Sunday, October 6, 2024

မောင်တောမြို့ကို ထိန်းချုပ်ထားသော AA က လက်ကျန် တပ်စခန်းကို ပိတ်ဆို့ထား

Myanmar Now
ရောင်နီ
October 4, 2024


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ထိန်းချုပ်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မောင်တောတွင် စစ်ကောင်စီတပ်က စခန်းကြီးတစ်ခုတွင် ခံစစ်ဆင်နေသည်။

အာရက္ခတပ်တော် (AA) က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့တွင် မြို့ပတ်ဝန်းကျင် မိုင်းရှင်းလင်းနေသလို လက်ကျန်တပ်စခန်း အမှတ် ၅ နယ်ခြားစောင့်တပ်ခွဲ (နခခ-၅) ကို ထိုးစစ်အရှိန်မြှင့် တင်ရန် ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပေါင်း ၂၀ ခန့်ကပင် မြို့ကိုထိန်းချုပ်နိုင်ခဲ့သည့် AA က မိုင်းအများအပြား ရှာတွေ့ထားသည်၊ စစ်ကောင်စီလက်နက်ကိုင်တို့မှာ မြို့နှင့်မိုင်ဝက်ခန့်ဝေးကွာသည့် နခခ-၅ စခန်းတွင် ရှိနေသည် ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

“AA ကတော့ အားလုံးဘက်က ဝိုင်းထားတယ်။ ဟိုးရက်ပိုင်းမှာတော့ လေယာဥ်တွေနဲ့ ဆက်တိုက်လာလို့ ဗုံးကြဲတယ်။ မြို့ထဲမှာတော့ အိမ်တစ်ဆယ်ကျော်လောက် မီးလောင်သွားတယ်။ မြို့ထဲမှာတော့ စစ် သားတွေ မရှိတော့ဘူး။ နခခ ၅ တစ်ခုမှာပဲ ရှိပါတယ် “ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ကို ပြည်မနှင့် ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားသဖြင့် ဒေသတွင်းကုန်စည်ရှားပါးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုတို့နှင့် ရင်ဆိုင်နေရသည်။

မောင်တောမြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်နိုင်ပါက ဘင်္ဂလားဒေ့ရှ်မှ ကုန်ပစ္စည်းများ ဝင်ရောက်လာနိုင်သဖြင့် ဒေသခံများ အသက်ရှုချောင်နိုင်သည် ဟု ပေါက်တောမြို့နယ်မှ လူငယ်ကုန်သည်တစ်ဦးက ပြောသည်။

“ကုန်ပစ္စည်းတော့ရှိတယ်။ ဒါပေမယ့် စျေးနှုန်းလည်း မြင့်တယ်။ တချို့ကုန်ပစ္စည်းတွေ ရှားတာမျိုး ရှိတယ်။ ဆေးဝါးတွေလည်း လိုအပ်တဲ့ဆေးဝါးတွေ မရှိဘူးဖြစ်နေတယ်။ အဲလိုမျိုးအခက်အခဲတွေ ဖြစ်နေတယ်။ မောင်တောကို ရသွားရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်လမ်းကြောင်းပွင့်သွားပြီး အဆင်ပြေမယ်လို့ထင်တယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မောင်တောမြို့သည် AA အတွက် စစ်ရေး၊နိုင်ငံရေးနှင့်စီးပွားရေးအတွက် အလွန် အရေးပါ သော နယ်စပ်မြို့ဖြစ်သည်။

မြို့အရှေ့ဘက် မိုင်ဝက်ခန့်အကွာမှ နခခ-၅ ကို သိမ်းရန် AA က ကြိုးပမ်းနေသည်။

မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော နခခ -၅ စခန်းကို သိမ်းပိုက်ရယူရေးအတွက် ထိုးစစ် အရှိန်မြှင့်သွားမည်ဟု AA က စက်တင်ဘာ ၂၇ တွင် ကြေညာထားသည်။

စစ်ကောင်စီကလည်း ထိုရက်ပိုင်းအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့ပြီး စခန်းအတွက် လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာတို့ကို လေယာဉ်ပေါ်မှတစ်ဆင့် လေထီးဖြင့် ချပေးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

တစ်ဖက်တွင်လည်း မောင်တောဒေသမှာ အရပ်သားများ ပျောက်ဆုံး၊ သေဆုံးမှုများရှိလာပြီး ဒေသခံ များ အသက်အန္တရာယ်စိုးရိမ်နေရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်ကလည်း မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာမှ ဦးဆာမ်ဝေါမ် ( ၄၅ နှစ်)၊ ၎င်း၏ သား၂ ဦးဖြစ်သည့် မောင်လင်ကြီး (၁၅ နှစ်) နှင့် မောင်အမွန် (၁၃ နှစ်)၊ ဆွေမျိုးဖြစ်သော မောင်ဒီကို (၁၄ နှစ်) တို့သည် ရွာမှ ၈ မိုင်ခန့်အကွာ သုံးချောင်းဆိုသည့် ချောင်းသို့ ငါးရှာရန်သွားစဉ် ပျောက်ဆုံးခဲ့ခြင်းဟု အထက်ပါမောင်တောဒေသခံက ပြောသည်။

“အဖမ်းခံရတာပဲ။ ရွာသားတွေလည်းလိုက်ရှာပြီးပြီ။ ဖမ်းသွားတဲ့နေရာမှာ သား ..ဆောင်းခဲ့တဲ့ ဦးထုပ် တွေ၊ ထမင်းစားဖို့အတွက် ဆားဗူးလေးတွေ၊ ခြေရာတွေ ကျန်ခဲ့ပါတယ် “ဟု ၎င်းက ဆိုသည်။


ထိုသုံးချောင်းအနီး မေယုတောင်တန်းတို့တွင် ARSA ရိုဟင်ဂျာလက်နက်ကိုင်များလှုပ်ရှားလေ့ရှိသ ဖြင့် ၎င်းတို့ ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း ရွာသားများက ခန့်မှန်းကြသည်ဟု သူက ဆက်ပြော သည်။

လက်ရှိတွင် AA သည် မောင်တောရှိ နခခ-၅ အပြင် အမ်း၊ ဂွမြို့နယ်တို့ကို သိမ်းပိုက်ရန်အတွက် ထိုးစစ် ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲမဖြစ်ပွားသေးသော်လည်း တောင်ကုတ်မြို့နယ်ကိုမူ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲလျက်ရှိသည်။

စစ်တပ်၏ သတင်းထုတ်ပြန်ချက် အွန်လိုင်းစာမျက်နှာတွင် ပြီးခဲ့သည့် ရက် ၃၀ အတွင်း ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် စစ်ရေးသတင်း ဖော်ပြခြင်း မရှိဘဲ ရခိုင်ဒေသ မိုးလေဝသဆိုင်ရာ သတင်းတို ၆ ပုဒ် ဖော်ပြထားသည်။

AA သည် မောင်တောဒေသကို ဖေဖော်ဝါရီတွင် ထိုးစစ်ဆင်ခဲ့သည်၊ ဩဂုတ် ၄ ရက်နေ့မှ စတင်ပြီး မြို့သိမ်းတိုက်ပွဲအတွက် အရှိန်မြှင့်ထိုးစစ်ဆင်ခဲ့သည်။

မောင်တောမြို့နယ်သည် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှုခံရသည့် ဒေသ ဖြစ်သည်။

AA ၏ ထိုးစစ် မောင်တောဒေသသို့ ရောက်လာသောအခါ ဖြစ်ပေါ်လာသော တိုက်ပွဲများသည် အခြားမြို့တိုက်ပွဲများထက် ပိုမိုရှုပ်ထွေးလျက် ရှိနေပြီး ယခုထက် ထိ အပြီးမသတ်သေးပေ။

မောင်တောမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့သာမက ၎င်းတို့ စစ်သင်တန်းပေး လက်နက်တပ်ဆင် ထားသည့် ရိုဟင်ဂျာလက်နက်ကိုင်များ၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာတပ် (ARA) တို့၏ အင်အားကို ရယူကာ ထိုးစစ်ကို ခုခံနေကြသည်ဟု AA ဘက်က ပြောထားသည်။

တိုက်ပွဲများအတွင်း ထွက်ပြေးကြသော မောင်တောဒေသခံရိုဟင်ဂျာများလည်း ထိခိုက်သေဆုံးသဖြင့် AA က သတိကြီးစွာ ကိုင်တွယ်နေရသောဒေသလည်း ဖြစ်သည်။

AA က မောင်တောတိုက်ပွဲ ပြင်းထန်ခဲ့သည့်ရက်များတွင် သေဆုံးခဲ့သော စစ်ကောင်စီဘက်မှ လက် နက်ကိုင် ၁၀၀ ကျော်၏ ရုပ်အလောင်းများကို ဩဂုတ် နောက်ဆုံးပတ်တွင် မြှုပ်နှံပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သုံ့ပန်းတချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်တွင် ရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ဆိုသည်။

AA ထိုးစစ်ကြောင့် မောင်တောဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ နယ်စပ်ဖြတ် ဆုတ်ခွာသွားကြသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက အကြိမ်ကြိမ်ပြန်ပို့ခဲ့ရသည်။

လက်ရှိတွင် AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။ 

မောင်တောမြို့တွင်းတိုက်ပွဲများမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဩဂုတ် ၂၉ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA Info Desk)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */