Wednesday, June 3, 2020

မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့ကိစ္စ အာဂျင်တီး နား တရားရုံး လက်ခံမလား

VOA 
ဗွီအိုအေ (မြန်မာဌာန)
03 ဇွန်၊ 2020
အင်ကြင်းနိုင်
ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင် နှင့် အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana

မြန်မာစစ်ဘက်နဲ့ အရပ်ဘက် ထိပ်တန်းခေါင်းဆောင် တဒါဇင်ကျော်ကို ရာဇဝတ် ကျူးလွန်မှုတွေနဲ့နိုင်ငံတ ကာဥပဒေအရ စွဲထားတဲ့အမှုကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လက်ခံ ဖို့နီးစပ်နေပြီလို့ ဗြိတိန် အခြေစိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေ ကိုပြောပါတယ်။
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ရိုဟင်ဂျာတွေ အတင်းအကျပ်မောင်းထုတ်ခံရမှုကို စုံစမ်းစစ်ဆေးမယ့် ကိစ္စနဲ့ အခု အာဂျင်တီးနားတရားရုံးချုပ်က ကိုင်တွယ်မယ့်မြန်မာကိစ္စ တူညီမှုရှိမရှိ သေချာအောင် စုံစမ်းနေ ကြောင်း အာဂျင်တီးနားအစိုးရ ရှေ့နေတွေက အကြောင်းကြားခဲ့တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။ ဒီလို အာဂျင်တီးနားဘက်က ရှေ့ဆက်ဆောင်ရွက်လာတာဟာ သူတို့စွဲထားတဲ့အမှုကိုလက်ခံမယ့် အခြေအနေ လို့  မြင်ကြောင်း ဦးထွန်းခင်က ဆိုပါတယ်။

ဦးထွန်းခင် ကိုယ်တိုင်လည်း အာဂျင်တီးနီးနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဖက်၊ အရပ်ဖက် ခေါင်း ဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှု စတဲ့ စွဲချက်တွေနဲ့နိုဝင်ဘာလ ၁၃ ရက်နေ့က အခြားလူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ အာဂျင်တီးနား ဗဟိုတရား ရုံးမှာ “Universal Jurisdiction”နိုင်ငံတကာဥပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင် ခွင့် နဲ့ အမှုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ခြောက်လအတွင်း အာဂျင်တီးနားတရားရုံးချုပ်ဘက်က မြန်မာအမှုကို ရှေ့ဆက်ဆောင်ရွက်လာတဲ့ အခြေ အနေနဲ့ ပတ်သက်လို့ မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

SEE ALSO:
 မြန်မာ ပျက်ကွက်လဲ အာဂျင်တီးနားတရားရုံးက ဆက်လက် ကြားနာသွားမည် 



မအင်ကြင်းနိုင်။ ။ အခုလို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးချုပ်က မြန်မာနဲ့ ပတ်သက်လို့ ICC က ကိုင်တွယ်နေတဲ့အမှုနဲ့ တူညီမှုရှိမရှိ ICC ကိုစုံစမ်းမေးမြန်းတဲ့ သဘောက ဦးထွန်းခင်တို့ စွဲထားတဲ့ အမှုကို လက်ခံမယ်ဆိုတဲ့ သဘောလား။ ဘယ်လို ယူဆလို့ ရလဲရှင့်။

ဦးထွန်းခင်။။ ဒါကတော့ လက်ခံတယ်ဆိုတဲ့ သဘောလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တူ ညီတဲ့ အမှုတခုကို နိုင်ငံတကာဥပဒေတွေနဲ့ ဖွင့်ထားပြီဆိုရင် အသုံးစရိတ်တွေက များတယ်လေ။ အမှုတခု ကို ဒီဘက်ကလဲလုပ်မယ်၊ ICC ကလည်း လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးလေ။ ICC က ကိုင်တွယ်တဲ့ အမှုနဲ့ ထပ်တူနေတယ်ဆိုရင် ကျနော်တို့အမှုက သွားစရာမလိုဘူး။ ဒါပေမယ့် ဒီနေရာမှာက ကျနော်တို့ ထင်ထင် ရှားရှား သိထားတာက ICC အမှုက deportation case (အတင်းအကျပ် မောင်းထုတ်ခံရမှု)၊ ရှစ်သိန်းနီးပါး ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး မြန်မာမြေပေါ်ကနေ မောင်းထုတ်ခဲ့တယ်။ ကျနော်တို့ မြန်မာရိုဟင်ဂျာများအသင်းကနေ စွဲထားတဲ့ အမှုကတော့ အဲဒီလို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ် ဖြတ်မှု အကုန်လုံး ပါပါတယ်။ ကျနော်တို့ အမှုက ပိုပြီး ကျယ် ပြန့်တဲ့ အနေအထားမှာ ရှိတယ်။ ပြီးတော့ ကျနော်တို့ အမှုစွဲထားတဲ့ အထဲမှာ အစိုးရရော၊ စစ်တပ်က ထိပ် ပိုင်း ကလူတွေ ၁၂ ယောက်လောက်ပါတယ်။ အဲတော့ ဒီအမှု က ကြီးတော့ သူတို့အနေနဲ့ ICC ကိုစုံစမ်းမေး မြန်း ပြီးနောက် အမှုကို ဆက်ပြီးကိုင်တွယ်သွားမယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။

အင်ကြင်းနိုင်။။ အဲတော့ ICC ဘက်ကတုံ့ပြန်ချက်ရပြီဆိုရင် အာဂျင်တီးနားတရားရုံးချုပ်က ဘာဆက်လုပ် မှာလဲ။

ဦးထွန်းခင်။။ တုံ့ပြန်ချက်ရပြီဆိုတာနဲ့ အာဂျင်တီးနားတရားရုံးဘက်က ကျနော်တို့ စွဲထားတဲ့ အမှုကိုစတင်စုံ စမ်း စစ်ဆေးလို့ ရပါပြီ။

အင်ကြင်းနိုင်။။ အမှုကိုစွဲထားတဲ့နေရာမှာ ဘယ်နှစ်ခုနှစ်က အဖြစ်အပျက်တွေအပေါ်အခြေခံပြီး စွဲထားတာလဲရှင့်။

ဦးထွန်းခင်။။ အဖြစ်အပျက်တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအမှုမှာတော့ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်မှာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို မြန်မာစစ်တပ်က အစု လိုက်၊ အပြုံ လိုက်သတ်ဖြတ်ခဲ့တယ်။ စစ်ရာဇဝတ်ကျူးလွန်မှုတွေလည်း အများကြီးရှိနေတယ်။ နောက် လူ မျိုး တုန်းသတ်ဖြတ်မှုကြတော့ ရည်ရွယ်ချက်ရှိရှိ နှစ်ပေါင်းများစွာ စနစ်တကျနဲ့ ရိုဟင်ဂျာတွေကို သုတ်သင် ရှင်းလင်းတယ်ဆိုတာ တမှု။

အင်ကြင်းနိုင်။။ ဒါပေမယ့်လည်း အဲဒီလိုအမှုတွေနဲ့ မြန်မာစစ်ဖက်နဲ့ အရပ်ဖက်ခေါင်းဆောင် တဦးချင်းစီကို တရားစွဲထားတဲ့ ကိစ္စမှာ အာဂျင်တီးနားတရားရုံးက ကိုင်တွယ်နိုင်မယ့် အလားအလာက ဘယ်လိုရှိမလဲ။

ဦးထွန်းခင်။ ။ ဒီအမှုကို အာဂျင်တီးနားဘက်က တော်တော်စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၁ ရာစုမှာ လူမျိုးတမျိုးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ရှင်းလင်းနေတာက မြန်မာတနိုင်ငံတည်းမှာပဲ ဖြစ်နေတာ ထင်ရှားတယ်။ အဲဒါကို သူတို့ စိတ်ဝင်စားပုံရတယ်။ ကျနော် Buenos Aires ရောက်တုန်းကလည်း တရားသူကြီး၊ ဥပဒေပညာရှင်တွေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့ပါ တယ်။ ကျနော်ပြောနိုင်တာက တော့ အာဂျင်တီးနား တရားရုံးကလည်း တော်တော်လေး စိတ်ဝင်တစားနဲ့ ဒီအမှုကို ရှေ့ဆက်သွားလိမ့်မယ်လို့ ကျနော် ပြောလို့ ရပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို အာဂျင်တီးနား တရားရုံးအမှုကို တုံ့ပြန်ချေပစရာ အကြောင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */