Friday, June 7, 2019

လက်နက်ကိုင်တော်လှန်ရေးအပေါ် ရခိုင်ဒေသခံ တချို့အမြင် စိုးရိမ်ဖွယ်ဖြစ်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-07
 ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန 

ရခိုင်ပြည်နယ်အတွင်းက ဒေသခံအများစု၊ အထူးသဖြင့် လူငယ်အများစုဟာ ပါတီနိုင်ငံရေးထက် လက်နက် ကိုင်တော်လှန်ရေးကို စိတ်အားထက်သန်နေကြတာဟာ ရခိုင်ပြည်နယ်အပါအဝင်၊ မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့လက္ခဏာမဟုတ်တာကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေက ထိန်းသိမ်းဆောင်ရွက်ဖို့သင့်ကြောင်း ရခိုင်နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။ 


RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။ 
=============================================
လက်နက်ကိုင်တော်လှန်ရေးအပေါ် ရခိုင်ဒေသခံတချို့အမြင် စိုးရိမ်ဖွယ်ဖြစ် 
(ဝေမာထွန်း) 

■ လွတ်လပ်ရေးရပြီးချိန်ကစလို့ ရခိုင်ပြည်နယ်ဟာ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ လျစ် လျူရှုခံရပြီး နိုင်ငံရေးဆွေးနွေးမှုနဲ့ ဖြေရှင်းဆောင်ရွက်ရမှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုတွေ မရှိဘူး ဆိုတဲ့ ယူဆ ချက်တွေကြောင့် ရခိုင်လူထုဟာ လက်ရှိမှာ လက်နက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စား မှုတွေ များလာကြတာလို့ ရခိုင်နိုင်ငံရေး ပါတီတွေက ပြောကြပါတယ်။

အမျိုးသားအကျိုးအစီးပွားအတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရဘဲ လက်နက်ကိုင်တော်လှန်ရေးနည်းက ပိုထိရောက်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရခိုင်လူငယ်တွေကြား အားကောင်းလာတဲ့အပေါ် စိုးရိမ်မိတယ်လို့ ရခိုင်အမျိုး သားပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"အမျိုးသားအကျိုးစီးပွား၊ ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေးပါတီလုပ်လို့ မရတော့ဘူး ဆိုတဲ့ ခိုင်မာတဲ့အမြင်တွေ ဖြစ်ပေါ်နေပြီ။ ဒါဟာ ကျနော်တို့အတွက် မကောင်းဘူးလို့ ကျနော်တို့ ပြော ချင်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီအနေနဲ့ သုံးစားလို့ မရတော့ဘူး။ အကုန်လုံး လက်နက်ကိုင်ပြီးတော့ လုပ်ကြပါဆိုတဲ့အမြင် တွေဟာ ကျနော်တို့ အင်မတန်စိုးရိမ်တယ်။ ဝမ်းနည်း ဝမ်းနည်းလာတယ်။ တဖက် အစွန်းရောက်သွားရင် ကျနော်တို့ တမျိုးသားလုံးအတွက် မကောင်းဘူး။ ရပ်ရွာတွေ ပျက်စီးသွားတာ၊ အဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာတွေအတွက် အထူးသဖြင့် လူငယ်တွေရဲ့ အမြင်တွေ ပြောင်းလဲသွားပြီ"

 နိုင်ငံရေးပါတီတွေကို အစိုးရက ရှေ့တန်းတင် ဆက်ဆံတာမရှိတဲ့အပြင် လျစ်လျူရှုထားတဲ့ အခြေအနေ တွေကြောင့် လက်နက်ကိုင်မှ အာဏာရှိတယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိလာတာလို့ ပါတီခေါင်းဆောင်တွေက ပြောကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေးရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ဘေးဒုက္ခသည်တွေ တိုးလာတာ၊ စီးပွားရေးတွေ ပိုကျဆင်းလာတာ၊ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲလာတာကို ဒေသခံတွေက ဦးစွာခံစားလာရတာ ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားတွေဟာ အလုပ်လက်မဲ့ပြဿနာတွေကြောင့်လည်း တပ်မတော်အပါအဝင် လက်နက် ကိုင် အဖွဲ့တွေထဲကို ရောက်သွားကြတာလို့ ဆိုလာသူက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေး မှူး ဦးမျိုးကျော်ပါ။

"ရခိုင်ပြည်သူတွေဟာ ခေတ်အဆက်ဆက်မှာလေ တပ်မတော်မှာနေပြီးတော့ စစ်ကိုလိုလားတဲ့ သဘော ရှိတယ်။ အဲဒါကြောင့်လည်း မြန်မာ့တပ်မတော်မှာ တိုင်းရင်းသားတွေထဲမှာ ရခိုင်ဟာ အများဆုံး တပ်ထဲ ဝင်တယ်။အလုပ် အကိုင်ရှားပါးတာလည်း အကြောင်းအရာ တစ်ခုပါပါလိမ့်မယ်။ ဒီနေ့အခါမှာကျတော့ ရခိုင့်တပ်တော်ဆိုတဲ့ဟာမျိုး ပေါ်လာတဲ့အချိန်မှာ လုပ်စရာအလုပ်အကိုင်လည်းမရှိ မြန်မာတပ်မတော်ထဲ ဝင်ဖို့ကြတော့လည်း ဟိုခေတ်ကလိုမျိုး မဟုတ်တော့ဘူးလေ။ တပ်ရဲ့ ပုံရိပ်တွေက ကျတယ်။ အဲ့လိုနဲ့ နေပြီးတော့ အဲ့ဒီကို (AA ထဲကို ) ရောက်တဲ့သူတွေလည်း များတယ်" 

ရခိုင့်တပ်တော် AA ကို မကန့်ကွက်ကြသူတွေတောင် ရခိုင်လူငယ်တွေကြားမှာ နိုင်ငံရေးပါတီဝင်ပြီး အမျိုးသားအကျိုးစီးပွားအတွက် အစိုးရထံ ညှိနှိုင်းတောင်းဆိုနိုင်တယ်ဆိုတဲ့စိတ်ထက် လက်နက်ကိုင်ပြီး တိုက်ပွဲ ဝင်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိလာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ မြင်ကြပါတယ်။

ဒီအခြေအနေကို တာဝန်ရှိတဲ့ အစိုးရက ထိန်းညှိဖို့၊ နိုင်ငံရေးပါတီတွေကို နေရာပေးဖို့၊ ရခိုင့်တပ်တော် AA နဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးဖို့ လိုလားကြောင်းလည်း ပြောကြ ပါတယ်။

"ရခိုင်ပြည်နယ်ထဲမှာတော့ အခုနောက်ပိုင်း နိုင်ငံရေးပါတီတွေထက် AA က ပိုသြဇာကြီးတယ်။ သေချာ တယ် ဒီလှိုင်းတစ်ခုက ချက်ခြင်းငြိမ်လို့တော့ ရမှာမဟုတ်ဘူး။ ထိန်းချုပ်ဖို့ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စ တော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူရဲ့ နှလုံးသားကိုသွားပြီးတော့ ထိထားတဲ့ကိစ္စကို။ ကျနော် တို့ ပင်လုံကို မဖြစ်ဖြစ်အောင် ကျင်းပဖို့လိုတယ်။ အားလုံးပါဝင်ဆွေးနွေးရေးကို လက်ကိုင် ထားဖို့လို တယ်။ ကျနော်ထင်တာကတော့ အစိုးရနဲ့ တပ်မတော်ကသာ တကယ်ဖိတ်ခေါ်ဆွေးနွေးမယ်ဆိုရင် အေအေ ဘက် ကလည်း အဆင်သင့်ရှိတယ်လို့ ထင်ပါတယ်"

ဒါကတော့ ကျောက်ဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းက ဦးထွန်းကြည် ပြောသွားတာပါ။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော်ဖို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့လိုနေပြီး စစ်ရေး အရသာ ဆက်ဖြေရှင်းနေမယ်ဆိုရင် တိုက်ပွဲတွေပြင်းထန်လာပြီး စစ်ဘေးဒုက္ခသည်တွေ ပိုများလာတာ၊ ရခိုင်နိုင်ငံရေးပါတီတွေထက် ရခိုင်လက်နက်ကိုင်အဖွဲ့ ပိုမိုအားကောင်းလာပြီး ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အထိပါ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ရခိုင်နိုင်ငံရေးပါတီတွေက သုံးသပ်ကြပါ တယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခ သည်အရေအတွက် လေးသောင်းကျော်၊ သေဆုံးသူ အရပ်သား ၅၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁ဝဝ ခန့် ရှိနေပြီဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */