏ်ရာရတာက ၃၀ ပါ၊ အဲဒီလူတွေကို ဘူးသီးတောင်ဆေးရုံကို ခေါ်လာတာရှိတယ်၊ အဲဒီ ဘူးသီးတောင် ဆေးရုံကတစ်ဆင့် သိပ်ပြီးတော့ ဒဏ်ရာပြင်းတဲ့ တစ်ဦးကို မောင်တောကို ပို့ပေးတာရှိတယ်၊ လမ်းတစ်ဝက်မှာ အဲလူက သေသွားပြီ၊ ဒါဆိုသေဆုံးမှုက ၁၂ ဦးပေါ့နော်၊ အလယ်အလတ် ဒဏ်ရာရသွားသူက တစ်ရာလောက်ရှိပြီ"

အခု ဘူးသီးတောင်မြို့နယ်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)အကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖုံညိုလိပ်ရွာမှာ AA က ဝင်ရောက်တပ်စွဲချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ ထိခိုက်သေဆုံးရသလို နေအိမ်တွေ မီးလောင်ပျက်စီးတာဖြစ်တယ်လို့ ဒေသခံတချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကိုအောင်မြိုင်က ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ညက မြောက်ပိုင်းသုံးဖွဲ့ရဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်မှာတော့ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ ၂၀၃ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဖုံညိုလိပ်ရွာက အသက် ၂၃ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရွာသား ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေက တိုက်ပွဲမရှိဘဲ အခုလိုပစ်ခတ်တိုက်ခိုက်တာလို့ မြောက်ပိုင်းသုံးဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဖုံညိုလိပ်ရွာမှာ ရိုဟင်ဂျာ ၁၇၀ သေဆုံးတယ်လို့လည်း သတင်းတွေထွက်နေပေမဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့အချက် အလက်တွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံအချို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA) 


ဖုံညိုလိပ်ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့် အ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဘူးသီးတောင်တောင်ပိုင်း ဖုံညိုလိပ်ဆိုတဲ့ရွာမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာမှာရှိတဲ့အရပ် သား ပြည်သူတွေ့ရဲ့ အိုးအိမ်တွေ၊ အသက်ဆုံးရှုံးရတာတွေရှိတယ်လို့ ကျွန်တော်တို့ ကနဦးသတင်းရထားတာရှိတယ်၊ ဒီဟာကိုလည်း ကျွန်တော်တို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာတွေရှိတယ်၊ မှတ်တမ်းတင်တာတွေ လုပ်နေတာရှိတယ်၊ ရခိုင်ပြည်နယ်အနှံ့မှာ နေစဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်နေတာရှိတယ်၊ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ ဒိုင်းနက်၊ မြို၊ ခမီ၊ ကမန် စတဲ့ လူမျိုးစုအသီးသီးပေါ့လေ၊ စစ်ပွဲရဲ့ ဒဏ်တွေကို ခံနေရ တာဖြစ်တယ်၊ အသက်တွေစတေးရတာရှိတယ်၊ အိုးအိမ်တွေစတေးရတာရှိတယ်၊ ဒါတွေ အားလုံးက စစ်ကောင် စီရဲ့ မတရားမှု၊ စစ်ကောင်စီက လုပ်လို့ ဖြစ်လာတဲ့အရာတွေ ဖြစ်တယ်"

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး တစ်ချိန်မှာ အပြစ်ပေးအရေးယူတာ ခံရလိမ့်မယ်လို့လည်း ဆိုပါတယ်။

AA ရှိတဲ့နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အရပ်သားတွေမထိခိုက်အောင် AA အနေနဲ့ ရွာတွေမှာ တပ်စွဲတာတွေမလုပ်ဖို့ ရိုဟင်ဂျာတွေက တောင်းဆိုနေပါတယ်။ တော်လှန်ရေးလုပ်တဲ့အခါ အရပ်သားတွေမရှိတဲ့ နေရာတွေမှာ လုပ်သင့်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။

"တော်လှန်ရေးကိုတော့ အပြည့်အဝထောက်ခံတယ်၊ အားပေးတယ်၊ ဒါပေမဲ့ တော်လှန်ရေးလုပ်တဲ့အခါမှာ သာမန်အပစ်မဲ့အရပ်သားပြည်သူတွေကို မထိခိုက်အောင်တော့ သေချာစဉ်စားပြီး လုပ်သင့်တယ်၊ ရွာသူရွာသားတွေအားလုံးက ရွာအုပ်ချုပ်ရေးမှူးကို သွားပြီးတောင်းဆိုတယ်၊ ခင်ဗျားတို့ ကျေးဇူးပြုပြီး AA ကိုလည်းပြောပေးပါ၊ ရွာထဲမှာ စခန်းချတယ်ဆိုရင် စစ်တပ်ကပစ်ရင် ကျွန်တော်တို့ရွာသားတွေပဲမယ်ဆိုပြီး မနေ့က တောင်းဆိုခဲ့တာရှိတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ ရွာထဲမှာတော့ မဖြစ်စေချင်ဘူး၊ ဘာဖြစ်လိုလည်းဆိုတော့ စစ်မြေပြင်လုပ်မယ်ဆိုရင် ရွာပြင်မှာလည်း နေရာတွေအများကြီးရှိတယ်လေ၊ လူတွေ ၁၃ ယောက်သေဆုံးတာ၊ အယောက်သုံးဆယ်ဒဏ်ရာရတာ ဒါတွေက မဖြစ်သင့်ဘဲ ဖြစ်နေရတာ၊ သူတို့မှာ ဘာအပြစ်မှ မရှိဘူး၊ ကျွန်တော်တို့အနေနဲ့ ရွာပြင်ပမှာပဲ တော်လှန်ရေးကို ဆက်လုပ်ဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်" 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် တံတားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA) 

ဖုံညိုလိပ်ရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဖုံညိုလိပ်ရွာမှာပဲ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးအပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင် ရိုဟင်ဂျာရွာက ကလေး သုံးဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး နှစ်ဦး အပါအဝင် ရွာသား ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ အရပ်သား ရှစ်ဆယ်ကျော် သေဆုံးခဲ့ပြီး နှစ်ရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်နွယ်သောသတင်းများ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */