" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, June 7, 2020

ကျောက်ဖြူက ကမန်ဒုက္ခသည်တွေ မူလနေရာ ပြန်နေခွင့် တောင်းဆို

RFA
လွတ်လပ်တဲ့အာရှအသံ
သန့်ဇင်ဦး
2020-06-06

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းက ကမန် ဒုက္ခသည်တွေဟာ အစိုးရက ပြောင်းရွှေ့ပေးမယ့် နေရာသစ်မှာ မနေနိုင်ဘဲ မြို့ပေါ်ကမူလနေရာမှာပဲ ပြန်လည်နေရာချပေးဖို့အတွက် အင် တာ နက်လူမှုကွန်ယက်ကနေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

ကျောက်တစ်လုံး ကမန်စခန်းရဲ့ ၂ ဖာလုံအကွာမှာ ကျပ်သန်း နှစ်ထောင်ကျော် သုံးစွဲပြီး တည်ဆောက်မယ့် နေရာသစ်ကို မပြောင်းချင်ကြကြောင်းနဲ့ မူလမြို့ပေါ်ရပ်ကွက်ကိုပဲ ပြောင်းချင်ကြတယ်လို့ ဒုက္ခသည်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

နိုင်ငံတော်သမ္မတရဲ့ အရေးပေါ် ရန်ပုံငွေနဲ့ တည်ဆောက်မယ့် အဲဒီနေရာဟာ ဒီရေရောက်တဲ့ ဆားငန်တော  ဖြစ် လို့ နေထိုင်ဖို့ရော စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ပါ အဆင်မပြေဘူးလို့ ကျောက်တစ်လုံး ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖြူချေက ပြောပါတယ်။

“ကျွန်တော်တို့လက်ရှိ IDP (ဒုက္ခသည်စခန်း)ရဲ့ နှစ်ဖာလုံအကွာက ဒီရေပေါက် ဆားငန်ရေကို တာပတ်ထား တဲ့ နေရာမှာ ဒုက္ခသည်များ နေရာပြန်လည်ချထားပေးမှာကို ကျွန်တော်တို့ လူထုတွေရော၊ ကျွန်တော်တို့ IDP စခန်း မိသားစုတွေကရော လက်ခံခြင်းမရှိပါ၊ ထိုနေရာမှာ အသိုက်အဝန်းတစ်ခုအဖြစ် ရပ်တည်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ပါ၊ စီးပွားရေးကိုလည်း မည်သို့မျှ လုပ်ကိုင်စားသောက်နိုင်မည့် နေရာလည်း မဟုတ်ပါ၊ ပြန် လည် နေရာချထားရေးလုပ်တာ ဒုက္ခသည်များရဲ့ မူလဒေသနေရာများတွင် ပြန်လည်နေထိုင်နိုင်ရန် ဦးစား ပေးဖို့ ဆောင်ရွက်သင့်ပါတယ်”

ဖေဖော်ဝါရီလက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့အဖွဲ့ ဒုက္ခသည်စခန်းကို လာရောက်ချိန်မှာ မူလနေရာမြို့ပေါ်မှာပဲ နေရာပြန်ချပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် မတ်လ ၈ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တွေထံကို စာရေးသားပေးပို့ထားပေမယ့် ထူးခြားမှုမရှိဘူး လို့လည်း ဦးဖြူချေက ဆိုပါတယ်။

အစိုးရက နေရာအသစ်မှာ နေအိမ် ၃၆၃ လုံးနဲ့ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး၊ ရေ၊ မီး ရရှိရေး အပါအဝင် မြေယာလျော်ကြေးပေးဖို့ စတာတွေ လုပ်ဆောင်ပေးမယ် ဆိုပေမယ့် ဒုက္ခသည်တွေကတော့ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တွေမှာပဲ ပြန်လည်နေရာချပေးဖို့ တောင်းဆိုကြတာပါ။

၂၀၁၂ ခုနှစ် က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့အနီးမှာ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းကို ဖွင့်လှစ်ခဲ့တာ ၈ နှစ်ရှိပြီဖြစ်ပြီး အိမ်ထောင်စု ၃၆၀ လူဦးရေ တစ်ထောင်ကျော် ရှိပါတယ်၊ သူတို့ဟာ အရင်က ကျောက်ဖြူမြို့ပေါ်က ပိုက်ဆိပ်၊ ပြင်ဖြူမော် စတဲ့ရွပ်ကွက်တွေမှာ နေထိုင်ခဲ့သူတွေပါ။

ပဋိပက္ခဖြစ်ခဲ့သူတွေကြား ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလဖြစ်လို့ ကျောက်တစ်လုံး ဒုက္ခသည်တွေကို မူလ နေရာမှာ ပြန်ထားဖို့ မဖြစ်နိုင်ဘူးလို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က RFA ကိုပြောပါတယ်။

“အခုအချိန်မှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်နေတဲ့ကာလလို့ပဲ မြင်တယ်၊ မြင်တဲ့အခါကျ တော့ သူတို့က မြို့ထဲကိုပြောင်းဖို့ ဆိုတဲ့ဟာက သိပ်တော့အဆင်ပြေမယ်လို့ မထင်ဘူးဗျ၊ ဒေသခံတွေနဲ့ သူတို့ ပဋိပက္ခဖြစ်နိုင်တဲ့ အခြေအနေမှာဖြစ်နေတယ်၊ အဲဒါကြောင့် ဒီအချိန်မှာ ပြန်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မြင်တယ်ဗျ ကျွန်တော်က၊ ဒေသခံတစ်ယောက်အနေနဲ့”

ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ဦးအေးလွင် က တော့ မတူတဲ့ လူ့အစုအဝေးတွေကို ခွဲထုတ်လိုက်တာထက် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်တာကပို ကောင်းတယ်လို့ မေလ ၂၁ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။

"မတူတဲ့ လူ့အစုအဝေးတွေ ခွဲထုတ်ခြင်းဟာ segregation ဟာ ရေရှည်မှာ အကျိုးမဖြစ်ပါဘူး။ integration ဆို သည်မှာ မတူသော်လည်း ဗမာပြည်ဟာလည်းပဲ ဗဟိုလူ့အဖွဲ့အစည်းပဲလေ။ ဘာသာမတူ လူမျိုးမတူတဲ့ သူတွေ ဒီလိုပဲနေခဲ့ကြတယ်။ အရင်ကလည်း နေခဲ့တယ်။ ခုလည်းနေတယ်။ အဲဒီတော့ integration လို့ခေါ်တဲ့ မတူကွဲပြား တဲ့ ပုဂ္ဂိုလ်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးဆိုတာကို မြန်မာ့အစဉ်အလာ၊ မြန်မာ့သဘာဝ အရ ဖြစ်ပေါ်လာအောင် အချိန်ယူရင်လည်းယူပြီးတော့ ကြိုးစားရင် ပိုကောင်းလိမ့်မယ်လို့ ကျနော်ဒီလိုပဲ အကြံပေးချင်ပါတယ်"

ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့နဲ့ သင့်တော်တဲ့နေရာတစ်ခုမှာ ပြန်လည်နေရာချထားရေး ကိစ္စတွေဟာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက တစ်ခုဖြစ်ပြီး၊ ICJ ရဲ့ ကြားဖြတ်အမိန့်လေးချက်ထဲမှာလည်း ရခိုင်ပြည် နယ်က မွတ်စလင်တွေကို အသိအမှတ်ပြုဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်ပြုဖို့ဆိုပြီး ပါဝင်ပါတယ်။

ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ညနေ ၆ နာရီအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

မေလ ၃၀ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကျောက်တစ်လုံး ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို မူလနေရာမှာ မဟုတ်ဘဲ လက်ရှိနေထိုင်နေတဲ့နေရာနဲ့ ၂ ဖာလုံအကွာကို ရွှေ့ပြောင်းဖို့ စီစဉ်နေပြီလို့ ဦးဇော်ဌေးက ပြောထားပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ကျင်းပတဲ့ ကျောက်တစ်လုံးစခန်း ပိတ်သိမ်းရေး အစည်းအဝေးမှာ သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေထဲကနေ ငွေကျပ် သန်းပေါင်း ၂၀၀၀ ကျော် အသုံး ပြုဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က မေလ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြထားပါတယ်။

(မှတ်ချက် - သတင်းတွင် "ရိုဟင်ဂျာဒုက္ခသည်များ"ဟု ဖော်ပြထားရာမှ "ကမန်ဒုက္ခသည်များ"ဟု ပြင်ဆင်ထားပါသည်)
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */