" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 19, 2022

မြန်မာနိုင်ငံ ဒုက္ခသည်အခြေအနေ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာတင်ပြ

VOA
အင်ကြင်းနိုင်
၁၉ အောက်တိုဘာ၊ ၂၀၂၂
Ambassador U Kyaw Moe Tun presented the refugee situation in Myanmar at the UN. (October 17 2022)

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေအတွက် ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာထက် လက်တွေ့ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာလ (၁၇)ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီကို တင်သွင်းခဲ့တဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အစီရင်ခံစာအပေါ် သံအမတ်ကြီးက တုံ့ပြန်ခဲ့တာပါ။

မအင်ကြင်းနိုင်က တင်ပြမှာပါ။

နယူးယောက် ကုလသမဂ္ဂဌာနချုပ် မှာပြုလုပ်နေတဲ့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို သက်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တွေက အသီးသီး အစီရင်ခံတင်ပြနေကြတာပါ။ တနင်္လာနေ့က ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူတွေအရေးနဲ့ ပတ်သက်လို့ အ ထူးကိုယ်စားလှယ်က သူ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ပါဝင်ဆွေး နွေး ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာ သိမ်း ထားတဲ့ မြန်မာနိုင်ငံမှာ လပေါင်း ၂၀ အတွင်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးသူ တသန်းနီးပါးရှိလာတဲ့ အခြေ အနေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အခုလို တင်ပြခဲ့ပါတယ်။

" ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ရိုဟင်ဂျာ (၃) သိန်းကျော် အပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိနေပါတယ်။ လွန်ခဲ့တဲ့ လပေါင်း (၂၀) အတွင်း ပြည်တွင်း နေရပ်စွန့်ခွာသူပေါင်း (၉၈၆,၅၀၀) ဦးကျော်ရှိနေပြီး၊ အဲဒီထဲမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အများအပြားပါဝင်နေပါတယ်။ သူတို့ကို နေရပ်ကနေ စွန့်ခွာထွက်ပြေးအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်တာဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့လုံခြုံမှုကင်း မဲ့တာတွေကြောင့် အိုးအိပ်စွန့်ခွါထွက်ပြေးရသူအရေအတွက်ဟာ ၁ သန်းကျော် ရှိနေပြီဖြစ်ကြောင်း ကု လ သမဂ္ဂကလည်း ဒီလဆန်းမှာပဲ ပြောဆိုထားပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တင်ပြချက်ကို စစ်ကောင်စီက လတ်တလော တုံ့ပြန်တာ မရှိသေးပေမဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေနဲ့ ထုတ်ပြန်ချက်တွေဟာ လက်တွေ့အခြေအနေတွကို ထင်ဟပ်မှု မရှိဘူးလို့ အရင်ကပြောခဲ့ဖူးပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အလွန်ကို ဆိုရွားနေပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် စားနပ်ရိက္ခာနဲ့ အာဟာရ ပြည့်ဝမှုမရှိတာ၊ ခိုလှုံဖို့နေရာမရှိတာ၊ တကိုယ်ရေသန့်ရှင်းမှုပစ္စည်း အလုံအလောက်မရှိတာ စတဲ့ အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း တင်ပြသွားပါတယ်။

"ဒါအပြင် ဒီ လိုဒုက္ခရောက်နေကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေခံအခွင့်အရေးတွေအပေါ်မှလည်း စစ်တပ်က မကြာခဏချိုးဖောက်နေပြီး၊ ဒီလိုအခြေအနေတွေကို ထိထိရောက်ရောက် အရေးယူကိုင်တွယ်ခြင်းမရှိရင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ လူကုန်ကူးမှုရဲ့ အဓိကသားကောင်းတွေဖြစ်လာမယ့် ဘေးအန္တရာယ်ရှိနေပါတယ်။ "

မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်ပေးရုံနဲ့ လုံလောက်မှုမရှိပဲ လက်တွေ့ အကာအကွယ်ပေးဆောင်ရွက်ပေးသင့်ကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုတိုက်တွန်းသွားပါတယ်။

" မြန်မာနိုင်ငံမှာ ပျက်စီးယိုယွင်းနေတဲ့ အခြေအနေအတွက် ကြေညာချက်တွေထုတ်ပြန်ပေးရုံနဲ့ လုံလောက်မှုမရှိတော့ပါဘူး။ ထိရောက်တဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကသာ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို အ ကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။"

တတိယကော်မတီကို အစီရင်ခံစာတင်သွင်းခဲ့တဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေရဲ့ အခွင့်အရေးဆိုင်ရာ ကုလသမ ဂ္ဂအထူးကိုယ်စားလှယ် Cecilia Jimenez-Damary ကလည်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အဓိကဖြေရှင်းနိုင်တဲ့ နည်းလမ်းကို အခုလိုတင်ပြသွားပါတယ်။

" နိုင်ငံအစိုးရတရပ်အနေနဲ့ လူ့အခွင့်အရေးကို အကောင်အထည်ဖေါ်တဲ့ အလေ့အကျင့်ကို အမြဲကျင့်သုံးပြီး အသိ အမှတ်ပြုတာ၊ တရားဥပဒေစိုးမိုးရေးရှိတာဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းဖြစ်တယ်ဆိုတာ ကျမသတိပြုမိပါတယ်။"

ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်း မကြာခင်ထွက်လာဖို့ရှိနေတယ်လို့လည်း ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ လက် ရှိမှာတော့ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂကဆက် လက်အသိအမှတ်ပြုထားဆဲဖြစ်ပြီး လာမယ့်နှစ်အတွက် မြန်မာနိုင်ငံကိုယ်စားလှယ်နေရာကိုတော့ Credential Committee ကနိုဝင်ဘာလအတွင်းဆုံးဖြတ်ဖို့ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */