" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 26, 2024

မြန်မာအပါ အရှေ့တောင်အာရှမှာ နည်းပညာသုံး ဘာသာရေးဖိနှိပ်မှုတွေရှိနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၆ ဇန်နဝါရီ၊ ၂၀၂၄ 

မြန်မာစစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်နေသည့် ဘုန်းကြီးကျောင်း (photo: KNU)
 
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နောက်ဆုံးခေတ်မီနည်းပညာတွေအသုံးပြုပြီး ဘာသာရေး ဖိနှိပ်မှုတွေ ပိုတိုးလုပ်လာတယ်လို့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာဆိုရင် လူမှုမီဒီယာတွေနဲ့ နည်းပညာတွေကိုသုံးပြီး ရိုဟင်ဂျာမွတ်ဆလင်တွေကို မုန်းတီးရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအထိ ဦးတည်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ခဲ့တယ်လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ Frederick Davie က ပြောပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံရတဲ့နိုင်ငံမှာလည်း စီးပွားရေး လူမှုရေးအရ ဂယက်တွေရှိလာတာမို့ ဒီပြဿနာတွေဟာ ဒေသတွင်းကိုပါ ရိုက်ခတ်မှုရှိတယ်ဆိုတာကို သူက ထောက်ပြပါတယ်။ ဒါတင်မက တရုတ်နိုင်ငံမှာ ဝီဂါလူနည်းစုတွေအပေါ်မှာအသုံးပြုတဲ့ နည်းပညာသုံးစောင့်ကြည့်မှုတွေ ထောက်လှမ်းမှုတွေနည်းတူ မြန်မာအာဏာပိုင်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေကို ထောက်လှမ်းစောင့်ကြည့်တာတွေ အလားတူလုပ်နေတယ်လို့လည်း ကိုလံဘီယာတက္ကသိုလ်က သုတေသီ Michelle Lee ကလည်း ပြောပါတယ်။

အရှေ့တောင်အာရှဒေသတွင်း ခေတ်မီနည်းပညာရပ်တွေကြောင့် ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်ခံရတဲ့အ ခြေ အနေတွေကို ဗဟိုပြုပြီး ဒီ ကော်မရှင်ရဲ့ ကြားနာပွဲကို အခု ဇန်နဝါရီလ ၂၅ ရက်‌ ဒေသစံချိန် ညနေပိုင်းမှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့တာပါ။ အရှေ့တောင်အာရှဒေသတွင်းမှာ နည်းပညားအသုံးချပြီး ဘာသာရေးဖိနှိပ်မှုတွေကို သုံးသပ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအားဖြင့်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွင်းမှာ မြန်မာ၊ ဗီယက်နာမ်နိုင်ငံကို CPC ဘာသာရေးလွတ်လပ်ခွင့်မှာအထူးစိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */