" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 24, 2020

ဂမ်ဘီယာက တရားစွဲဆိုမှုတွင် မြန်မာဘက်က အချက် ၄ ချက် လုပ်ဆောင်ရန် ICJ အမိန့်ချ

TheVoiceWeekly Journal 
သည်ဟိဂ်၊ ဇန်နဝါရီ ၂၃
ဂမ်ဘီယာနိုင်ငံက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားချက်ကို နှစ်ဖက်လျှောက်လဲခဲ့ကြ ပြီး ကနဦး ကြားဖြတ်အစီအစဉ်များ ရှိသင့်၊ မရှိသင့် အမိန့်ချရာတွင် ဂမ်ဘီယာဘက်က တောင်းဆိုချက်ကို တရားရုံးကလက်ခံလိုက်ပြီး မြန်မာဘက်က ဆောင်ရွက်ချက်လေးခု ဖော်ဆောင်ပါရန် တရားသူကြီးများက တညီတညွတ်တည်း အမိန့်ချလိုက်သည်။

မြန်မာဘက်က ဆောင်ရွက်ပေးရန် ချမှတ်လိုက်သည့် အမိန့်များမှာ
 
(၁) မြန်မာသည် Genocide ကာကွယ်တားဆီးရေး သဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များဖြစ် သည့် အကာအကွယ်ပေးရေးဆိုင်ရာ ရှောင်ရှားရမည်များ၊ လိုက်နာရမည်များကို ဆောင်ရွက်ရန်၊
(၂) မြန်မာ့တပ်မတော် နှင့် အဆိုပါအဖွဲ့အစည်းက သြဇာသက်ရောက်နိုင်သော အင်အားစုတိုင်းက လူမျိုးတုံးသတ်ဖြတ်ရန် ဆောင်ရွက်ခြင်းများ၊ ပူးပေါင်းကြံစည်ခြင်းများ၊ ကြိုးပမ်းခြင်းများ ရပ်တန့်ရန်၊
(၃) ကျူးလွန်သူများကို စံနှုန်းနဲ့အညီ အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်ရန်၊
(၄) မြန်မာဘက်က လက်တွေ့ဆောင်ရွက်ချက်များကို အမိန့်ချမှတ်သည့်နေ့မှ လေးလအတွင်း အစီရင်ခံ စာရေးသားတင်သွင်းရန်တို့ဖြစ်သည်။

မြန်မာဘက်မှ အဓိကတောင်းဆိုထားသော အမှုစာရင်းမှ လုံးဝပယ်ဖျက်ရန်နှင့် ဂမ်ဘီယာ၏ ကြားဖြတ်စီမံချက်များ တောင်းဆိုချက်ကို ပယ်ချပေးပါရန် တောင်းဆိုမှုကို ရုံးတော်က လက်မခံသည့်သဘောဖြစ်သည်။

လျှောက်လဲချက်များ တင်သွင်းစဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စစ်စည်းကမ်းအတိုင်း စစ်ခုံရုံးကအရေး ယူနေပါကြောင်း၊ ရိုဟင်ဂျာများအတွက် ပြန်လည်နေရာချထားရေး ပြန်လည်သင့်မြတ်ရေး အစီအစဉ်များ ဆောင်ရွက်နေကြောင်း တင်ပြခဲ့သည်။

အမိန့်များကို တညီတညွတ်တည်း ဆုံးဖြတ်သည်ဟု တရားသူကြီး၏ အမိန့်ဖတ်ကြားချက်အရ တရားသူကြီး ၁၇ ဦးလုံး အတွင်း သဘောထားတူညီစွာ အမိန့်ချလိုက်သည်ဟု ယူဆရသည်။

ရိုဟင်ဂျာဟု ပြည်ပမီဒီယာများကသုံးနှုန်းသော ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်အသိုင်းအဝိုင်းအပေါ်ကျူးလွန် သည်ဟူသော အဖြစ်အပျက်များအပေါ် တရားရုံးက ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းသည့် အချက် အလက်ရှာဖွေရေး မစ်ရှင် တွေ့ရှိချက်များကို ကိုးကားခဲ့ သည်။

ဂမ်ဘီယာသည် ရိုဟင်ဂျာအရေးအခင်း နှင့် တိုက်ရိုက်ဆက်စပ်သည့်နိုင်ငံမဟုတ်သော်ငြား လူမျိုးတုံး သတ် ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်း လက်မှတ်ထိုးထားသည့် နိုင်ငံအနေဖြင့် ယင်းသို့တရားစွဲဆိုခွင့်ရှိကြောင်း၊ အမှုဟောင်း များကို ကိုးကားလျက် တရားသူကြီး အဗ္ဗဒူကာဝီယူစွပ်က အမိန့်ကြေညာချက်ကို ဖတ်ကြား ခဲ့သည်။

ICJ အမိန့်ချမှတ်ခဲ့သော်ငြား လိုက်နာခြင်းရှိ မရှိကို နောက်ဆက်တွဲတွန်းအားပေး အာဏာသက်ရောက်စေမည့် လမ်းကြောင်းတော့ တရားရုံးတွင်မရှိပေ။

ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးအရ ပစ်မှတ်ထားတိုက်ခိုက်သည့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန် သောအထောက်အထား မတွေ့ရှိကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်လိုက်သည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE က နောက်ဆုံးအစီရင်ခံစာကို ၂၀ ရက်နေ့က သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်သွင်းခဲ့ပြီးနောက် ၂၃ ရက် နေ့တွင် ICJ တရားရုံးက မြန်မာဘက်က ဆောင်ရွက်ပေးရမည့် အမိန့်များချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မရှင်ကို ဖိလစ်ပိုင်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလိုက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */