" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 1, 2024

NUG ပထမဆုံး ရိုဟင်ဂျာ၀န်ကြီးနဲ့ ဗွီအိုအေ မေးမြန်းခန်း

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်

၃၁ မတ်၊ ၂၀၂၄ 

မအင်ကြင်းနိုင် နှင့် NUG လူ့အခွင့်အရေး ဒုတိယ၀န်ကြီး ဦးအောင်ကျော်မိုး (VOA Studio)

ဘုံရန်သူ စစ်ကောင်စီကို ရင်ဆိုင်နေရချိန်မှာ ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေး နှစ်ဘက်အသိုင်း အ၀ိုင်းခေါင်းဆောင်တွေရဲ့ နိုင်ငံရေး စိတ်ဆန္ဒမှန်ကန်ဖို့ အရေးကြီးနေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဒုတိယ၀န်ကြီး လည်းဖြစ် ပထမဆုံး ရိုဟင်ဂျာ၀န်ကြီး လည်းဖြစ်တဲ့ ဦးအောင်ကျော်မိုးက ဗွီအိုအေကို ပြောပါတယ်။ ၀ါရှင်တန်ဒီစီက ဗွီအိုအေစတူဒီယိုမှာ မအင်ကြင်းနိုင်က တွေ့ဆုံးမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ ဦးအောင်ကျော်မိုးရှင့်။ အခုလို VOA ကို အချိန်ပေးပြီး လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ အဲဒီတော့ ပထမဦးဆုံး မေးချင်တာက စစ်ကောင်စီရဲ့ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသွားတဲ့ မိန့်ခွန်းထဲမှာ အဓိကက သူ့က လက်ရှိအာဏာကို ယာယီထိန်းသိမ်းထားတယ်ဆိုတာမျိုး ညွှန်ပြီးပြော ဆိုသွားတယ်။ ဆိုတော့ အဲဒီအပေါ် ဦးအောင်ကျော်မိုးရဲ့အမြင် ဘယ်လိုရှိပါသလဲ။ သူတို့ဟာ ဆိုလိုတာက အာဏာကို ဆုတ်ကိုင်ထားတာ မဟုတ်ဘူး။ ယာယီ ခေတ္တ ထိန်းသိမ်းထားတယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုသွားတဲ့အပေါ် ဘယ်လိုအမြင် ရှိပါသလဲ။

ဦးအောင်ကျော်မိုး ။ ။ ကျေးဇူးတင်ပါတယ်။ စစ်ကောင်စီရဲ့ အဓိကခေါင်းဆောင်ကတော့ မင်းအောင် လှိုင် ပေါ့။ သူ့ပါးစပ်က ထွက်တဲ့စကားတိုင်းလိုလိုက သူပြောချင်သလို ပြောနေတာ၊ day one ပထမဦးဆုံး အာဏာသိမ်းဖို့ ကြိုးစားတဲ့ရက်ကစပြီးတော့ သူပြောတဲ့စကားတွေပေါ်မှာ တာဝန်ခံမှု တာဝန်ယူမှု သူကိုယ်တိုင်လည်း မရှိသလို၊ သူစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းမှာလည်း တာဝန်ခံမှု တာဝန်ယူမှု မရှိဘူး။ အဲဒီတော့ သူ့စကားကို ကျနော်တို့က အရေးပါ နားထဲမှာထည့်ထားမယ်ဆိုရင် ကျနော်တို့ပဲ အချိန်ကုန် လူပင်ပန်းဖို့ပဲ ရှိတယ်။ အဓိက နိုင်ငံရေးထွက်ပေါက်ရှာတာ။ နိုင်ငံရေးထွက်ပေါက်က သူတွက်ချက်ထားခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ သူကြုံတွေ့နေရတဲ့ နိုင်ငံရေးအခင်းအကျင်းက တခြားစီဖြစ်နေတယ်။ အာဏာသိမ်းဖို့ ကြိုးစားခဲ့စဉ်တုန်းက နိုင်ငံရေးတွက်ချက်မှုက အခုလိုအခင်းအကျင်းမျိုး ပြည်သူလူထုရဲ့ စုပေါင်းတန်ပြန်တွန်းလှန်မှု၊ အမြစ်ပြတ်ချေမှုန်းဖို့ကို ပေါ်လာမယ်လို့ သူမျှော်လင့်ထားခဲ့မှာ မဟုတ်ဘူး။ အဲဒီတော့ သူ့ရဲ့လက်ရှိ အခြေအနေက တွက်ခြေနဲ့ နှမ်းထွက် မကိုက်တာပေါ့။ အခုအခြေ အနေမျိုးမှာ သူ့အနေနဲ့ ဇာတ်ကြောင်းတွေ ဖန်တီးရတာတွေ ရှိတယ်။ အဲဒီတော့ နိုင်ငံတကာကို ဒီလို Narrative တွေပြောရင် လက်ခံကောင်း လက်ခံလိမ့်မယ်။ သူတို့နဲ့ အဆင်ပြေတဲ့ နိုင်ငံတွေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ပြီး ဆောင်ရွက်နေတဲ့ အစိုးရကို နိုင်ငံရေးရေချိန်မြင့်နေတဲ့ ပြည်သူတွေကို ဒီလိုလိမ်ညာတဲ့ စကားတွေ၊ မှားယွင်းတဲ့ သတင်းစကားတွေ၊ မဟုတ်မမှန် သတင်းအချက်အ လက် တွေနဲ့ စစ်ကောင်စီက လုပ်နေကြဆိုတာကို သိနေတဲ့အတွက်ကြောင့် ဒါတွေကို လူတွေက ယုံကြည်ကြမှာ မဟုတ်ဘူး။ ပြီးတော့ မှန်လည်းမှန်တာ မဟုတ်ဘူး။

မေး ။ ။ စစ်ကောင်စီရဲ့ ထွက်ပေါက်လမ်းကြောင်းတခုအနေနဲ့ စစ်ကောင်စီက အများက သုံးသပ်ပြော ဆိုနေကြတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းမှာလည်း ပြောသွားခဲ့ပါတယ် ရွေးကောက်ပွဲကျင်းပမယ်။ ဒီနှစ်အတွင်းသူတို့ မဲစာရင်းကောက်တာတွေ မှန်မှန်ကန်ကန် အပြီးဆောင်ရွက်မယ်။ ရွေးကောက်ပွဲတော့ ဘယ်အချိန်ကျင်းပမလဲတော့ မသိသေးဘူးပေါ့။ ဒါပေမဲ့ ဒီရွေးကောက်ပွဲ ကျင်းပဖို့အတွက်ကို ပြည်သူတွေနဲ့ စစ်တပ်ကြားက စည်းလုံးညီညွတ်ဖို့ဆိုတဲ့ ကိစ္စလည်း သူပြောသွားပါတယ်။ အဲ့ဒါကလဲ တကယ်ဖြစ်နိုင်မဖြစ်နိုင် ဘယ်လိုသုံးသပ်လဲရှင့်။

ဖြေ ။ ။ အဲ့ဒီ ရွေးကောက်ပွဲဆိုတာကလည်း လုပ်ကြံရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲ အတုအယောင်ပေါ့။ သူတို့ကြိုးစားခဲ့တာ အာဏာစသိမ်းဖို့ ကြိုးစားထဲက တစိုက်မတ်မတ် ပြောလာတဲ့ဟာမှာလည်း ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အနေနဲ့ တွက်ချက်ထားခဲ့တာ ရှိတယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်ထိ သူတို့ပြင်ဆင်ဖို့ မပြောနဲ့ ဘာမှတောင် မလုပ်နိုင်သေးဘူးဆိုတဲ့စာက နံပါတ်တစ်၊ နံပါတ်နှစ်အနေနဲ့က ကျနော်တို့ဆီမှာ (၂၀၂၀)တုန်းက ထင်သာမြင်သာရှိပြီးတော့ အပြီးသတ်အနိုင်ရထားတဲ့ လွှတ်တော် အမတ်တွေ ပြည်သူလူထုက Mandate ထားတဲ့ လွှတ်တော်အမတ်တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ လွှတ်တော်ရှိတယ်။ ဒါပေမယ့် ဒါကို လက်နက်အားကိုးနဲ့ သူတို့က ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ Mandate ရထားပြီးသား လွှတ်တော်ရှိနေတဲ့ အတွက်ကြောင့် သူတို့က အဲ့ဒီသက်တမ်းအတွင်းမှာ နောက်ထပ်ရွေးကောက်ပွဲ ထပ်ကျင်းပစရာ အကြောင်းလည်း မရှိဘူး။ ပြည်သူလူထုကလည်း လက်မခံဘူး။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ဒါကို လက်မခံဘူး။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကလည်း ဒါကို လက်မခံတဲ့အတွက်ကြောင့် စစ်ကောင်စီရဲ့ အခုပြောစကားတွေက လက်ရှိရေချိန်မြင့်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဝန်ဆံ့နိုင်ဖို့မရှိဘူး။

မေး ။ ။ အမေရိကန်အစိုးရအတွက် လွှတ်တော်က ချမှတ်လိုက်တဲ့ Budget ထဲမှာ မြန်မာအတွက် Budget ငွေ (၁၂၁) ထက် မနည်းစေရဆိုတာလည်း ပါဝင်တယ်လေ။ အဲ့ဒီတော့ ရိုဟင်ဂျာ အကျပ်အတည်းအတွက် အမေရိကန်ဘက်က ကူညီဆောင်ရွက်နေတဲ့ အနေအထားတွေကိုကော ဘယ်လိုမြင်လဲရှင့်။

ဖြေ ။ ။ ရိုဟင်ဂျာတွေအပေါ်မှာ ဖြစ်သွားတဲ့ လုပ်ခဲ့တဲ့ကိစ္စကို လူမျိုးတုန်း သတ်ဖြတ်သတ်ဖြတ်မှု အဖြစ်သတ်မှတ်တဲ့ အမေရိကန်သမိုင်းမှာ (၈) ကြိမ်မြောက် ဖြစ်တယ်။ သတ်မှတ်တဲ့အခါမှာ ရိုဟင်ဂျာကိစ္စလည်း ပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုမှာ။ လူမျိုးစုတစုပေါ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှု့တွေကို ဒီလူမျိူးတုန်း သတ်ဖြတ်မှုလို့ သတ်မှတ်ပြီးနောက်ပိုင်းမှာ အစိုးရတရပ်မှာ ခံယူရမယ့်တာဝန်တွေ ရှိလာတယ်။ သိက္ခာ၊ သီလပိုင်းဆိုင်ရာ တာဝန်ရယ်၊ ဥပဒေပိုင်းဆိုင်ရာ တာဝန်ရယ်။ သတ်မှတ်ပြီးရုံနဲ့ မပြီးဘူး။ အဲ့ဒီ့အတွက် အမေရိကလည်း တခြားနိုင်ငံဒေသတွေမှာ အဲ့လိုလူမျိုးတုန်း သတ်ဖြတ်မှု မြောက်တယ်ဆိုပြီးတော့မှ သူကိုယ်တိုင် လုပ်ခဲ့တဲ့ဟာတွေ ရှိတယ်။ တဘက်မှာလည်းပဲ ဒီလိုသတ်မှတ်ခဲ့တာ ၂ နှစ်ကျော်ပြီပေါ့။ ၂ နှစ်ကျော်ကာလအတွင်းမှာ ဒီလို အဖွဲ့အစည်းတွေကိုလည်း ပံ့ပိုးကူညီမှုတွေအများကြီး လုပ်ခဲ့တာရှိတယ်။ ဒါ့အပြင် အခု ဘင်္ဂလား‌ဒေ့ ဒုက္ခသည်စခန်းမှာလည်းပဲ လူသားချင်းညှာတာထောက်ထားမှု အကူအညီနဲ့ ပတ်သက်ပြီးတော့ US က ဒီနေ့ ဒီအချိန်ထိ အကြီးဆုံး Donor ဖြစ်တယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ သူတို့ပေးတဲ့ပမာဏက ဒီနေရာမှာ ကျနော်ပြောချင်တာက ဘာလဲဆိုရင် လူမျိုးတုန်းသတ်ဖြတ်မှု့ရဲ့နောက်မှာ လုပ်ရမယ့် လုပ်ငန်းစဥ်တွေက အများကြီးရှိတာကြောင့် ကျနော်တို့ ချက်ချင်းရေတွင်းတူးပြီးတော့ ရေကြည်တော့ သောက်လို့မရဘူး။ အမေရိကန်ကလည်း နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ကမ္ဘာတလွှားမှာ သူဦးစားပေး ကိုင်တွယ်နေရတဲ့ သူ့ရဲ့ Interests တွေလည်း ရှိတဲ့အခါကျတော့ ရိုဟင်ဂျာအရေးမှာ အခုလိုတွေ လုပ်ပေးတယ်ဆိုတာကလည်း မြန်မာ့အရေးမှာ အရင်းမြစ်တွေ ချပေးတယ်ဆိုတာကလည်း သူတို့ရဲ့ဦးစားပေး အဆင့်အနေအထားမှာ ရှိနေတယ်ဆိုတာကို ကျနော်တို့ကို တနည်းတဖုံ ပြသရာရတယ်။

ဒါကိုကျနော်တို့က တွန်းနေဖို့လိုတယ်။ ဒီ့ထက်ပိုပြီးတော့ ထိထိရောက်ရောက် လိုအပ်တဲ့နေရာတွေဆီ လိုအပ်တဲ့လူတွေဆီ ဒီအကူအညီတွေ အပြည့်အဝရောက်ဖို့အတွက် လူသားချင်းစာနာထောက်ထားမှုအဖြစ် လူသားချင်းစာနာထောက်ထားမှု မဟုတ်ဘဲ၊ တခြားဥပဒေဘက်က အထောက်အကူပြုတဲ့အကူ အညီတွေ နောက်ပြီးနည်းပညာပိုင်းဆိုင်ရာ အကူအညီတွေဆိုရင်လည်း ကျနော်တို့ တကယ်လိုအပ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ PDFတွေ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေရိပ်တွေ အဖွဲ့အစည်းတွေကို ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု ကျနော်တို့ ဒီဟာမြှင့်တင်ဖို့အတွက်လည်း စဥ်ဆက်မပြတ် တောင်းဆိုလာတာတွေ ရှိတယ်။ အခုလိုသူတို့ ပြန်ချပေးလိုက်တဲ့ဟာကတော့ အဓိကကတော့ အရပ်ဖွဲ့အဖွဲ့အစည်းတွေကနေတဆင့် သွားတာတွေ NUGကနေ တိုက်ရိုက်သွားတာတွေဆိုတော့ ပိုပြီးထိရောက်မှု ရှိတယ်။

အရပ်ဖွဲ့အဖွဲ့အစည်းတွေဆိုတာက နဂိုတုန်းက သူတို့ကူညီပေးတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကနေ တဆင့် သွားတာများတယ်။ ဒါမှမဟုတ်ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ကျနော်တို့အမြဲတမ်းလိုလို သူတို့နဲ့ ထိတွေ့ဆက်ဆံဖို့လုပ်တိုင်း တခြားနေရာတွေမှာ သူတို့အရင်းအမြစ်တွေ ချပေးတဲ့ ပုံစံနဲ့ မြန်မာနိုင်ငံမှာ ချပေးတဲ့ ပုံစံက ခြားနားဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့ ဒီနိုင်ငံရေးအခြေအနေ အတိမ်အ နက် က ရှုပ်ထွေးလွန်းအားကြီးတာကြောင့် စစ်ကောင်စီအနေနဲ့ တဘက်က လက်လှန်းမမှီအောင် လုပ်ထားရတဲ့ အခြေအနေတွေ ရှိတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေကို စောင်းပေးပြီး ကျနော်တို့ ကူညီပေးတယ်ဆိုရင် ကျနော်တို့ အခုလျှောက်နေတဲ့ နိုင်ငံရေးခရီးကပိုပြီး မြန်ဆန်နိုင်တယ်ဆိုတာကို ကျနော်တို့ စဥ်ဆက်မပြတ် သူတို့ကို ပြောလေ့ရှိတယ်။

မေး ။ ။ ရိုဟင်ဂျာတွေ အခုရင်ဆိုင်နေရတဲ့အခြေအနေ အဲ့ဒီအနေအထားမှာဆိုရင် ရခိုင်ပြည်နယ်မှာ အခု ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေရဲ့ အရှိန်က တော်တော်လေးမြင့်မားလာပြီ။ နယ်မြေတွေက သိမ်းပိုက်နိုင်တဲ့ အနေအထားတွေ စစ်ရေးအရ နည်းဗျူဟာအနေအထားတွေ ဒီဒေသကြီးတွေ မြို့ကြီးတွေကိုလည်း သိမ်းပိုက်လာနိုင်တဲ့ အနေအထားမှာ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့အပိုင်း စစ်ကောင်စီရဲ့ ဖိအားပေးမှု စေခိုင်းတဲ့အတွက် ရိုဟင်ဂျာတွေဟာ AA ရခိုင့်တပ် တော်ကို ဆန့်ကျင်ဆန္ဒပြဖို့တွေကို ပြီးခဲ့တဲ့အပတ်အတွင်းက လုပ်ကိုင်ခဲ့တာတွေ တွေ့ရတယ်။ ဒီအပေါ်မှာ AA က ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ဆိုတော့ ဒီနေရာမှာ တခုက အဲ့ဒီ့ အသိုင်းဝိုင်း ၂ ခုကြားမှာ အတူယှဥ်တွဲနေထိုင်ရေး အဲ့ဒီမှာ အဓိကက အရေးပါတဲ့နေရာမှာ အထူးသဖြင့် အခေါ်အဝေါ် ကိစ္စတို့ ပေါ်မှာ သဘောထားတွေက အမျိုးမျိုးကွဲနေတဲ့အခါကြတော့ ဦးအောင်ကျော်မိုးရဲ့အမြင် ဘယ်လိုရှိလဲရှင့်။

ဖြေ ။ ။ နှစ်ချက်ပေါ့။ ပထမအချက်ကတော့ ကျနော်က အစိုးရအဖွဲ့ဝင် တဦးလည်း ဖြစ်တယ်။ ရိုဟင်ဂျာတယောက်လည်း ဖြစ်တယ်။ ကျနော်တို့က လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အခွင့်အရေးတွေ၊ လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်တွေ၊ ကျနော်တို့ရဲ့ စုပေါင်းရပိုင်ခွင့်တွေက ဘာနဲ့သွားပြီး သက် ဆိုင်နေလဲဆိုတော့ ဝိသေသလက္ခဏနဲ့ အခြေအနေနဲ့ သွားပြီသက်ဆိုင်တယ်။ ဝိသေသလက္ခဏ အ ခြေခံတဲ့ နိုင်ငံရေးရပ်ဝန်း၊ နိုင်ငံရေး ဖြစ်နေတာပေါ့။ ဒီနေရာမှာ မင်းတို့ကိုတော့ ငါတို့ တန်းတူရည်တူ အခွင့်အရေးပေးမယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ဝိသေသလက္ခဏ၊ မင်းတို့ကို ခေါ်စေချင်တဲ့ ဝိသေသလက္ခဏကိုတော့ ငါတို့ မခေါ်နိုင်ဘူးလို့ပြောရင် အရှေ့က တန်းတူညီမျှမှု ဆက်ဆံပေးမယ်ဆိုတဲ့ ဟာကြီးရဲ့ တန်း ဖိုးက ဘာမှမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ အရှေ့ကပြောသွားတဲ့ စကားရဲ့ Validity က အ နောက်ကပြောတဲ့စကားက ထပ်ဆင့်လုပ်ပေးတာ။ အဲဒီအတွက် ကျနော်တို့က ဝိသေသလက္ခဏမှာ ရိုဟင်ဂျာတွေ ရှိခြင်း၊ မရှိခြင်းဆိုတဲ့ဟာက ဒီသမိုင်းကို ပြန်ကြည့်ရင် ရိုဟင်ဂျာတွေ ရှိခဲ့တယ်ဆိုတာလည်း ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါပေမဲ့ ပေါ်လာခြင်းရဲ့ အချိန်ကာလအပိုင်းအခြားကတော့ ဘယ်သူကတော့ စောပြီးပေါ်လာလဲ။ ဘယ်သူကတော့ နောက်မှပေါ်လာလဲဆိုတဲ့ဟာက ကျနော်တို့ ငြင်းခုန်နေရရင် သမိုင်း ရေးခဲ့တဲ့လူတွေကလည်း ဓမ္မဘက်ကပဲ ရပ်တည်ရေးနေခဲ့တာ မဟုတ်ဘူး။ သမိုင်းက ကျနော်တို့ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ် ဖန်တီးနိုင်ဖို့အတွက် အထောက်အကူပြုဖို့ ရှိနေတာ ဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့က ဝိသေသလက္ခဏ ရိုဟင်ဂျာတွေရဲ့ ယဉ်ကျေးမှု အမွေးအနစ်၊ ဘာသာစကား ဒါတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် တန်းတူရည်တူ အခွင့်ရေးကို အာမခံပေးနိုင်တဲ့ အခြေအနေဖြစ်ဖို့အတွက် ရိုဟင်ဂျာဆိုတဲ့ နာမည်အခေါ် အဝေါ်တတ်တာက ပိုကျယ်ပြန့်တယ်ဆိုတာကို ဒီနေရာမှာ ကျနော် မီးမှောင်ထိုးပြလိုချင်တယ်။ အဲဒီတော့ အဲဒီအတွက်လည်း ရိုဟင်ဂျာတွေက ငါတို့ ရိုဟင်ဂျာဆိုတာကို ဆက်တိုက်ဆိုသလို ပြောနေရတဲ့ဟာက မြန်မာ့နိုင်ငံရေးအခင်းအကျင်းက နိုင်ငံသားကို အခြေခံတဲ့ နိုင်ငံရေးအခင်းအကျင်း မဟုတ်ဘူး။

အဲဒီအတွက် ကျနော်တို့က နိုင်ငံရေးစိတ်ဆန္ဒတွေကို ကိုင်တွယ်တဲ့နေရာမှာ မှန်ကန်ဖို့လိုတယ်။ ကိုယ်တွေကတော့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းမယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးမယ်။ ဒါပေမဲ့ မင်းတို့တော့ ကိုယ့်ကံကြမ္မာ ဖန်တီးခွင့် မရှိဘူး။ ငါတို့ ပြောသလို နေရမယ်ဆိုတဲ့ဟာသည် လူမျိုးကြီးဝါဒကို တိုက်ဖျက်ရင်နဲ့ ကိုယ်ကိုယ်တိုင် ထပ်ဆင့်လူမျိုးကြီးဝါဒကို ပြန်လည်ထွန်းကားလာအောင် လုပ်တာနဲ့အတူတူပဲဆိုတာကို သိဖို့လိုတယ်။ ဆိုတော့ ဒါကတော့ တစ်ခု။ နောက်တစ်ခုကတော့ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ခဲ့တယ်။ ဒီလိုစစ်ကောင်စီက အကွက်ကျကျ လုပ်တဲ့နေရာမှာ အခုလိုစကားတွေ ပြောရခြင်းက ပြန်လည်ပြောကြေးဆိုရင် ဘုံရန်သူက ဘာဖြစ်သွားမလဲဆိုတဲ့အခါကြတော့ သူ လိုချင်တဲ့ အခင်းအကျင်းကို ကျနော်တို့ကသွားပြီး ကူညီထောက်ပံ့ပေးရာရောက်မယ်။ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတွေအားလုံးရဲ့ ဘုံအကျိုးစီးပွား၊ ရခိုင်တွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုခြင်းအားဖြင့် စစ်ကောင်စီ တဘက်ကလည်း အမြစ်ပြတ်ချေမှုန်းရေးမှာ ရခိုင်မြေကနေ မြန်မာမြေပေါ်ကနေ စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက်လည်း အထောက်အကူပြုသလို၊ ကျနော်တို့အားလုံးရဲ့ ဘုံအကျိုးစီးပွားကိုလည်း တည့်မတ်ပေးမယ့်အရာ ဖြစ်တဲ့အတွက်ကြောင့်မို့ စိတ်ခံစားချက်တွေကို ရှေ့ တန်းမတင်ဘဲနဲ့ အဓိက ဓမ္မဘက်က ရပ်တည်ပြီးတော့ ကိုယ့်ကျင့်သီလပိုင်ဆိုင်ရာ တာဝန်ကျေပြွန်မှု၊ အဲဒီဟာတွေပေါ် ရပ်တည်ပြီးတော့ ကျနော်တို့က တုံ့ပြန်ဆောင်ရွက်သွားရင်တော့ စစ်ကောင်စီက ကျနော်တို့ကို အသုံးချနိုင်မယ်လို့ မမျှော်လင့်ပါဘူး။

မေး ။ ။ NUG အစိုးရအနေနဲ့ ပထမဦးဆုံး ခန့်အပ်တဲ့ ရိုဟင်ဂျာဝန်ကြီးတဦးအနေနဲ့ နောက်ပြီးတော့လည်း လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးအနေနဲ့ တာဝန်ယူထားတဲ့အခါကြတော့ ရိုဟင်ဂျာပြည်သူတွေဘက်က NUG ပေါ် သဘောထားက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အရင်တုန်းကတော့ Reservation ရှိတာပေါ့။ လက်ခံဖို့အပိုင်းမှာ။ အရင်တုန်းကလည်းခေတ် အဆက်ဆက် ရိုဟင်ဂျာတွေကို နိုင်ငံရေးအရ စစ်တပ်က အသုံးချခဲ့တာ ရှိတယ်။ အစိုးရလုပ်တဲ့လူတွေကလည်း အသုံးချခဲ့တာ ရှိတယ်။ ဦးနုခေတ်ကစပြီးတော့။ အခုအခြေအနေမှာလည်း ကျနော်တို့ကို အ သုံးချမလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရိုဟင်ဂျာတွေမှာ ရှိခဲ့တယ်။ သို့သော် ကျနော်တို့သည် ဒီသမိုင်းမဖြစ်သေးတဲ့ သမိုင်းမှာ ကျနော်တို့က ဘေးထွက်ပရိသတ်အနေနဲ့ ရှိမနေချင်ဘူး။ ကျနော်တို့လည်း နိုင်ငံတည်ဆောက်ရေးမှာ တစိုက်မတ်မတ် ပါဝင်ခဲ့တယ်။

အခုလို အရေးကြီးတဲ့အချိန်မှာလည်း နိုင်ငံသားတယောက်အနေနဲ့ ကျေပြွန်ရမယ့် တာဝန်ကို ကျနော်တို့က ကျေပြွန်စွာထမ်းဆောင်ရမယ်။ အခွင့်ရေးကြီးပဲ တောင်းဆိုနေတာ မဟုတ်ဘူး။ ခက်ခဲမှုတွေကြားက ကျနော်တို့ကလည်း ပေးဆပ်နေတယ်ဆိုတဲ့ဟာက ကျနော်တို့ ရိုဟင်ဂျာတွေဘက်က နားလည်လာတယ်။ နောက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရထဲမှာပါတဲ့ သမ္မတကြီးကအစ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေရဲ့ စုပေါင်းနိုင်ငံရေး စိတ်ဆန္ဒက ရိုဟင်ဂျာအရေးမှာ နိုင်ငံတကာနဲ့ယှဉ်ရင် မလျော့ဘူးဆိုတာကို ကျနော်တို့က ကျနော် ရိုဟင်ဂျာတယောက်အနေနဲ့ သိထားတယ်။ အစိုးရ အဖွဲ့ဝင်တယောက်ထက် သိထားတယ်။ ဆိုတဲ့အခါကြတော့ ဒီလူတွေနဲ့ ကျနော် ထိတွေ့ဆက်ဆံမှုတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက လုပ်တဲ့အခါကြတော့ အခုကတော့ အစိုးရအဖွဲ့ဝင်တယောက်အနေနဲ့။ သူတို့ရဲ့ စိတ်ဆန္ဒ မှန်ကန်တယ်ဆိုတာကို ကျနော်က သိတယ်။ မှန်ကန်တဲ့နေရာမှာ အကန့် အသတ်တွေကတော့ စိန်ခေါ်မှုတွေ ရှိတယ်။ အဲဒီတော့ ဒီနေရာမှာ ရိုဟင်ဂျာတွေကို အာမခံချက်ရှိတဲ့ အခင်းအကျင်းတခု ဖန်တီးပေးနေတဲ့ နေရာမှာ ရိုဟင်ဂျာတွေကပါဖို့က ဒီဘက်ကလည်း စံတန်းဖိုးအခြေခံတဲ့ ခြေလှမ်းမျိုးတွေ ဖြစ်ဖို့လည်းလိုတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */