Wednesday, April 29, 2020

တပ်မတော်ဗိုလ်ချုပ်ဟောင်းတချို့နဲ့ ရဲအရာရှိတွေအပါ အဝင် ၁၄ ဦးကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုး

B B C
ဘီဘီစီ မြန်မာပိုင်း
29 ဧပြီ 2020

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးစု သုတ်သင်ရှင်းလင်းမှုနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး အဆင့် ရှိသူနဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ ရဲအရာရှိတွေ အပါအဝင် စုစုပေါင်း ၁၄ ဦးကို စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကို သက်တမ်းထပ် တိုးလိုက်တယ်လို့ ဗြိတိန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ပိတ်ဆို့ခံရတဲ့ ၁၄ ဦးစာရင်းထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် ညီညီဆွေ၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် ခင်လှိုင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ ရဲမှူးချုပ် သူရဆန်းလွင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် ခင်စိုးတို့ ပါဝင်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံခြားဘဏ်တွေမှာ သူတို့ အပ်နှံထားတဲ့ ငွေတွေ၊ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့လိုက်သလို ခရီးသွားလာခွင့်တွေကိုလည်း ပိတ်ပင်လိုက်တာ ဖြစ်ပါ တယ်။


"အခု ပိတ်ဆို့မှု သက်တမ်းအတိုးခံရသူ အများစုက ၂၀၁၇၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ကာလတွေမှာ စာရင်းသွင်း ခံ ခဲ့ရသူတွေ ဖြစ်ပါတယ်၊ အဲ့ဒီမှာလည်း တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ပါတယ်၊ အခု ဆို အငြိမ်းစား ဖြစ်သွားပါပြီ၊ အသစ်တိုးတာ ၁ ယောက် တွေ့ပါတယ်၊ အဲ့ဒါက ဗိုလ်မှူးချုပ် သန်းဦး ပါ" လို့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲပါတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်း အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်မောင်မောင်စိုး က တော့ ၂၀၁၆ ကနေ ၂၀၁၇ ခုနှစ် အတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ သူ ဖြစ်ပါတယ်။

"သူတို့တွေကို သက်တမ်းထပ်တိုးတာက ပြောရရင်တော့ လုပ်ရိုးလုပ်စဉ်ဟာကို ဆက်လုပ်တာပေါ့၊ ရခိုင်တို့ ကချင်တို့မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို အကြောင်းပြုပြီးတော့ နိုင်ငံရေးအရ ဖိအားပေးတာပါ" လို့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

"နောက်တခုက တကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကြုံတွေ့နေရချိန် ဒီကာလမှာ နိုင်ငံတိုင်းက အခက်အခဲတွေနဲ့ ကိုယ်ဖြေရှင်းနေရချိန် ဖြစ်ပါတယ်။ ယူကေမှာလည်း ဒီအတိုင်းပါပဲ၊ ဒီလို အချိန်မှာ မမေ့မလျော့နဲ့ လုပ်နေ တာက အာဂျန်ဒါတခု၊ ပလန်တခု ရှိတယ်လို့ မြင်ပါတယ်။ နည်းမျိုးစုံနဲ့ ဖိအားပေးတယ်လို့ ယူဆပါတယ်" လို့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

 ဧပြီလ ၂၄ ရက်နေ့တုန်းကလည်း ဥရောပသမဂ္ဂ အီးယူကလည်း ရခိုင်၊ ကချင်နဲ့ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ လူ အခွင့် အရေး ချိုးဖောက်မှုတွေကြောင့် တပ်မတော်ခေါင်းဆောင်တချို့နဲ့ ရဲအရာရှိတချို့အပါအဝင် ၁၄ ဦးကို ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းထပ်တိုး လိုက် တယ်လို့ ထုတ်ပြန်ပါတယ်။

"နှစ်ပေါင်းများစွာ ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်၊ အီးယူ၊ ယူကေ၊ ယူအက်စ်တို့က လုပ်ခဲ့တယ်၊ ဒီလို ပိတ်ဆို့မှုတွေ က အလုပ်ဖြစ်လား၊ မဖြစ်ဘူးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ဖူးပါတယ်၊ ကျွန်တော့်အမြင်ကတော့ ဒါက နိုင်ငံအတွက်လည်း ထူးသွားမှာ မဟုတ်ဘူး၊ စီးပွားရေးအရလည်း ပြင်းပြင်းထန်ထန် သက်ရောက်မှု မရှိနိုင်ပါဘူး" လို့ ဒေါက်တာ နိုင်ဆွေဦးက တုံ့ပြန်ပါတယ်။

ဒါပေမဲ့လည်း ဒီလို ပိတ်ဆို့ခံရမှုတွေကြောင့် တပ်မတော်နဲ့ နိုင်ငံရဲ့ ပုံရိပ်ကို မထိခိုက်စေဘူးလားလို့ ဘီဘီစီက မေးရာမှာတော့ ဒေါက်တာနိုင်ဆွေဦးက "တစုံတရာတော့ ထိနိုင်ပေမဲ့ ကြီးကြီးမားမားတော့ မရှိပါဘူး၊ ပြောရ ရင် ဒီလိုမျိုး ပိတ်ဆို့မှုက တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိနိုင်ပါတယ်" လို့ ပြန်ဖြေပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */