Wednesday, March 6, 2019

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်က အမေရိကန်ထံ အကူအညီတောင်း

ဧရာဝတီ
By Muktadir Rashid 
6 March 2019
 ဘင်္ဂလားးဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အားလ် မိုင်လာနှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန် တို့ မတ်လ ၃ ရက်နေ့က တွေ့ကြသည် / U.S. Embassy in Dhaka
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားတွင် ခိုလှုံနေသော မြန်မာနိုင်ငံမှ ဒုက္ခသည် တသန်းကျော်ကို ပြန်လည် ပို့ ဆောင်ရေးအတွက် နည်းလမ်း ကူညီရှာဖွေပေးရန် အမေရိကန် ပြည်ထောင်စုအား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန်က မတ်လ ၃ ရက်နေ့က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အားလ် မိုင်လာနှင့် ဒါကာတွင် ထိုနေ့ အစောပိုင်းက တွေ့ ဆုံစဉ် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“လှူဒါန်းတာတွေ၊ အကူအညီပေးတဲ့ ငွေတွေက အဓိကအကြောင်းအရာ မဟုတ်ဘူးလို့ အစည်းအဝေးမှာ ကျနော် ပြောခဲ့တယ်။ ရက်တွေကုန်ဆုံးကုန်ပြီ။ ကျနော်တို့ အခုလိုချင်တာ ချစ်ခင်ရင်းနှီးစွာ နိုင်ငံသား အ ခွင့်အရေးနဲ့၊ ဂုဏ် သိက္ခာနဲ့ ဒုက္ခသည်တွေ ပြန်သွားတာပဲ” ဟု ရာမန်က ဧရာဝတီသို့ ပြောသည်။

“နိုင်ငံသား အခွင့်အရေးနဲ့ ဒုက္ခသည်တွေ အမြန်ဆုံးပြန်တာကို ကျနော်တို့လိုချင်တယ်။ သူတို့တွေ ပညာရေး၊ ကျန်း မာရေး၊ အလုပ်အကိုင်နဲ့ လူ့အခွင့်အရေး အားလုံးရရမယ်” ဟုလည်း သူက ပြောသည်။

“ကျနော်က သူ့ရဲ့ ထင်မြင်ချက်ကို တောင်းခံခဲ့တယ်” ဟုလည်း သူက ဆိုသည်။

အမေရိကန်သံအမတ်က အမေရိကန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးသော ငွေကြေး အကူအညီအကြောင်း ရှင်းပြပြီး ဒုက္ခသည်များ ပြန်ပို့ရေးအတွက် အမေရိကန် အစိုးရက ကူညီမည်ဖြစ်ကြောင်း အာမခံသည်ဟု၎င်း ၏ အဆို အရ သိရသည်။

“အမေရိကန်ပြည်ထောင်စု အနေဖြင့် အကျပ်အတည်းကြောင့် ထိခိုက်သူအားလုံးကို ကူညီရန် ကတိပြု သည်” ဟု ဒါကာရှိ အမေရိကန်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“လွန်စွာ ဒုက္ခရောက်နေသော ရိုဟင်ဂျာ အသိုင်းအဝန်းအတွက် နယ်စပ်နှင့် နှလုံးသားများကို ဖွင့်ထား ပေးသော ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်ပြည်သူများ၏ ရက်ရောမှုကို မိမိတို့ အလေးအနက် အသိအမှတ်ပြုသည်။ ဤ လူသားချင်း စာနာမှုအရေးကို နည်းလမ်းအားလုံးဖြင့် ကူညီရန် နိုင်ငံအားလုံးကို တောင်းဆိုသည်” ဟုလည်း ထို ကြေညာချက်က ဆိုသည်။

ဒုက္ခသည်များကို ဘင်္ဂလားပင်လယ်အော်ရှိ ဘာစန်ချား ကျွန်းသို့ ပို့ဆောင်မည့် အငြင်းပွားဖွယ် အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်ထားကြောင်းလည်း ရာမန်က ပြောသည်။

“မိသားစု ၂၃၀ဝ၀ လောက်အတွက် ဆောက်ထားတဲ့ အဲဒီကအိမ်တွေဆီ သူတို့ကိုရွှေ့ပြောင်းဖို့ ဝန်ကြီးချုပ်က ဆန္ဒရှိတယ်” ဟု ၎င်းက ပြောပြီး ထိုစီမံကိန်းအတွက် ဝန်ကြီးချုပ်ရုံးသည် သဘာဝဘေးအန္တရာယ် စီမံ ခန့် ခွဲရေးနှင့် ကယ် ဆယ်ရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ နှင့် ဆွေးနွေးနေကြောင်းလည်း ဆက်ပြောသည်။

ဝန်ကြီးချုပ်ရုံး အတွင်းဝန်ချုပ် နိုဂျီဗာ ရာမန်နှင့် အခြားအရာရှိများသည် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မီရာ ဆက်ပိုနှင့် ဗုဒ္ဓဟူးနေ့တွင် ဒါကာ၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

“မတ်လ ၆ ရက် အစည်းအဝေး နောက်ပိုင်းမှာ သူတို့ကို ဘယ်လိုရွှေ့ပြောင်းမယ် ဆိုတာနဲ့ပတ်သက်ပြီး နောက်ဆုံး လမ်းပြမြေပုံကို ရေးဆွဲမယ်” ဟု ရာမန်က ဆိုသည်။

ယခင်က သံသယများနှင့် ပူပန်မှုများဖြစ်စေသော နေရာရွှေ့ပြောင်းရန် အစီအစဉ်နှင့် ပတ်သက်၍ ကုလ သမဂ္ဂ၏ အခန်းကဏ္ဍဍကို ဆက်ပိုက ရှင်းလင်း ပြောကြားခြင်း မရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်က “ပြောင်းရွှေ့ နေရာချထားခြင်းကို ဆန္ဒအလျောက်သာဆောင် ရွက် မည်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့က ထပ်မံအကဲဖြတ်မည်ဟု ယူဆရသည်” ဟု မတ်လ ၄ ရက်နေ့က တွစ် တာတွင် ရေး သားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကီလိုမီတာ ၃၀ ခန့်အကွာရှိ ဘေးမဲ့တော ဖြစ်သော ဘာဆန်ချားရှိ ရွှေ့ပြောင်းရေးစခန်း ကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ယခုနှစ်ကုန်တွင် တည်ဆောက် ပြီးစီးရန် မျှော်မှန်းထားသည်။

အမေရိကန် ပြည်ထောင်စုသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များကို ထောက်ပံ့ရန် ကုလသမဂ္ဂစားနပ်ရိက္ခာ အစီ အစဉ် သို့ အမေရိကန်ဒေါ်လာ ၄၅.၅ သန်းပေးမည် ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုငွေသည် ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ပူးတွဲတုံ့ပြန်ရေးအစီအစဉ်ကို ဂျနီဗာတွင် ဖေဖော် ဝါရီ ၁၅ ရက်နေ့က စတင်စဉ် အမေရိကန် ပြည်ထောင်စုက ကတိပြုခဲ့သော ဒေါ်လာ သန်း ၆၀ အပြင် ထပ်မံ ကူညီသော ငွေဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်း စာနာမှုအကူအညီ များကို ထိပ်ဆုံးမှပေးနေသော နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ မှစတင်ပြီး ကူညီငွေ စုစုပေါင်း ဒေါ်လာ သန်း ၅၀ဝ နီးပါးရှိပြီဖြစ်သည်။

နောက်ဆုံး ပေးအပ်သော ကူညီငွေများကို အစားအသောက်၊ မုတ်သုန်နှင့် မုန်တိုင်းအတွက် ပြင်ဆင်ခြင်းနှင့် မိခင်နှင့် ကလေးများအတွက် အာဟာရဆိုင်ရာ ပံ့ပိုးမှုများအတွက် သုံးမည်ဟု အမေရိကန်သံရုံးက ဆိုသည်။

(ဒါကာမြို့ရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ Bangladesh Urges U.S. to Help Repatriate Rohingya Refugees  ကို ဘာသာပြန်သည်။)


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */