BBC
၁၉ မေ ၂၀၂၄
အာရက္ခတပ်တော် (အေအေ) ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက လူ သိပ်တောင် မသိတဲ့ အခြေအနေကနေ အခု ၂၀၂၄ ခုနှစ်မှာတော့ ရခိုင်ပြည်နယ် တစ်ဝက်က သူ့လက် အောက်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့် အခုလို အခြေအနေ ဖြစ်လာတဲ့ အေအေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ တကျော့ပြန်တိုက်ပွဲတွေ ရခိုင်ပြည်နယ်မှာ ပြန်လည် စတင်ခဲ့ပါတယ်။
တိုက်ပွဲကာလ ၆ လ နီးပါး ကြာမြင့်လာတဲ့အချိန် ရခိုင်စစ်မျက်နှာဟာ တိုက်ပွဲတွေ ပြင်းထန်နေသလိုပဲ တစ်ပြည်နယ်လုံးနီးပါးထိ ကျယ်ပြန့်လာခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စုစုပေါင်း မြို့နယ် ၁၇ မြို့နယ် ရှိတဲ့အထဲ လက်ရှိအချိန်ထိ မြို့နယ် ၉ ခုကို အေအေ က ထိန်းချုပ်ထားပါတယ်။
အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ဌာနချုပ် အပါအဝင် မြို့နယ်လေးခုမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေကတော့ ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲတို့ ဖြစ်ပါတယ်။
- ဘူးသီးတောင် စကခ ကျဆုံးမှု နဲ့ ရခိုင်ပြည်နယ် စစ်ရေးမျက်နှာစာ အပြောင်းအလဲ
- ဘူးသီးတောင်မြို့က စစ်တပ်စခန်းအားလုံး သိမ်းလိုက်ပြီလို့ အေအေ ထုတ်ပြန်
မြို့တော်စစ်တွေကို တိုက်ခိုက်မခံရဖို့နဲ့ ခုခံကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီကတော့ စစ်တွေမြို့ကို အကောင်းဆုံး ခံတပ်တစ်ခုအဖြစ် ပြင်ဆင်ထားပါတယ်။
လိုအပ်လို့ရှိရင် ပြည်နယ် စစ်ကောင်စီရုံး ကိုလည်း စစ်တွေကနေ သံတွဲမြို့ကို ပြောင်းရွှေ့အခြေစိုက်ဖို့ ပြင်ဆင်ထားပါတယ်။
စစ်ပွဲက ရခိုင် ပြည်နယ် မြောက်ပိုင်းမှာပဲ ရပ်နေတာမျိုး မဟုတ်ဘဲ တစ်ပြိုင်နက်တည်းမှာပဲ ရခိုင် တောင်ပိုင်း ဒေသက သံတွဲမြို့နယ်အထိကို ရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ ကစလို့ သံတွဲမြို့နယ်က ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
ရခိုင်တောင်ပိုင်းက ‘‘သံတွဲတိုက်ပွဲအခြေအနေ’’
တိုက်ပွဲတွေ ရခိုင်ပြည်နယ်တောင်ပိုင်းကို ရောက်လာတဲ့အခါ အေအေတပ်ဖွဲ့ကြီး ရခိုင်ပြည်နယ်ကို ချီတက်လာတာလို့ ထင်ရင် မှားပါတယ်။
အေအေက သူတို့ကို ထောက်ခံတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ဒေသခံတွေကို အခြေပြုပြီး သူတို့တပ်ဖွဲ့ဝင်တွေဖြစ်လာအောင် ဆဲလ်တွေ မွေးပြီး အရင်တည်ဆောက်တာပါ။ ပြီးတော့မှ ဒီလူတွေကို လက်နက်တပ်ဆင်ပေး လိုက်တာမျိုးလို့ နားလည်ရပါတယ်။
- ရခိုင်ပြည်နယ်ကို အေအေ ဘယ်လောက် ထိန်းချုပ်ထားနိုင်ပြီလဲ
- လေးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ - စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်ကြား အပစ်ရပ်သလား
လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ အကြား အနည်းဆုံးနေရာ ၇ ခုလောက်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေကြတာပါ။
စစ်တပ်ကတော့ ထုံးစံအတိုင်း ကြည်း၊ ရေ၊ လေ ပူးတွဲပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ နှစ်ဖက် တိုက် ခိုက်မှုတွေအရ တော်တော်ပြင်းထန်တဲ့ တိုက်ပွဲတွေလို့ ဆိုနိုင်ပါတယ်။
တချို့ရက်တွေမှာဆိုရင် ဂျက်တိုက်လေယာဉ်အသံတွေ၊ ဗုံးကွဲသံတွေနဲ့ အမြောက်ပစ်ခတ်သံတွေကို ည လုံးပေါက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့်ပဲ ဒေသခံကျေးရွာအများအပြား နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ကျေးရွာတွေအပြင် အဲဒီနေရာမှာ ရှိနေတဲ့ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာတွေ ရှိခဲ့ပါတယ်။
ဧပြီ ၂၄ ရက်နေ့လောက်မှာတော့ တရုတ်နိုင်ငံသားတွေအပါအဝင် စီမံကိန်းထဲက ရာနဲ့ချီတဲ့လူတွေ သံတွဲမြို့ပေါ်နဲ့ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။
နောက်ထပ်လည်း စီမံကိန်းအတွင်း ပိတ်မိနေသူတွေ အများအပြားကျန်နေသေးတယ်လို့ သိရပါတယ်။
ဧပြီ လ ၁၃ ရက်နေ့ကလည်း သံတွဲမြို့နယ် ဂွေးချောင်းနဲ့ ဆိပ်ကြီးကျေးရွာအနီး တောင်ကြောတွေမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါသေးတယ်။
အဲဒီတောင်ကြောမှာ အေအေရဲ့ အခြေပြုတပ်စခန်းတွေရှိနေကြောင်း သတင်းရရှိတဲ့အတွက် စစ် ကောင်စီဘက်က သွားရောက်တိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာ ရေးသားနေတာတွေ့ရပါတယ်။
မေလ ၁၀ ရက်နေ့လောက်ကစလို့ ရွှေလှေနဲ့ သံတွဲမြို့ကြားမှာရှိတဲ့ ရေစင်ကျေးရွာ အနီး ဝန်းကျင်နေ ရာ တွေအထိ တိုက်ပွဲတွေက ရောက်ရှိလာခဲ့ပါတယ်။
“တိုက်ပွဲတွေကတော့ မြို့နဲ့နီးလာနေပြီလို့ပြောနိုင်ပါတယ်။ ဒီရက်ပိုင်းဖြစ်ပွားခဲ့တဲ့ ရေစင်ရွာတိုက်ပွဲက သံတွဲနဲ့ ၁၀ မိုင်လောက်ပဲ ဝေးတော့တယ်။ သံတွဲအခြစိုက် စစ်တပ်တွေနဲ့ရေတပ်တွေကလည်း လက် နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိတယ်” လို့ သံတွဲမြို့ခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့ ရေစင်ကျေးရွာကို မေလ ၁၄ ရက်နေ့မှာ စစ်ကောင် စီက လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်တဲ့အတွက် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး အရပ်သားတွေဆယ်နဲ့ချီသေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့မှာလည်း သံတွဲ-တောင်ကုတ် ကားလမ်းမအတွင်းက ရှင်စောပြင်နဲ့ ပေါက်တောကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းဗုံကြဲတာတွေပြုလုပ်ခဲ့ပါတယ်။
နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ မရှိသေးတဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီ ရေတပ်စခန်းတစ်ခုဖြစ်တဲ့ ဆင်ခေါင်း ကျေးရွာအနီး ပင်လယ်ပြင်အတွင်းက နဂါးကျွန်းမှာရှိတဲ့ စစ်သင်္ဘောကနေ အမြောက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။ ငါးဖမ်း စက်လှေတွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဟန့်တားတာရှိခဲ့ပါတယ်။ ဒါဟာ ရခိုင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့ ငါးနှစ်ဝန်းကျင် အတွင်း သံတွဲမြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်ပွားတဲ့တိုက်ပွဲဖြစ်ပါတယ်။
သံတွဲမှာအခြေစိုက်ဖို့ စစ်ကောင်စီရဲ့စဉ်းစားချက်ကဘာလဲ
ရခိုင်မြောက်ပိုင်းက မြို့တစ်ချို့သိမ်းပိုက်ခံလိုက်ရတဲ့အချိန်မှာပဲ စစ်ကောင်စီဟာ ရခိုင်တောင်ပိုင်းက သံတွဲမြို့ကို ပြောင်းရွှေ့အခြေချဖို့ အထိ ပြင်ဆင်လာခဲ့ပါတယ်။
ဒါဟာ အေအေရဲ့ ထိုးစစ်ဆင် တိုက် ခိုက်မှုတွေက စစ်ကောင်စီရဲ့ ခံတပ်လို့ပြောနိုင်သလို အမိန့်ပေးဌာနချုပ်တွေတည်ရှိတဲ့ စစ်တွေနဲ့ အမ်းမြို့တွေကိုပါ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာရတာကြောင့်လို့ ပြောရမှာပါ။
ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့ကို သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်းမှာ စစ်တွေမြို့ဟာ အချိန်မရွေး ဝင်ရာက် တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေရှိနေသလို အလယ်ပိုင်းမှာလည်း မြေပုံမြို့နယ်တစ်ခုလုံးကို လက်လွှတ်ပေးခဲ့ရတဲ့အတွက် အမ်းမြို့ပြင်မှာရှိတဲ့ ကာကင်းစခန်းတွေ၊ ဗျူဟာစခန်းတွေကျလို့ရှိရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဟာလည်း လုံခြုံမှုကင်းမဲ့သွားပြီလို့ ဆိုနိုင်ပါတယ်။
စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့လုံခြုံရေးနဲ့ အင်အားမမျှမှုအပေါ် ထည့်တွက်ပုံပေါ်ပါတယ်။
လက်ရှိ အေအေရဲ့ ထိုးစစ် အခြေအနေတွေက အင်အားအမြောက်အများနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။
အေအေရဲ့ ထိုးစစ်တွေကို စစ်ကောင်စီဘက်က တုံ့ပြန် တိုက်ခိုက်နိုင်ခြင်းမရှိတော့သလောက် စစ်ရေးချည့်နဲ့ လာနေတဲ့အခြေအနေလို့လည်း ပြောနိုင်ပါတယ်။
ဒါကြောင့်မို့လို့ စစ်ကောင်စီက ပြည်နယ်မြို့တော် စစ်တွေကနေ သံတွဲကိုပြောင်းရွှေ့အခြေစိုက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပါ။
သံတွဲမြို့ကို စစ်ကောင်စီဘက်က အခြေစိုက်ဖို့ရွေးချယ်ခဲ့တဲ့ စဉ်းစားချက်ကို ဆန်းစစ်ကြည့် လို့ရှိရင် မတူညီတဲ့အခြအနေတွေကို တွေ့ရပါတယ်။
- ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း အပိုင်း(၁)
- ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း အပိုင်း(၂) --
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဟာ စစ်တပ်ရဲ့လွှမ်းမိုးနိုင်မှုပိုများပြီး စစ်ရေးအပေါ် ဒေသခံတွေ စိတ်ဝင်စားမှု နည်းပါးတာ၊ တောင်ပိုင်း ဒေသဟာ အေအေအပေါ် လက်ခံသူနည်းပါးပြီး အေအေရဲ့ လွှမ်းမိုးမှုအားနည်းသလို တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ရှိရင်လည်း မြောက်ပိုင်း ဒေသလောက် အားကောင်း မလာနိုင်တာ၊ အေအေဘက်က စစ်ရေး ကြိုတင်ပြင်ဆင်ထားမှုတွေမရှိနိုင်တဲ့အတွက် ဖြစ်လာခဲ့လို့ ရှိရင်လည်း စစ်ရေးအသာစီးရနိုင်ခြေ မရှိတာ ... စတဲ့အချက်တွေကို တွက်ဆခဲ့ပုံရပါတယ်။
“သူတို့ သံတွဲကိုရွှေးချယ်တာက ဖြစ်နိုင်ခြေ သုံးချက်ရှိတယ်။ ပထမတစ်ချက်က ဧရာဝတီတိုင်းနဲ့ နီးတယ်။ စစ်အင်အားလက်နက် အင်အား ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုလို့ရတယ်။ လေ ကြောင်းပစ်ကူတွေ ဗမာပြည်ဘက်က အချိန်တိုအတွင်း လာရောက်နိုင်တယ်။ ပြီးတော့ ဓညဝတီ ရေတပ်စခန်းနဲ့ နီးတဲ့အတွက် ရေတပ်အင်အားအပြည့်အဝပေးနိုင်တယ်။ ဒီအချက်တွေကြောင့် ဖြစ်နိုင်တယ်” ရခိုင်ပြည်နယ် စစ်ရေးလေ့လာစောင့်ကြည်သူ တစ်ဦးက ထောက်ပြပါတယ်။
ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေဟာ သံတွဲမြို့ကို ယာယီ ပြောင်းရွှေ့ ထားကြတယ်လို့လည်း သတင်းတွေထွက်ပေါ် ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့ကို အေအေက စတင်တိုက်ခိုက်ခဲ့ပြီး သုံးလအကြာ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Link : Here
No comments:
Post a Comment