လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
မင်းသိန်းအောင်
2020.2.04
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တပ်မတော်ရဲ့ နယ် မြေ ရှင်းလင်းမှုနောက်ပိုင်း တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်မပြေးဘဲ ကျန်ရှိနေခဲ့ကြတဲ့ မွတ်ဆလင်တွေ ဟာ သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနဲ့ လွတ်လပ်စွာသွားလာခွင့်တွေမှာ အခက် အခဲတွေ ကြုံနေကြရဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တပ်မတော်ရဲ့နယ်မြေရှင်းလင်းမှု တွေကြောင့် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း ငါးသိန်းကျော် ထွက်ပြေးတိမ်းရှောင်သွားကြပြီး ထွက် မပြေးဘဲ ကျန်နေခဲ့တဲ့သူတွေက ခုနှစ်သောင်းလောက်ရှိတယ်လို့ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ ထွက်မပြေးဘဲကျန်နေခဲ့ကြသူအများစုက သူတို့ရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ကြရတာကြောင့် မီးရှို့ မခံရဘဲ ကျန်နေခဲ့တဲ့အခြားရွာတွေကအိမ်တွေမှာ စုစည်းပြီးနေထိုင်နေကြရပါတယ်။
မောင်တောမြို့နယ်တောင်ပိုင်း ပဒင်းကျေးရွာအုပ်စု ကညင်တန်းရွာက အိမ်လွတ်တစ်လုံးမှာ နေထိုင်နေရတဲ့ အသက် ၆၁ နှစ်အရွယ် ဦးအဘူကလာမ်ဟာ မူလက ဒီပဒင်းကျေးရွာအုပ်စုထဲက ခေါင်းဒုက္ကာကျေးရွာမှာ နေထိုင်ခဲ့သူဖြစ်ပြီး သူ့တို့ရဲ့ရွာတစ်ခုလုံး မီးရှို့ခံခဲ့ရတာပါ။
တချိန်က သူနေထိုင်ခဲ့တဲ့ အိမ်နေရာဟောင်းကို လာရောက်တိုင်း သူကစိတ်မကောင်းဖြစ်နေပြီး သူ့ရဲ့အိမ် ရာမြေမှာ အိမ်ပြန်ဆောက်ပြီး နေထိုင်ချင်နေပါတယ်။
“ဒါက ကျွန်တော့အိမ်နေရာပါ။ အရင်က နှစ်ထပ်အိမ်ပေါ့။ အကျယ်အဝန်းက ဒဿမ ၈၀ လောက်ရှိပါတယ်။ မီးလောင်တဲ့အထဲမှာပါသွားတာပါ။ ကျွန်တော်က ဒီမူလနေရာမှာပဲနေချင်တယ်။ မူလနေရာမှာပဲ အိမ် ဆောက် ချင်တယ်။ အစိုးရကပေးမယ်လို့တော့ပြောတယ်။ ဘယ်လိုပေးမလဲမသိသေးဘူး”
ပဒင်းကျေးရွာအုပ်စု ကညင်တန်းမှာ ဦးအဘူကလာမ် တို့လို စုစည်းပြီးနေကြတဲ့ လူပေါင်း ၃၀၀ လောက်ရှိပါ တယ်။ မူလကတော့ ပဒင်းကျေးရွာအုပ်စုမှာ လူပေါင်း ၅၀၀၀ ကျော်ရှိခဲ့တာပါ။
အစိုးရအဖွဲ့၊ UNDP နဲ့ UNHCR အဖွဲ့ တာဝန်ရှိသူတွေက ဒီနေရာကို သုံးကြိမ်တိုင် ကွင်းဆင်းကြည့်ရှုပြီး တော့ မူလ နေရာတွေမှာ အိမ်ဆောက်ပြီးနေလိုက နေနိုင်ကြောင်း ပြောဆိုထားပေမဲ့ လက်တွေ့မှာတော့ မလွယ်ဘူးလို့ ပဒင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမာမတ်ဟာဆောင်း ကပြောပါတယ်။
“မီးလောင်သွားတဲ့ ကိုယ့်နဂိုမူလနေရာတွေမှာ ကိုယ့်ဟာကိုယ်ဆောက်လို့ရပါတယ်ဆိုပြီးတော့ အစိုးရအဖွဲ့ အစည်းနဲ့ UNDP ၊ UNHCR အဖွဲ့တို့ကလာပြီးတော့ သုံးကြိမ်တိုင် ကွင်းဆင်းစစ်ဆေးပြီးတော့ ကိုယ့်နေရာ မှာ အိမ်ဆောက်နေလို့ရတယ်ဆိုပြီးတော့ အဲလိုပြောသွားပါတယ်။ အစိုးရအဖွဲ့အစည်းကလည်း ကျွန်တော် တို့ အတတ်နိုင်ဆုံးထောက်ပံ့ပေးမယ်လို့ ပြောထားပါတယ်”
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ထွက်မပြေးဘဲ ကျန်ရှိနေခဲ့တဲ့ မွတ်ဆလင်တွေကို WFP ကမ္ဘာ့ စားနပ် ရိက္ခာအဖွဲ့က ရိက္ခာအကူအညီတွေပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲတွေဟာ ဆိုရင် ဘူးသီးတောင်မြို့နယ်အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်မပြေးဘဲ ကျန်နေခဲ့ကြတဲ့ မွတ်ဆလင် တွေကိုပါ သက်ရောက်မှုတွေရှိနေတာကို တွေ့ရပါတယ်။
တိုက်ပွဲတွေကြောင့် သွားလာလှုပ်ရှားလို့မရဘဲ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ပြောလာသူက ဘူးသီးတောင် မြို့ နယ် တပ်ရာကျေးရွာမှာနေထိုင်တဲ့ ဦးအဘူရော်ရှီး ပါ။
“အခုက အလုပ်အကိုင်တွေမရှိပါဘူး။ အလုပ်လုပ်လို့လည်းမရပါဘူး။ အခြားရွာတွေကို သွားလို့မရဘူး။ အခု တိုက် ပွဲတွေဖြစ်နေတယ်။ ဖုန်ညိုလိပ်ရွာဘက်လည်းသွားလို့မရ၊ တောင်ဘဇာဘက်ကိုလည်းသွားလို့မရဘူး။ ဒီလိုတွေဖြစ်နေတာ”
ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေကို မြန်မာအစိုးရက နိုင်ငံသားဥပဒေနဲ့ လွတ်လပ်စွာ သွားလာ ခွင့်တွေကို ဒီနေ့အချိန်အထိ ကန့်သတ်ထားဆဲဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာအုပ်စုမှာနေထိုင်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးမာမတ်ညာ က သူ့ဘဝ တစ်သက်လုံးမှာ စစ်တွေမြို့ကို တစ်ကြိမ်သာရောက်ဖူးတယ်လို့ပြောပါတယ်။
“ကျွန်တော်က ဒီရွာမကျေးရွာမှာနေထိုင်တာက အသက် ၅၁ နှစ်ရှိပြီ။ ကျွန်တော်စစ်တွေမြို့ကို တခါပဲ ရောက်ဖူးတယ်။ နောက်တခါသွားမယ်ဆိုရင်လည်း ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေက ခွင့်ပြုချက်ပေးမှ သွားလို့ရမှာ”
သူနေထိုင်တဲ့ ရွာမကျေးရွာကနေ ဘူးသီးတောင်မြို့နယ်အတွင်းက အခြားရွာတွေနဲ့ မောင်တောမြို့တွေ ကိုသွားမယ်ဆိုရင် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှ သွားလာခွင့်ရတာပါ။
မြန်မာအစိုးရကတော့ လွတ်လပ်စွာသွားလာခွင့်အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီအစီစစ်ခံဖို့ တိုက်တွန်းနေပေမဲ့ မွတ်ဆလင်တွေဘက်က မြန်မာအစိုးရရဲ့ပြောဆိုချက်ကို ယုံကြည်မှုနည်းနေပါတယ်။
အာဏာပိုင်တွေကို မယုံကြည်ရဲတဲ့အကြောင်း ဘူးသီးတောင်မြို့နယ် ဘဂုံးနားတောင်ရွာမှာနေထိုင်တဲ့ ဦးနူ ရူဆလာမ် က ပြောပါတယ်။
“ကျွန်တော် မောင်တောမြို့ကို မသွားတာက ကျွန်တော့မှာရှိနေတဲ့ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံ တင် ကတ် ကို မတော်တဆအသိမ်းခံရမှာစိုးလို့ပါ။ အဲဒါကြောင့်မသွားဖြစ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆို ရင် အမျိုးသား မှတ်ပုံတင်ကတ်ရှိတယ်၊ ရှိတာကိုသိမ်းထားတယ်။ တချို့လူတွေဆို အသိမ်းခံရတယ်။ ကိုယ့် မှာရှိနေတဲ့ အထောက် အထားတစ်ခုကို တန်ဖိုးထားလို့ မောင်တောကို မသွားဖြစ်ဘူး”
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် ကတော့ နိုင်ငံသားကတ်ကိုင်ဆောင်သူတွေမှသာ ခရီးသွားလာ လို့ရမှာဖြစ်ပြီး အစိုးရဘက်ကတော့ ခွဲခြားဆက်ဆံတာ မဟုတ်ဘူးလို့ဆိုပါတယ်။
“ကျွန်တော်တို့ နိုင်ငံသားကတ်ကိုင်တဲ့ ဘင်္ဂါလီတွေရှိပါတယ်။ နိုင်ငံသားကတ်ကိုင်ရင်တော့ ကျွန်တော်တို့ မြန်မာ နိုင်ငံအတွင်းမကဘူး ကမ္ဘာပါပတ်လို့ရတယ်။ ခွဲခြားဆက်ဆံမှုလုံးဝမရှိပါဘူး”
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေက သူတို့နေရပ်ပြန်လာဖို့ မြန်မာ အစိုးရ အနေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်ပေးဖို့ တောင်းဆို နေကြ ပေမယ့် ထူးခြားတဲ့ပြောင်းလဲမှုတွေရှိမနေပါဘူး။
ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေး၊ သူတို့ရဲ့မူလနေရာတွေမှာ နေထိုင်ခွင့်ပြုရေး တောင်းဆိုချက်တွေက လည်း လွယ်လွယ်နဲ့ဖြစ်လာမယ့် အခြေအနေမရှိသေးဘူးလို့ ဒေသခံမွတ်ဆလင်တွေက ပြောဆိုကြပါတယ်။
Link: Here
No comments:
Post a Comment