VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၉ မေ၊ ၂၀၂၄
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း AA က မနေ့ မေလ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဘူးသီးတောင် အပါအဝင် ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ဘူးသီးတောင်နဲ့ အနီးဝန်းကျင်ဒေသတွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေကို AA က ပစ်မှတ်ထားခဲ့တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားသူတချို့ရဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာကိုတော့ မဟုတ်မှန်ကြောင်း အဖွဲ့ပြောခွင့်ရ ခိုင်သုခကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းကို AA သိမ်းပိုက်ရှင်းလင်းစဉ် စစ်ကောင်စီက ၃ ရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားတဲ့ ခရုချောင်း မွတ်ဆလင်ကျေးရွာက ကလေးငယ်တွေအပါဝင် မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၅ ယောက်ကို ကယ်ထုတ်တဲ့ ရုပ်သံမှတ်တမ်းကို AA က ထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲ ခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ မေလ ၁၈ ရက် စနေနေ့က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ စစ်ကောင်စီနဲ့ AA အကြား ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ သီးခြား တွေ့ဆုံခဲ့ကြပေမယ့် ရလဒ် တစုံတရာမရဘဲ ပြီးဆုံးသွားခဲ့သလို၊ ရခိုင်ပြည်နယ် နေရာ အတော်များများ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
No comments:
Post a Comment