Wednesday, October 23, 2019

စစ်တပ်အစား အရပ်ဘက်စီးပွားရေးတွေနဲ့ပဲ ပေါင်းလုပ်ဖို့ FFM ဥက္ကဋ္ဌ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 အောက်တိုဘာ၊ 2019
အင်ကြင်းနိုင်
FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌ Marzuki Darusman

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်း တွေကို ပိတ်ဆို့အရေးယူပြီး အရပ်ဖက် စီးပွားရေးလုပ်ငန်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ FFM မြန်မာနိုင် ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက် ပါ တယ်။ အင်္ဂါနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီ အစည်းအဝေးမှာ FFM ရဲ့ နောက်ဆုံး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းချိန်မှာ သူက အဲဒီလို ပြောသွားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌ Marzuki Darusman ဟာ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့အတူ ပူးတွဲ အစီရင်ခံစာတင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာ (၆)သိန်းကျော်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြ ဌာန်းချက်အရပါ ခွဲခြား ဖိနှိပ်ခံနေရတဲ့အပြင်၊ လူမျိုးတုန်းသတ်ဖြတ်တဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေ ရ ကြောင်း Mr. Darusman က အစည်းအဝေးမှာ ထပ်မံသတိပေးပြောကြားခဲ့ပါတယ်။

ဒါအပြင် FFM ရဲ့ မူရင်း သက်တမ်း တနှစ်ကို နောက်ထပ် တနှစ်တိုးပြီး ကုလသမဂ္ဂက ၂၀၁၈ ခုနှစ်က တာဝန်ပေး အပ်ခဲ့ရာမှာ သူတို့အဖွဲ့ ရှာဖွေတွေ့ရှိချက်တွေကို ပိုပြီး ခိုင်မာ ကျစ်လျစ်စေဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အဲဒီလို သက်တမ်းတိုးချဲ့ခဲ့တဲ့အတွက်လည်း တွေ့ရှိတဲ့ အထောက်အထားတွေ ပိုပြီးခိုင်လုံအောင် စုဆောင်းတဲ့အခါမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုဟာ ဆိုးရွား လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ ပံ့ပိုးပေးနေတယ်ဆိုတာ စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ Mr. Marzuki Darusman က အခုလို ပြောပါတယ်။

“စီးပွားရေးမှာ တပ်မတော်ပါဝင်ပတ်သက်မှုဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်စေတဲ့ လုပ်ရပ်တွေ ကို ပံ့ပိုးပေးနိုင်ဖို့ တိုက်ရိုက်ပတ်သက်နေတာကို ကျနော်တို့ အထောက်အထားတွေနဲ့ တွေ့ရှိခဲ့တာဖြစ်ပါ တယ်။ နိုင်ငံတော် ဘတ်ဂျက်ကို တပ်မတော်က အကန့်အသတ်မရှိ သုံးပြီး ဖိနှိပ်ညှင်းပမ်းမှုတွေ ကျူးလွန်ခဲ့သလို၊ ပြစ် ဒဏ်ကနေ ကင်းလွတ်ခွင့်ရဖို့နဲ့ လုံးဝလွတ်မြောက်ဖို့ အတွက်လည်း ဘဏ္ဍာငွေတွေကို သုံးစွဲခဲ့ တာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ကနေပါ အကျိုးအမြတ်ရဖို့ တပ်မတော်က လွှမ်းမိုး ချုပ်ကိုင်ခဲ့တယ်ဆိုတဲ့အချက်ဟာ ဆက်စပ်နေပါတယ်။”

အထူးသဖြင့် ရခိုင်ပြည်နယ်အပါဝင် ကချင်၊ ရှမ်းနဲ့ အခြားတိုင်းရင်းသားဒေသတွေမှာ ကြီးမားပြင်းထန်လှတဲ့ ပြစ်မှုတွေကို တပ်မတော်က ကျူးလွန်ရာမှာ သူတို့တပ်အင်အားအတွက် သုံးစွဲဖို့ ဝင်ငွေတွေကို စီးပွားရေး လုပ်ငန်းတွေကနေ တိုက်ရိုက်ရနေတဲ့အတွက် တပ်မတော်နဲ့ ဆက်စပ်ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖြတ်တောက် ပိတ်ဆို့ အရေးယူဖို့ Marzuki Darusman က အခုလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက် တွန်းခဲ့ပါတယ်။

“ကျနော်တို့ ပေးချင်တဲ့ message ကတော့ တပ်မတော်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း မှန်သမျှ ကို အဆုံးသတ်ပြီး တပ်မတော်နဲ့ မပတ်သက်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်းတွေနဲ့ပဲ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ကြာမြင့်ပြီးနောက်မှာတောင် မြန်မာနိုင်ငံမှာ ဆက်ပြီး ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့ အဖြေဘယ်လိုရှာမလဲဆိုတဲ့ စိတ်ဓါတ်နဲ့ အစီအစဉ်ရေးဆွဲဖို့ ကျနော်တို့ အကြံ ပြုချင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကျနော် အချက်တခုတည်းကို မေတ္တာရပ်ခံချင်တာကတော့ မြန်မာနိုင်ငံ ဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ ကို နောက်တဆင့်အနေနဲ့ အပြည့်အ၀ ထောက်ခံပံ့ပိုးကြ ဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒီအဖွဲ့ကြီးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြော်အမြင်ရှိရှိ ပူးပေါင်းဆောင် ရွက် မှုနဲ့ လုပ်ငန်းလည်ပတ်နေပါပြီ။ ဒီအဖွဲ့ရဲ့ ပြင်ဆင်မှုတွေကနေ နောက်ဆုံးမှာ တရားစီရင်ရေးနဲ့ တာဝန် ခံမှုရှိရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂအထွေထွေညီလာခံက သူတို့ကို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ အချက်တွေထဲမှာ အခု နောက်ဆုံး အစီရင်ခံ စာတင်သွင်းဖို့ ပါဝင်ခဲ့ပြီး FFM အနေနဲ့ သူတို့တွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ် ကျူး လွန်မှု ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အထောက်အထား အချက်အလက် တွေကို နိုင်ငံတကာတရားရုံးတွေ က ကိုင်တွယ်စီရင်နိုင်ဖို့ အမှုတည်ဆောက်မယ့် IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးယန္တရားအဖွဲ့ကို လွဲှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း မစ်ရှင်ဥက္ကဌ Mr. Marzuki Darusman ကပြော ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ အခုလို FFM ရဲ့အစီရင်ခံစာကို အသိအမှတ်မပြုသလို FFM က နေ ဆက်နွယ်ပြီးတော့ ပေါ်ပေါက်လာတဲ့ IIMM အဖွဲ့ လုပ်ငန်းယန္တရားကိုလည်း အသိအမှတ် မပြု ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ တတိယကော်မတီ အစည်းအဝေးမှာ တုံ့ပြန်ပြောဆို သွား ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

အောက်တိုဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာတော့ Yanghee Lee နဲ့ Marzuki Darusman တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ဖို့ရှိသလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင် ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း သူရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးမှာ တင်ပြဖို့ရှိပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီကနေ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲနေပြီး မကြာခင် မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */