B B C
ဘီဘီစီမြန်မာပိုင်း၂၁ ဇန်နဝါရီ ၂၀၂၁ရိုဟင်ဂျာ ဒုက္ခသည်တွေကို စစ်တကောင်းက ရေလယ်ကျွန်း ဘာဆန်ချားကို စစ်သင်္ဘောနဲ့ ပို့ဖို့ ၂၀၂၀ ဒီဇင်ဘာလကုန်က ပြင်ဆင်နေစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက် ခံရေး မှာ ကျေးရွာအုပ်စုအလိုက်ပြန်လည်လက်ခံရေးဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုချက်ကို ပြန်လည် ဆွေးနွေး ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဘီဘီစီကို ပြောပါ တယ်။ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်၊ သုံးပွင့်ဆိုင် အွန်လိုင်းအစည်းအဝေး လုပ်ခဲ့ပါတယ်။
သုံးနိုင်ငံက ဒုတိယဝန်ကြီး အဆင့်တွေ တက်ရောက်တဲ့ ဒီအစည်းအဝေးဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ် ယိ ရဲ့ ဇန်နဝါရီ ၁၁-၁၂ နေပြည်တော် ခရီးစဉ် အပြီး မကြာမီ ဖြစ်မြောက်လာတာ ဖြစ်သလို ကိုဗစ်ကာလ အတွင်း မှာ ရိုဟင်ဂျာ ကိစ္စ ထိပ်တန်း အရာရှိကြီးတွေ ပထမ ဆုံးအကြိမ် အဖြစ် ပြန်လည် တွေ့ဆုံနိုင်တာလည်း ဖြစ်ပါ တယ်။
အဲဒီအစည်းအဝေးအရ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူတွေကို ပြန်လည်လက်ခံဖို့ ကနဦးစမ်းသပ် ဆောင်ရွက်မှု စီမံကိန်းကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကိုပြန်လာလိုကြောင်းပြောကြားထားတဲ့ ဟိန္ဒူဘာသာ ဝင်တွေကို အရင်ပို့ဆောင်ပေးဖို့ကိုလည်း နိုင် ငံခြားရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဆွေးနွေးခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
အစည်းအဝေးအရ နေရပ်စွန့်ခွာသူဦးရေ လေးသောင်းနှစ်ထောင်ကျော်ကို ကနဦး လက်ခံဖို့ ညှိနှိုင်းထားတယ် လို့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဘီဘီစီရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
''ရခိုင်ပြည်နယ်မှာ နေသွားတယ်ဆိုတဲ့ လူဦးရေးလေးသောင်းနှစ်ထောင်ကျော်ပေါ့နော်။ အဲဒီလူတွေကို ဘင်္ဂ လားဒေ့ရှ်ဘက်ကနေ ကိုယ်တိုင်ဖြည့်ခိုင်းဖို့ အပိုင်းကို ညှိနှိုင်းခဲ့တယ်။ နောက်ဘင်္ဂလားဒေ့ရှ်ဘက်က မိသားစု လိုက် ပြန် လည်လက်ခံဖို့ဆိုပြီး ပြောတာရှိတယ်။
အဲဒါက ကျွန်တော်တို့ကလည်း မိသားစုလိုက်ပြန်လက်ခံဖို့သဘောတူထားတယ်၊နောက်တစ်ချက်က ဘင်္ဂလား ဒေ့ရှ်က ကျေးရွာအုပ်စုအလိုက်ပြန်လက်ခံဖို့ပြောတယ်။ အဲဒါကတော့ကျွန်တော်တို့ပြည်တွင်းမှာ နေရာချထား တဲ့အပေါ်မူတည်တယ်၊ အဲဒါတွေကတော့ ဆက်ဆွေးနွေးရမယ် '' လို့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ပြော ပါတယ်။
ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာ ၂၀၂၁ခုနှစ် ဒုတိယလေးလပတ်မှာ ပြန်လည်ပို့ဆောင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ ကမျှော်လင့်တယ်လို့ဖော်ပြထားပါတယ်။
မြန်မာအစိုးရဘက်ကတော့ ပြန်လည်လက်ခံဖို့ အသင့်ဆောင်ရွက်ထားပေမယ့် အသေးစိတ်အစီအစဉ်တွေ ဆွေးနွေးဖို့ ကျန်ရှိနေသေးလို့ ပြန်လည်လက်ခံမယ့်အချိန်ကို မပြောနိုင်သေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကိုပြောပါတယ်။
'' ပြန်ခေါ်မယ့်လုပ်ငန်းစဉ်က ကျွန်တော်တို့ Date ကို အတိအကျပြောလို့မရသေးပါဘူး။ …ပြန်ခေါ်မယ့်အချိန်က ညှိနှိုင်းနေဆဲဖြစ်ပါတယ်'' လို့ ဦးအောင်ကို ပြောပါတယ်။
အစိုးရဘက်က အတည်ပြုပြောကြားတာမရှိပေမယ့် ဘီဘီစီ ကရရှိထားတဲ့သတင်းတွေအရ လာမယ့် ဇူလိုင်မှာ ပြန်ခေါ်ဖို့ လျာထားသဘောတူထားတယ်လို့ သိရပါတယ်။
ရိုဟင်ဂျာအရေးဆောင်ရွက်သူတချို့ကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာ သူတွေကို ပြန်လည်လက်ခံရေး ကိစ္စမှာ တရုတ်နိုင်ငံရဲ့ ပါဝင်လာမှုကို ထောက်ပြ ကြတာတွေ ရှိပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာ တရုတ်စီးပွားရေးလုပ်ငန်းတွေ ရှိတာကြောင့် ရခိုင်ပြည်နယ် ရဲ့နိုင်ငံရေး၊ စီးပွားရေး အရေးကိစ္စမှာ တရုတ်အစိုးရ ပါဝင်လာတာလားဆိုတာကိုလည်း မေးခွန်းထုတ်လာကြတာပါ။
ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူ မဝေဝေနုကတော့ ''ဒုက္ခသည်တွေက မြန်မာနိုင်ငံကိုပြန်လာချင်ကြတယ်။ ဒါပေမယ့် သူတို့ပြန်လာဖို့ အာမခံချက်တွေ ရှိသလားဆိုတာ သူတို့စိုးရိမ်တယ်၊ သူတို့လယ်မြေတွေပြန် ရမှာ လား၊ သူတို့နေခဲ့တဲ့နေရာတွေကို ပြန်ခွင့်ရမှာလား။
မှတ်ပုံတင်ရပြီးသားလူတွေဆိုရင်ရော နိုင်ငံသားဖြစ်ခွင့်ပြန်ရမှာလား ဆိုတာတွေက သူတို့စိုးရမ်ကြတာတွေပါ။ နောက်တစ်ချက်က လုံခြုံရေးအာမခံချက်ရှိမှာလား ဆိုတာကို သူတို့စိုးရိမ်နေကြတယ် " လို့ ပြောပါတယ်။
မြန်မာအစိုးရကတော့ နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ NVC လို့ခေါ်တဲ့ နိုင်ငံသားပြုခွင့်ရဖို့ အတွက် ကနဦးစိစစ်ရေးကတ်ကို ထုတ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေမှာတော့ နေရပ်စွန့်ခွာသူ အရေအတွက် ဟာ ရှစ်သိန်းလေးသောင်းကျော် ရှိ တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ လူဦးရေငါးသိန်းကျော်ကိုသာ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံသဘောတူထားတယ်လို့ ပြောကြားထားတာပါ။
Link : Here


No comments:
Post a Comment