" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 1, 2024

အမုန်းစကားဖြန့်ရန် Facebookစာမျက်နှာများကို စစ်တပ်ကြိုးကိုင်ခဲ့ဟု UN ပြော

Myanmar Now
AFP,March 31, 2024


၂၀၁၇ တွင် စစ်တပ်က Facebook စာမျက်နှာအများအပြားတွင် ရေး သား လှုံ့ဆော်ပြီးနောက် ရိုဟင်ဂျာတို့ကို သတ်ဖြတ်မှု ပေါ်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစုအပေါ် မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖြိုခွင်းမှု မဖြစ်ပွားမီ ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး အမုန်းစကား ရေးသား ဖြန့်ဝေခဲ့ကြသည့် Facebook စာမျက်နှာ ဒါဇင်ပေါင်းများစွာ၏ နောက်ကွယ်တွင် မြန်မာစစ်တပ်ရှိနေခဲ့သည်ဟု ကုလ သမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့က မတ်လ ၂၇ ရက်နေ့တွင် ဖော်ထုတ်ခဲ့သည်။

ရိုဟင်ဂျာမုန်းတီးရေး ဝါဒဖြန့်ချိမှုများ ပျံ့နှံ့ခဲ့ရာတွင် Facebook သည်လည်း အကြောင်းရင်းတစ်ခုဖြစ်ကြောင်း စွပ်စွဲခံထားရသည်။ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ယခုအခါ ထိုဖြစ်စဉ်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုအောက်တွင် ရှိနေသည်။

ရိုဟင်ဂျာများကို ဦးတည်သည့် အမုန်းစကားများကို Facebookက တားဆီးပေးရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ နစ်နာကြေး အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံ ပေးရန် ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည်များက Facebookကို တရားစွဲခဲ့သည်။

ယခုအခါ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မြန် မာစစ်တပ်သည် အမုန်းစကားလှုံ့ဆော်မှုများကို လျှို့ဝှက်စွာ ကြိုးကိုင်ခဲ့ကြောင်း ရှင်းလင်းခိုင်မာသည့် အထောက်အထားများ တွေ့ရသည်ဟု ဆိုသည်။

ရိုဟင်ဂျာလူနည်းစုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ၊ မုန်းတီးမှုများ ဖြစ်လာရန် ရည်ရွယ်၍ မြန်မာစစ်တပ် သည် “စနစ်တကျ စုစည်းလုပ်ဆောင်” သည့် ပုံစံဖြင့် အမုန်းစကားပြန့်ပွားရေး ဆောင်ရွက်ခဲ့ကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

“သန်းနှင့်ချီသော ပရိသတ်များထံ ရောက်ရှိနိုင်ခြေရှိသည့် အွန်လိုင်းလူမှုကွန်ရက်တွင် စာမျက်နှာများ ဖန်တီးကာ လျှို့ဝှက်ကွန်ရက် တည်ဆောက်ခြင်းအားဖြင့် အမုန်းစကားဖြန့်ဝေမှု အောင်မြင်စေရန် လုပ်ဆောင်ခဲ့ကြသည်” ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

အပြန်အလှန် ချိတ်ဆက်ထားသော ကွန်ရက်

IIMM ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဆိုးရွားဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းကာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများအတွက် လိုအပ်သော အမှုတွဲများကို ပြင်ဆင်ပေးရန် တာဝန်ရှိသည်။

Facebook စာမျက်နှာ ၄၃ ခုတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း တင်ထားခဲ့ကြသော ပို့စ်များကို IIMM ၏ လေ့လာမှုအသစ်တွင် စစ်ဆေးအကဲဖြတ်ခဲ့သည်။

လေ့လာချက်အရ စာမျက်နှာအများစုမှာ အပေါ်ယံကြည့်ပါက စစ်တပ်နှင့် ဆက်စပ်မှုမရှိဟု ထင်ရကာ၊ အချို့စာမျက်နှာများမှာ ကျော်ကြားသူများအကြောင်းနှင့် ပေါ်ပြူလာယဉ်ကျေးမှုအကြောင်း ရေးသားကြသော စာမျက်နှာများ ဖြစ်ကြသည်။

တစ်ခုနှင့် တစ်ခု ဆက်စပ်မှု မရှိဟု ထင်ရသော်လည်း တကယ်တမ်းတွင် အပြန်အလှန် ချိတ်ဆက်ထားသော ကွန်ရက်ကြီး ဖြစ်နေသည်။

