07 ဇွန်၊ 2020
မဆုမွန်
အဲဒီက ဒုက္ခသည်တွေဟာ ကျောက်ဖြူမြို့ပေါ်မှာ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်စီးပွားရေး လုပ်ငန်းတွေနဲ့ နှစ် ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေဖြစ်ပြီး သူတို့ မူရင်းနေရာတွေမှာ ပြန်နေထိုင်ခွင့်ရဖို့ တာဝန်ရှိ သူ တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့်လည်း ခုချိန်ထိတော့ မပြေလည်သေးပါဘူး။
အချင်းချင်းကြားမှာ ဘာပဋိပက္ခမှမရှိဘဲ မြို့ပေါ်မှာ အတူတူ ယှဉ်တွဲနေထိုင်ခဲ့ကြရာကနေ ရုန်းရင်းဆန်ခတ် အခြေ အနေတွေ ဖြစ်ချိန်မှာ ဒုက္ခသည်စခန်းထဲ ဘယ်လိုရောက်သွားရတယ်ဆိုတာကို စနေနေ့က အွန်လိုင်း ကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုက္ခသည်တဦးဖြစ်သူ ဦးခင်ရွှေက ပြောပြပါတယ်။
“၂၀၁၂ မတိုင်ခင် ကျနော်တို့ဟာ မြို့ပေါ်ရပ်ကွက်တွေမှာ ကျနော်တို့ ဘိုးဘွားများနဲ့ ကျောက်ဖြူမြို့ပေါ်မှာ အတူတ ကွ ရောင်းဝယ်ဖောက်ကားပြီး အတူတကွ နေခဲ့ကြတယ်။ ဘာမှ ပြဿနာဖြစ်ခဲ့ခြင်းလည်း မရှိပါဘူး။ ကျနော်တို့ ဘယ်လောက်အထိ ချစ်ချစ်ခင်ခင် နေခဲ့ကြသလဲဆိုရင် ကျနော်တို့ဘေးမှာ ဗုဒ္ဓဘာသာရှိတယ်၊ မရမာကြီးတွေရှိတယ်၊ ဟိန္ဒူတွေရှိတယ်၊ တအိမ်နဲ့တအိမ် အားလုံး အတူတူနေခဲ့ကြတယ်။ ဈေးမှာဆိုလည်း အတူတူဈေးရောင်းတယ်၊ တယောက်ပွဲတော်ကို တယောက်သွားပြီးတော့ အကူအညီပေးတယ်၊ ပါဝင်ကြ တယ်၊ ပျော်ရွှင်ကြတယ် ကျနော်တို့။
“အဲဒီလို အတူတကွ နေထိုင်ရင်းနဲ့ ၂၀၁၂ ပဋိပက္ခကို အခြေခံပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာတယ်။ မြို့ မိ ဖြို့ဖတွေ ရောက်လာပြီး သူစိမ်းတွေရောက်နေတယ်၊ သုံးရက်တာ ခဏလေး ရှောင်ပေးပါဆိုပြီး ခင်ဗျား တို့ အဆောက် အဦတွေ၊ အိုးအိမ်တွေ ဘာမှမဖြစ်စေရဘူး ဆိုပြီး ကျနော်တို့တာဝန်ယူတယ်၊ ခဏလေးရှောင် ပေးပါဆိုတဲ့ ကတိက ဝတ်တွေနဲ့ သူတို့ကပဲ ကားတွေစီစဉ်ပေးပြီး ကျနော်တို့ ကလေးတွေ သက်ကြီးရွယ် အို တွေနဲ့ အခုလက်ရှိနေတဲ့ ကျောက်တလုံးစခန်းမှာ ကျနော်တို့ကို လာထားခဲ့တာပါ။”
နောက်ဒုက္ခသည်တဦးဖြစ်သူ မခင်နီလာဝင်းကလည်း ဒုက္ခသည်စခန်းထဲမှာ အခက်အခဲတွေနဲ့ နေထိုင်နေ ရတဲ့ အကြောင်း ပြောပြပါတယ်။
“အရင်က ကျမတို့ ရေလုပ်ငန်းတွေလုပ်တယ်၊ တံငါလုပ်ငန်းတွေလုပ်တယ်။ မြို့ပေါ်ရပ်ကွက်မှာဆို မော်တော် ယာဉ်လုပ်ငန်းတွေ ကုန်စုံဆိုင်တွေ လုပ်ကိုင်တော့ ကျမတို့ အဆင်ပြေချောမွေ့ စားဝတ်နေရေးလည်း အဆင်ပြေခဲ့ပါတယ်။ အခု ၂၀၁၂ နောက်ပိုင်းမှာဆိုရင် စားဝတ်နေရေးဟာ လုံးဝ ကျပ်ကျပ်တည်းတည်းနဲ့ အခက်အခဲများစွာ ရင်ဆိုင်ရတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ဒီထဲရောက်တဲ့ အချိန်ကျတော့ လူဦးရေက ၁,၅၀၀ ကျော်လောက်ရှိပါတယ်။ ၁,၅၀၀ ကျော်လောက်မှာ ၁၂၀ နီးပါး အသက်ဆုံးရှုံးရတယ်။ ကျန်းမာရေးဝန်ထမ်းဆိုတာမရှိပါ။ ဒီနေရာ မှာနေဖို့ဆိုတာ ကျမတို့အတွက် လုံးဝ မသင့်တော်ပါ။ ကျမ အမေ တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကလေးတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်ဆုံးရှုံး ရပါတယ်။ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။”
ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သူတို့ဘက် က လို လားချက်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ ကျောက်တလုံး ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ကိုဖြူချေက ပြောပါတယ်။
“အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေ ၂၀၁၇ ခုနှစ်က ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ ပြည်ထောင် စုဝန်ကြီး ၆ ပါးပါတယ်၊ ကာကွယ်ရေးဝန်ကြီးပါတယ်၊ ကျန်းမာရေးဝန်ကြီးပါတယ်၊ အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ပါတယ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ပါတယ်၊ ရခိုင်ပြည်နယ် ဝန် ကြီး ချုပ်နဲ့ ကျနော်တို့ IDP စခန်းကိုလာပါတယ်။ ကျနော်တို့နဲ့ အချေအတင် ဆွေးနွေးပါတယ်။ ပြန်လည်နေ ရာချထားရေးတွေကို။ ဆွေးနွေးတဲ့အခါ ကျနော်တို့ရဲ့ ပြန်လည်နေရာချထားရေးသည် ကျနော်တို့ရဲ့ မြို့ရွာ ဖြစ် တဲ့ အရာရှိရပ်ကွက် ရပ် ကွက်မြို့ပေါ်မှာပဲ ပြန်လည်နေရာချထားပေးဖို့ပါလို့ လူကြီးတွေရှေ့မှာ ကွက် ကွက်ကွင်းကွင်း ပြောဆိုခဲ့ပါတယ်။ အခုနောက်ဆုံး Plan ဖြစ်တဲ့ ၂၀၂၀ မတ်လ ၈ ရက်နေ့မှာ နိုင်ငံတော် သမ္မတကို လိပ်မူပြီး နိုင်ငံတော်အတိုင်ပင်ခံကို ပို့ပြီး မိမိရဲ့ နေရာဒေသကို ပြန်ရွှေ့ပေးဖို့ အခု ကျနော်တို့ IDP တည်ရှိနေတဲ့ ၂ ဖာလုံအကွာမှာ တာပတ်ပြီး ပြန်လည်နေရာချထားပေးတာကို မဆောင်ရွက်ဖို့အတွက်နဲ့ ကျ နော်တို့ကို ကိုယ့်နေရာ ကိုယ့်ဒေသကိုပဲ ပို့ပေးပါလို့ ကျနော်တို့လူထုတွေ IDP စခန်း ရပ်မိရပ်ဖတွေ၊ကော် မတီတွေက စာတင်ပြီးဖြစ်ပါတယ်။”
ဒုက္ခသည်တွေက သူတို့ရဲ့ မူရင်းနေရာတွေမှာ ပြန်ပြီး နေထိုင်လုပ်ကိုင်ကြချင်ပေမယ့်လည်း အဲဒီလို ဖြစ် လာနိုင်ခြေ ရှိတယ်လို့ တာဝန်ရှိသူတွေက မြင်မထားဘူးဆိုတာ မေလ ၃၀ ရက်၊ စနေနေ့ကလုပ်တဲ့ အွန် လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး ပြောသွားတာကနေ သိနိုင်ပါတယ်။
“တချို့ကလည်း မူလနေရာကို ပြန်ချင်တာရှိတယ်။ မှန်တယ် ဖြစ်နိုင်ရင်တော့ မူလနေရာကို ပြန်ထားရင်တော့ ကောင်းတာပေါ့။ သို့သော် ရခိုင်ပြည်နယ် အခြေအနေ ကျောက်ဖြူ ကျောက်တလုံးလို အနေအထား က သိပါလိမ့်မယ်၊ မူလနေရပ်နေရာတွေမှာ ပြန်နေထိုင်ဖို့ သဟဇာတ ဖြစ်မဖြစ်ပေါ့၊ ဒါတွေကိုလည်း ကြည့်ရ ပါတယ်။ အခုတော့ လက်ရှိကမ့်ပ်မှာထက် ပိုပြီးအဆင်ပြေအောင် အိမ်တွေဆောက်ပေးပြီး နေဖို့ စီစဉ်ပါ တယ်။ နယ်စပ်ရေးရာဝန်ကြီး ဌာနကလည်း ဘယ်လောက် ဘယ်လောက် သုံးမယ်ဆိုပြီး လွှတ်တော်မှာကို တင်ပြထားတာပါ။ အဲ့ဒါကို လုပ်နေတဲ့အချိန်မှာ DIP ကမ့်ပ်ထဲကသူတွေက အထင်လွဲတယ်။ ဒါကြီးကို ဇွတ် အတင်းဆောက်ပြီး သူတို့ကို အတင်းအဓမ္မ ရွှေ့ပါတယ်ဆိုပြီး စိုးရိမ်တယ်။ မဖြစ်ပါဘူး၊ ကျနော်တို့ အတင်း အကျပ် သွားဆိုတဲ့ပုံစံမျိုး မလုပ်ပါဘူး။ အဲ့ဒါကို လူ ကယ်ပြန်နဲ့ ရခိုင်ပြည်နယ်အစိုးရက သူတို့နဲ့တွေ့ပြီး Consultation ထပ်လုပ်မှာဖြစ်ပါတယ်။ သူတို့လိုအပ်ချက်တွေ ဘာရှိလဲ၊ သူတို့စိုးရိမ်ချက်တွေ ဘာရှိလဲ မေးပြီး ဒါတွေထပ်လုပ်မှာ ဖြစ်ပါတယ်။”
အစိုးရရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ကြိုဆိုပေမယ့် လက်ရှိ ကျောက်တလုံး ဒုက္ခသည် စခန်း ကနေ ရွှေ့ပေးမယ်ဆိုတဲ့ နေရာဟာ ဆားငန်ဒီရေတောကို တာပတ်ပြီး စခန်းပြန်လည်နေရာချထားမှာဖြစ်လို့ လူ့အသိုက် အဝန်းတခု နေသင့်နေအပ်တဲ့ နေရာဒေသ မဟုတ်တဲ့အတွက် ဒုက္ခသည်တွေဘက်က လက်မ ခံဘဲ မနေလိုကြတာဖြစ်တယ် ဆိုတာကိုလည်း ဒုက္ခသည်တွေဘက်က ရှင်းလင်းပါတယ်။
ဒုက္ခသည်တွေဘက်က သူတို့ အရင်နေထိုင်ခဲ့တဲ့ မြို့ပေါ်က နေရာတွေမှာပဲ ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေ ရာချထားပေးဖို့၊ ငွေကြေးအခက်အခဲကြောင့် အိမ်ယာ ရောင်းချခဲ့ရသူတွေကိုလည်း ဒေသခံတွေနဲ့အတူ နေရာချပေးဖို့၊ အမှီအခိုကင်းစွာနဲ့ နေထိုင်စားသောက်ရေး ဘေးကင်းလုံခြုံမှုရှိစေဖို့ တောင်းဆိုထားကြ တာ ပါ။
ဒုက္ခသည်တွေကို လူသူကင်းဝေးတဲ့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ နေရာချပေးဖို့ စီစဉ်တာဟာ သူတို့ကို လူမှုအသိုင်းအဝိုင်းကနေ သီးခြားဖယ်ထုတ်လိုတဲ့ သဘောဖြစ်ပြီး မတူကွဲပြားတဲ့ လူမှုပတ်ဝန်းကျင် အသိုင်း အဝိုင်းထဲ ပေါင်းစည်းနေထိုင်ရေးကို အခက်အခဲဖြစ်စေတဲ့ အစီအမံသာဖြစ်တယ်လို့ ဒုက္ခသည်တွေက ထောက်ပြကြပါတယ်။
ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ ထဲ မှာတော့ IDP တွေကို သူတို့ မူလနေထိုင်နေတဲ့နေရာ ဒါမှမဟုတ် တခြားနေရာသစ်ကို ပြန်လည် ရွှေ့ပြောင်း ပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်၊ ဒါ့အပြင် ဂုဏ်သိက္ခာနဲ့ အညီ ပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦး စားပေး ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေ ပြောင်းရွှေ့ လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။
လင့္၊
https://burmese.voanews.com/a/rakhine-refugees-kyauk-phyu/5452622.html
No comments:
Post a Comment