Facebook က ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ၎င်း၏ပလက်ဖောင်းပေါ်မှ ဖယ်ရှားပေးခဲ့သည့် စာမျက်နှာများတွင် အမုန်းစကားနှင့် ပတ်သက်သော ပို့စ် ၁၀,၄၈၅ ခု ရှိခဲ့ကြောင်း IIMM အစီရင်ခံစာက ဖော်ထုတ်ခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်များကြောင့် Facebookက ပိတ်ပင်ထားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ တို့နှင့် ချိတ်ဆက်မှုရှိသည့်အတွက် ဖယ်ရှားခံခဲ့ရသောစာမျက်နှာ ၆ ခုတွင် အမုန်းတရားဖြန့်ဝေခဲ့သည်ကိုလည်း စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာမျက်နှာများအနက် ၅ ခုမှာ စစ်တပ်နှင့် ခိုင်ခိုင်မာမာ ဆက်စပ်နေသည်။

အပေါ်ယံကြည့်ပါက စစ်တပ်နှင့် ဆက်စပ်မှုမရှိဟု ထင်ရသော အခြား Facebook စာမျက်နှာ ၃၇ ခုကိုလည်း IIMM က စစ်ဆေးခဲ့ပြီး ထိုစာမျက်နှာများမှာ သံသယဖြစ်ဖွယ်ရှိသဖြင့် ဖယ်ရှားခံခဲ့ရသည်။ ထိုစာမျက်နှာများထဲမှ အခု ၃၀ တွင် အမုန်းစကားအကြောင်းအရာများကို ရှာဖွေတွေ့ရှိခဲ့သည်။

အကြမ်းဖက်မှုကို အားပေးခြင်း

ထိုအမုန်းစကားများတွင် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှု ဖြစ်စေသော၊ နှိမ်ချထားသော အရေးအသားများကို ဖော်ပြထားကာ အများပြည်သူကို သွေးထိုးပေးခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ရိုဟင်ဂျာများသည်မြန်မာနိုင်ငံအား အကြမ်းဖက်မှုနှင့် အစ္စလာမ်ဇာတ်သွင်းခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဖြစ်တည်မှုကို ခြိမ်းခြောက်နေကြောင်း ထိုပို့စ်များတွင် ရေးသားထားကြသည်။

အချို့သော အမုန်းစကားများတွင်မူ မြန်မာ့လူမျိုးရေး သန့်ရှင်းမှုကို ရိုဟင်ဂျာများက ကလေးများ အဆ မတန်မွေးဖွားခြင်းဖြင့် ခြိမ်းခြောက်နေကြောင်း ဇာတ်ကြောင်းကို ဖန်တီးဖော်ပြထားကြသည်။

ထို Facebook စာမျက်နှာများကြား ချိတ်ဆက်မှုများကို ပုံစံမျိုးစုံဖြင့် တွေ့ရှိခဲ့ကြသည်။ ထိုစာမျက်နှာများကို ဖန်တီးသူများ၊ စီမံခန့်ခွဲသူများနှင့် တည်းဖြတ်သူများမှာ တူနေကြပြီး၊ မြန်မာစစ်တပ်အသုံးပြုလေ့ရှိသည့် တူညီသော IP လိပ်စာများကို သုံး၍ ပို့စ်များကို ပုံမှန်တင်လေ့ရှိသည်။

“ထို ကွန်ရက်ရှိ စာမျက်နှာများစွာတွင် တူညီသောပို့စ်များကို မကြာခဏတင်လေ့ရှိပြီး၊ တစ်ခါတရံတွင် မိနစ်ပိုင်းအတွင်း ထိုပို့စ်များကို တင်ကြခြင်းဖြစ်သည်” ဟု IIMM က ဆိုသည်။

“ရိုဟင်ဂျာရွာ အများအပြားမီးရှို့ခံရပြီး ထောင်နဲ့ချီသော ရိုဟင်ဂျာ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများမှာ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းနှင့် သတ်ဖြတ်ခြင်းများ ခံနေရချိန်တွင် စစ်တပ်သည် ၎င်းတို့၏ အမုန်းစကားပြန့်ပွားရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်နေခဲ့သည်” ဟု စုံစမ်းစစ်ဆေးသူများက မီးမောင်းထိုးပြခဲ့သည်။

“အရေအတွက်သိန်းနှင့်ချီသော ရိုဟင်ဂျာများ ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ကြရစဉ်တွင်လည်း အမုန်းစကားပြန့်ပွားရေးလှုပ်ရှားမှုများကို စစ်တပ်က ဆက်လက်လုပ်ဆောင်ခဲ့သည်” ဟု စုံစမ်းစစ်ဆေးသူများက ထောက်ပြထားသည်။

“အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရေးနှင့် ပြည်သူများကို အကာအကွယ်ပေးရေးကိုလုပ်ဆောင် ရမည့်အစား မြန်မာစစ်တပ်သည် အကြောင်းပြချက်များ ဖန်တီးကာ ရိုဟင်ဂျာလူနည်းစုများအပေါ် အကြမ်းဖက်မှု မြှင့်တင်ရန် လူမှုမီဒီယာ လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */